အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်မှုကြောင့် မေလ ၁၅ ရက်နေ့အထိ ကလေးသူငယ် ၇၃ ဦး သေဆုံးခဲ့ပြီး ဆက်လက်၍လည်း ပစ်ခတ်သတ်ဖြတ်ခံနေရဆဲ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့ အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၅ ရက်မှ မေလ ၁၅ ရက်နေ့အထိ ၃ လတာကာလအတွင်း ယောက်ျားလေး ၆၃ ဦး၊ မိန်းကလေး ၉ ဦး သေဆုံးခဲ့ပြီး မေလ ၁၅ ရက်နေ့ နောက်ပိုင်း တမြို့လုံး ချေမှုန်းတိုက်ခိုက်ခံရသည့် မင်းတပ်၊ ကနီ၊ ဒီးမော့ဆို ဒေသများမှ သေ ဆုံးစာရင်းများ မထည့်သွင်းရသေးကြောင်း ဖော်ပြထားသည်။
ယင်းကလေးသူငယ်များမှာ လမ်းပေါ်တွင် ဆန္ဒပြသည့် လူအုပ်ကြား၌ ပါဝင်သဖြင့် ပစ်ခတ်သတ်ဖြတ် ခံရခြင်းသာမက နေ အိမ်တွင်ပင် ကလေးမှန်းသိလျက်နှင့် ပစ်ခတ်သတ်ဖြတ်ခံရခြင်း၊ လမ်းမများပေါ်တွင် ဆော့ကစားနေစဉ် မဆင်မခြင် ပစ် ခတ်မှုများကြောင့် သေဆုံးခဲ့ရခြင်းများလည်း ဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း က “ကလေးသူငယ်တွေကို စစ်ပွဲတွေမှာတောင် မသတ်ဖြတ် ရဘူး။ ဆီးရီးယားတို့မှာလည်း သေပါတယ်။ ဒါပေမယ့် ဒီကာလတခုက စစ်ပွဲမဟုတ်ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူကို လက် နက်အားကိုးနဲ့ ချေမှုန်းတဲ့ကိစ္စ။ ဒါက အချင်းချင်း အပြန်အလှန်ပစ်ခတ်လို့၊ လက်နက်ကြီးတွေ ပစ်လို့ဆိုတဲ့ အဆင့်တောင် မရောက်သေးဘူး။ သွေးအေးအေးနဲ့ မြို့ပြပေါ်မှာ နေ့ခင်းကြောင်တောင် သတ်ဖြတ်မှုတွေ။ သွေးအေးအေးနဲ့ သတ်ဖြတ် မှုတွေဆိုတာ ပိုပြီး ထင်ရှားပါတယ်” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အဆိုပါ သေဆုံးစာရင်း မှတ်တမ်းများကို ထွက်ပေါ်လာသည့် သတင်းများ မှ ကောက်ယူထားခြင်း မဟုတ်ဘဲ သေဆုံးသူများရှိသည့် အရပ်ဒေသအသီးသီးမှ ဒေသခံများ၊ ပြည်သူလူထုများနှင့် ချိတ် ဆက် အတည်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းပြုစု ထုတ်ပြန်ထားသည့် သေဆုံးသူများ အနက် ကလေးသူငယ် ၅၁ ဦး ပါဝင်သည်ဟု ဖော်ပြထားကာ ယင်းအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးသူကလေးငယ်များမှာ ပိုများနေနိုင်သေးသည်ဟု ဆိုထားသည်။
NUG နှင့် AAPP တို့ ထုတ်ပြန်မှုများအရ သေဆုံးသူအများစုမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူပေါင်းသိန်းချီ ဆန္ဒပြခဲ့ကြ သည့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက ကလေးသူငယ်များကိုပါ သတ်ဖြတ်နေခြင်းသည် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းပြီးဖြစ်သည့် ကလေးသူ ငယ် ဥပဒေများကို သာမက နိုင်ငံတကာက သဘောတူညီထားပြီးဖြစ်သည့် ကလေးသူငယ် အခွင့်အရေးသဘောတူစာချုပ် CRC ကိုပါ အတိအလင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။
စစ်ကောင်စီ အနေဖြင့် အလွန်ဆိုးရွားသည့် ရာဇဝတ်မှုနှင့် လူသတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကလေးသူငယ်ဆိုင်ရာ အထူးစုံစမ်းရေးအရာရှိ စသည်တို့ အပါအဝင် နိုင်ငံတကာ စာချုပ် များကို လေးစားလိုက်နာရန်အတွက် ဖွဲ့စည်းထားသည့် ကော်မတီများထံ တိုင်ကြားသွားမည်ဟုလည်း လူ့အခွင့်အရေးဆိုင် ရာ ဝန်ကြီးဌာနမှ သိရသည်။
ဦးအောင်မျိုးမင်းက “အခုကာလအတွင်းမှာ အမှန်တရားကို ဖော်ဆောင်ပြီး တရားဥပဒေအတိုင်း လုပ်ဆောင်ဖို့ အခက်အ ခဲတွေ ရှိတယ်။ ဒါပေမယ့် အခုဖြစ်နေတာတွေ အားလုံးက သက်သေပါ” ဟု ပြောဆိုသည်။
လက်ရှိ အချိန်အထိ စစ်ကောင်စီက အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖိနှိပ်ဖြိုခွင်းခြင်း၊ လူနေရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်ခြင်း၊ အရပ်သား ပြည်သူများ နေထိုင်သည့် နေရာများသို့ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ပစ်ခတ်ဗုံးကြဲ ခြင်းတို့ကြောင့် မေလ ၂၆ ရက်အထိ သေဆုံးသူ ၈၂၈ ဦး ရှိပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
အရပ်ဖက် အဖွဲ့အစည်းက ထုတ်ပြန်သည့် သေဆုံးစာရင်းနှင့် ပတ်သက်၍ ကိန်းဂဏန်း အမှားများ ဖော်ပြထားခြင်းသာဖြစ် ပြီး အရေအတွက်များမှာ အဆမတန် ဖောင်းပွနေကြောင်းနှင့် ၎င်းတို့အနေဖြင့် မှတ်တမ်းပြုစုထားကြောင်း စစ်ကောင်စီက တုန့်ပြန်ပြောဆိုဖူးသည်။
အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးအောင်မျိုးမင်းက “ကျူးလွန်တဲ့သူကတော့ ဘယ်တော့မှ အမှန်တိုင်း မပြောဘူး။ ပထ မဦးဆုံး တတ်နိုင်ရင် သူတို့ မှားတယ်လို့ ပြောမယ်။ ငြင်းလို့မရရင်တော့ မခိုင်လုံဘူး ပြောမယ်။ မခိုင်လုံဘူး ပြောပါများရင် ဒါတွေက ချဲ့ကားထားတာလို့ ပြောပါလိမ့်မယ်။ ဒါက အမြဲတမ်း လူ့အခွင့်အရေးချိုးဖောက်တဲ့ အာဏာရှင်တွေ လုပ်နေကြ ကိစ္စဖြစ်ပါတယ်” ဟု ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ဆုံးဖြတ်ချက် ၁၆၁၂ တွင် ကလေးသူငယ်များအပေါ် လက်နက်ကိုင်တပ်ဖွဲ့များက ဖြစ်စေ၊ လက်နက်ကိုင်အုပ်စုများကဖြစ်စေ ပဋိပက္ခတွင် ပါဝင်သော အဖွဲ့အစည်းများက ကြီးလေးသော ချိုးဖောက်များ ကျူး လွန်ကြောင်း သက်သေ အထောက်အထားရှိသည့် နိုင်ငံများတွင် ကုလသမဂ္ဂ ဦးဆောင်သည့် CTFMR ကို ထူထောင်ရန် တာဝန်ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေး အထူးတာဝန်အဖွဲ့ (CTFMR) ကို မြန်မာ နိုင်ငံတွင် ၂၀၀၇ ကတည်းကတည်ထောင်ထားပြီး ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာ ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများ ပါဝင်သည်။
အဆိုပါ အဖွဲ့အစည်းသည် ကလေးသူငယ်များအပေါ် ကြီးလေးသည့် ချိုးဖောက်မှုများကို စောင့်ကြည့်ခြင်း၊ မှတ်တမ်း တင်ခြင်းနှင့် ကုလသမဂ္ဂသို့ အစီရင်ခံခြင်းများ ပြုလုပ်သည့် ယန္တရားကို တည်ထောင်ရန် တာဝန်ရှိကြောင်း သိရသည်။
ကလေးသူငယ်များကို ညှဉ်းပန်းနှိပ်စက်ခြင်း (သို့) သတ်ဖြတ်ခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများတွင် တပ်သားအဖြစ် စုဆောင်းခြင်း၊ ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်း၊ အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်း၊ ကလေးသူငယ်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ မရရှိအောင် တားဆီးခြင်းတို့သည် ကြီးလေးသော ချိုးဖောက်မှုများ ဖြစ်သည်ဟုလည်း သတ်မှတ်ထားသည်။
You may also like these stories:
စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ
ပြည်တွင်းစစ်နှင့် ပြောက်ကျားစစ်ဆင်ရေး
အလော့ဘွမ်ကြောင့် စစ်ရေး ပိုတင်းမာလာနိုင်တဲ့ မိုးမောက်ဒေသ
စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ