စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျီကုန်းကျေးရွာတွင် ရဲတပ်ဖွဲ့ဝင် မိသားစုဝင်တချို့အသတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရွာကိုစီးနင်းပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ (စက်တင်ဘာလ ၂၂ ရက်) ညတွင် ကျီကုန်းကျေးရွာ၌ အပြန်အလှန် ပစ်ခတ်သံများကြားပြီးနောက် ရဲတပ်ဖွဲ့ဝင် ၏ မိသားစုလည်း ဖြစ်ပြီး ပျူစောထီးဟု သတ်မှတ်ခံထားရသူ ဦးရဲမြင့်၊ ဇနီးအပြင် သမီးနှင့် မြေးဖြစ်သူပါ အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုများ ဖြစ်ပြီးသည်နှင့် ဒေသခံအချို့ ထွက်ပြေး တိမ်းရှောင်ပြီး ယနေ့မနက်ပိုင်းတွင်လည်း ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် အဆိုပါ ဖြစ်စဉ်အသေးစိတ်နှင့် သေဆုံးသူ အရေအတွက် အတိအကျကိုမူ မသိရှိရသေး ကြောင်း ရွာခံတဦးက ဆိုသည်။
ထို့နောက် သေဆုံးသူ ဦးရဲမြင့်၏ သမီးဖြစ်သူ ရဲဝန်ထမ်းသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အတူ ရောက်ရှိလာပြီး အဆိုပါ ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံ တဦးက “ညက အဲဒီလို ဖြစ်ပြီးတော့ စစ်တပ်က ဒီမနက်လာပြီး ရွာကို မီးရှို့နေတာပဲ။ ညကဖြစ်တာကို အတိအကျ ဘယ်သူမှကို မသိလိုက်ဘူး။ သူ့သမီး ၃ ယောက်က ရဲဝန်ထမ်းတွေ သားမက်ကလည်း ရဲ သူ့သမီးရဲက ခေါ်လာတာ။ ညကတည်းက ပြေးတဲ့လူလည်း ပြေးပေါ့။ ဒီနေ့ မနက်ကျမှ ပြေးတဲ့လူလည်း ပြေးပေါ့။ ဦးရဲမြင့်တို့ မိသားစုက သေသလား ရှင်သလားကို အခုချိန်ထိတောင် ကျနော်တို့ မသိဘူး” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် မည်သည့် အဖွဲ့က ပြုလုပ်သွားသည်ကို မသိရှိရသေးကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လုပ် ဆောင်ခြင်း မဟုတ်ကြောင်း တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့ဝင် တဦးက ပြောသည်။
“ကျနော်တို့ PDF နဲ့ အဲဒီ ရွာနဲ့ သွားဖို့ဆိုရင် ဝေးတယ်။ အဲဒီလောက် ဝေးတာကြီးကို သွားလုပ်လို့ မရပါဘူးဗျာ။ ကိုယ့်ဘာ သာတောင် အင်အားချိနဲ့ပြီးတော့ စားစရာတောင် မရှိတဲ့ အခြေအနေမျိုးမှာ အဲဒီလိုကတော့ မလုပ်ပါဘူး။ ကိုယ်နဲ့မသိဘဲ ဘယ်မြို့နယ် ဘယ်ရွာမှာ ဘယ်သူတွေ ဘာဖြစ်တယ်ဆိုတာ သိတဲ့အခါ ကျနော်တို့ ရင်ထဲမှာ နာကျင်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ကိုယ်တိုင်က အပြစ်မဲ့တဲ့ ၃ နှစ်သား ပြည်သူလေးကို သတ်မလားဗျာ။ မဆိုင်တဲ့ ပြည်သူတွေ ကို ဒုက္ခရောက်ခံမလားဗျာ” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်က “ကျနော်တို့က NUG ရဲ့ လမ်းစဉ်ကို တခါတည်း လိုက်နာပြီး သား။ ကျနော်တို့က မဆိုင်တဲ့လူကို ဘယ်တော့မှ ဘာမှ မလုပ်ဘူး။ ဒါပေမယ့် PDF လုပ်တာ မဟုတ်တာကို ကျနော်တို့ လုပ်ပါတယ် ပြောခံရတာ အဆင်မပြေတော့ဘူးလေ။ PDF နဲ့ မသက်ဆိုင်ဘူး။ မြို့နယ်ထဲမှာ တရားဝင်ရှိနေတဲ့ အဖွဲ့တွေနဲ့ မကိုက်ညီဘူး” ဟု ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းမီးရှို့မှုကြောင့် အိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါ အိမ်များသည် မီးကူးသဖြင့် လောင်ကျွမ်းခြင်း မဟုတ်ဘဲ NLD ပါတီ ထောက်ခံသူများ၏ နေအိမ်ကို ရွေး၍ မီးရှို့သွားခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
ကျီကုန်းရွာသည် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိကာ ရွာရှိလူကုန် ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါရွာအပြင် နီးစပ်ရာ ကျေး ရွာများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီ စွပ်စွဲသလို ဘာသာရေး သွေးခွဲခြင်းမဟုတ်ဟု ချင်းနှင့် ကချင် ခရစ်ယာန်အဖွဲ့ချုပ်များ ပြော
နွားထိုးကြီးတွင် ကျေးရွာထဲ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ မိသားစုဝင် ၄ ဦး သေဆုံး