တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင် ဒလန်သတင်းပေးမှုကြောင့် အကြားအာရုံချို့တဲ့သူတဦး အပါအဝင် ပြည်သူ ၃ ဦးအား PDF များနှင့် ဆက်သွယ်သည် ဆိုကာ စစ်ကောင်စီက စက်တင်ဘာ ၁၉ ရက်က ဖမ်းဆီးသွားကြောင်း ပလမြို့ ဒေသခံများထံမှ သိရသည်။
ပလမြို့ ဒေသခံတဦးက “ဆံပင်ညှပ်ဆိုင်က ကောင်လေးကို အရင်ဖမ်းတယ်။ ဒီကောင်လေးရဲ့ ဖုန်းကနေ သူ့ သူငယ်ချင်း ကို ခေါ်တယ်။ တဖက်လှည့်နဲ့ ခေါ်ပြီးတော့မှ စောင့်ဖမ်းတာပေါ့။ အမျိုးသမီးတယောက်ကိုကျတော့ သူ့အမျိုးသား PDF ထဲ ရောက်နေတယ်ဆိုပြီး သူ့ဘာသာ ဆန်ရောင်းနေတာကို PDF ထဲ ရိက္ခာပို့ ထောက်ပံ့ပေးတယ်ဆိုပြီးတော့ ဖမ်းသွားတာ။ ဒလန်တွေကတော့ စွပ်စွဲတာပေါ့” ဟု ပြောသည်။
ပထမဆုံး ဖမ်းဆီးခံရသည့် အသက် ၁၉ နှစ်အရွယ် ကိုဟိန်းရာဇာသည် ပလမြို့တွင် ဆံပင်ညှပ်ဆိုင်ဖွင့်လှစ်ထားပြီး အကြားအာရုံ အနည်းငယ် ချို့တဲ့နေကြောင်း အဆိုပါ ကိုဟိန်းရာဇာအား ပထမဦးဆုံး ဖမ်းဆီးပြီးနောက် ၎င်းမှတဆင့် ဖုန်းဆက်၍ တခြားသူများအား ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပစ်ခတ်တာတွေတော့ ရှိတယ်။ ရိုက်နှက်တာတော့ မကြားရဘူး။ ခြိမ်းခြောက်တယ်။ အိမ်ကိုမီးနဲ့ရှို့မယ်။ အထဲမှာ ရှိနေတဲ့ သူတွေကို မခေါ်ထုတ်ပေးရင်ပေါ့။ တရွာလုံးကို သောင်းကျန်းနေတာ။ ဒလန်ကလက်ညှိုးထိုးတဲ့ အိမ်မှန်သမျှ လိုက်ရှာတာ။ အင်အားက စစ်ကား ၅ စီး အရပ်ဝတ်တွေနဲ့လည်းပါတယ်။ ကင်းပုန်းဝပ်ထားတာတွေလည်း အများကြီးပဲ။ ပလ တမြို့လုံး ဓမ္မာရုံတွေမှာရော ကင်းတွေ ချထားပြီးတော့ တအိမ်တက်ဆင်းလိုက်ဖမ်းတာ” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့်ထဲမှ အသက် ၄၆ နှစ်အရွယ် ဒေါ်ကျင်စန်းဆိုသူမှာ ဆန်ဆိုင်ဖွင့်လှစ် ရောင်းချနေသူဖြစ်ပြီး ၎င်း အား ဆန်ရောင်းနေသည့်နေရာတွင် ဖမ်းဆီးပြီးနောက် နေအိမ်သို့ သွားရောက်မွှေနှောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ပလမြို့အတွင်းသို့ ဒလန်သတင်းပေး၏ လက်ညှိုးညွှန်ရာအရပ်ကို လိုက်လံရှာဖွေဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၅စီးဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ၃ ဦးအား ပုလောမြို့တွင် စစ်ကောင်စီတပ်ရင်း ၂၈၅ စစ်ကြောရေးသို့ ရောက်ရှိနေကြောင်း သိရသည်။
တနသာင်္ရီတိုင်း ပုလောမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီနှင့် ကရင်အမျိုး သားအစည်းအရုံး (KNU) တပ်မဟာ ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများမှာ ၎င်းတို့နေရပ်တွင် မနေရဲကြတော့ဘဲ ထွက်ပြေးနေရကြောင်း သိရသည်။
ဒေသခံတဦးက “ဒီဘက်မှာတော့ ရွာတွေ မြို့တွေက ပျက်သလိုတောင်ဖြစ်နေပြီ။ ဒီဘက်မှာ ဟိုတခါက တိုက်ပွဲဖြစ်တဲ့ ပိန္နဲတောင်ရွာတို့ ဘာတို့ဆိုရင် ရွာထဲမှာ လူမရှိတော့ဘူး။ ပြေးလွှားရှောင်ပုန်းပြီးတော့ စစ်ဘေးရှောင်အနေနဲ့ ရှောင်ပုန်း ပြီးပြေးနေရတာပေါ့။ အခု ပလမြို့နဲ့ နံဘေးနားရွာတွေဆိုရင်လည်း ကျီးလန့်စာစားဖြစ်နေတာပေါ့။ နေ့တ ထိတ်ထိတ် ညတထိတ်ထိတ်နဲ့ဖြစ်နေကြတယ်။ တချို့တွေဆို လွတ်မြောက်နယ်မြေထဲကို ရှောင်သွားရတဲ့သူတွေကို ရှိနေပြီ။ ဘယ်လောက်တောင် ရှိနေလဲဆိုရင်တော့ သောင်းဂဏန်းလောက်တောင်ရှိနေပြီ” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၇ လကျော် ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသူ ၁၁၀၉ ဦး ရှိလာပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၆၆၁၃ ဦးရှိကာ ဖမ်းဝရမ်း ထုတ်ခံထားရ၍ တိမ်းရှောင်နေရသူ ၁၉၈၄ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကိုင်းတွင် စစ်ကောင်စီက လက်နက်၊ လူအင်အားများ တိုးချဲ့ဖြည့်တင်း
မြင်သားရွာကို အကျည်းတန်ရုပ်ဆိုးစေခဲ့တဲ့ စက်တင်ဘာ မနက်ခင်း
မြိုင်တွင် အသက်မပြည့်သေးသူ အပါအဝင် ၃ ဦးကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်