သတင်း

စစ်ကောင်စီတပ်များ၏ ခြိမ်းခြောက်ခြင်းခံရသည့် ကျေးဇူးတော်ရွာသားများ နေရပ်မပြန်ရဲသေး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကျေးဇူးတော် ရွာသို့ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF)ကို ရှာဖွေရန် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်များ ရောက်လာသဖြင့် ရွာသားများ တိမ်းရှောင်နေရာ ယနေ့တိုင် နေရပ်မပြန်ရဲသေးကြောင်း သိရသည်။

ကျေးဇူးတော်ရွာသည် ထားဝယ်မြို့မှ ၃၃ မိုင်ခန့် ကွာဝေးပြီး ထားဝယ်-ရေဖြူ ကားလမ်းဘေးရှိ ကရင်တိုင်းရင်းသား အများစု နေထိုင်ရာ ရွာတရွာဖြစ်ကာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ၏ ထိန်းချုပ်မှု ဧရိယာ အောက်တွင် ရှိသည်။

ဩဂုတ် ၂၆ ရက်က စစ်သား ၃၀ခန့် ရောက်လာရာ KNU က ရွာအတွင်း အဝင်မခံဘဲရှိရာမှ နောက်ပိုင်း ညှိနှိုင်းပြီး တရက်တာ စစ်ဆေးခွင့်ပြုခဲ့ကြောင်း၊ သို့သော် ၃ရက်ခန့်နေထိုင်သွားပြီး ရွာသူရွာသားများအား သတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သောကြောင့် ဒေသခံများမှာ ကြောက်လန့်၍ ထွက်ပြေးသွားကြောင်း သိရသည်။

“အိမ်ထောင်စု ၅၀ လောက်၊ တရွာလုံးနီးပါး ပြေးရတယ်လို့ ကြားတယ်။ တချို့တလေလည်း ကျန် ခဲ့တာတော့ ရှိပါတယ်။ သူတို့က ကျန်ခဲ့တဲ့လူတွေကို ပြေးသွားတဲ့သူတွေ သွားခေါ်၊ ပြန်မလာရင် ငါတို့ တောနင်းရှာတဲ့ အချိန် အကုန်လုံးကို ပစ်သတ်မယ်လို့ ပြောတယ်” အဆိုပါ ရွာအနီး နေထိုင်သည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ထွက်ပြေးသွားသည့် ကျေးဇူးတော်ရွာသားများမှာ စစ်ကောင်စီတပ်များ နောက်တကြိမ် ပြန်ရောက်လာမည် စိုးသဖြင့် ယနေ့တိုင် ရွာသို့ မပြန်ရဲသေးကြောင်းလည်း ၎င်းကဆိုသည်။

ထိုသို့ ဒေသခံများ နေရပ် မပြန်နိုင်သေးသည့် ကိစ္စနှင့်ပတ်သက်၍ KNU ဗဟိုမှ အရာရှိတဦးအား ဧရာဝတီက ဆက် သွယ်မေးမြန်းခဲ့ရာ ကျေးဇူးတော်ရွာသားများ ထွက်ပြေးရသည့်သတင်း ဗဟိုသို့ မရောက်လာသေးသဖြင့် မြေပြင် အခြေအနေကို မသိကြောင်း ပြောဆိုသည်။

KNU တပ်မဟာ (၄) ၏ ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဖလိုစိုးဝင်းကမူ စစ်ကောင်စီတပ်များနှင့် KNU တပ်ဖွဲ့များ နှစ်ဖက် တပ်ဆိုင်ထားသဖြင့် တိုက်ပွဲဖြစ်ပွားမည် စိုးရိမ်ကာ ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင်နေခြင်း ဖြစ် ကြောင်း၊ ဩဂုတ် ၂၉ ရက်မှ စတင်ကာ တိမ်းရှောင်နေသူအချို့ ရွာသို့ ပြန်လာနေပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် အခြေစိုက် KIC သတင်းဌာနသို့ ဖြေကြားထားသည်။

“ကျနော်ထင်တာက နောက်ဆိုရင်တော့ အများကြီး ပြန်ဝင်လာကြမှာပါ။ ဒေသခံတွေ ထဲမှာတော့ ဘာအခက်အခဲမှ ကြီးကြီးမားမား မရှိပါဘူး” ဟု ၎င်းက ပြောသည်။

You may also like these stories:

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော

Loading