စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် နောက်တနေ့တွင် သေဆုံးခဲ့သည့် မန္တလေးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦးဖြစ်သူ ကိုသန်းထွန်းဦး (ခ) ကိုဖက်တီး၏ ရုပ်အလောင်းကို ကိုဗစ်ဖြစ်နေ၍ စစ်ကောင်စီက သဂြိုဟ်လိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားလာသည်ဟု ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ကိုသန်းထွန်းဦးနှင့် နီးစပ်သူ တဦးက “နှလုံးမကောင်းဘူး၊ လေဖြတ်တယ်။ ကိုဗစ်ပါ ဖြစ်နေလို့ တခါတည်း သဂြိုဟ်လိုက်ပြီလို့ နောက်ဆက်တွဲ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စက်တင်ဘာ ၂၅ ရက်နေ့ နေ့လည်တွင် ကိုသန်းထွန်းဦး နေအိမ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်နေ့တွင် သေဆုံးကြောင်း မိသားစုကို အကြောင်းကြား လာခြင်းဖြစ်ကြောင်း သိရသည်။
ကိုသန်းထွန်းဦးသည် ရှောင်တိမ်းနေရာမှ အိမ်သို့ ခေတ္တပြန်ရောက်လာချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ဖမ်းဆီးစဉ် ဒူးထောက်ထိုင်ခိုင်းသည်ကို ၎င်းအနေဖြင့် ခန္ဓာကိုယ်ကြောင့် ဒူးထောက်၍ မရနိုင်ကြောင်း ပြောသည့်အတွက် ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း မန္တလေး သပိတ်ခေါင်းဆောင် တဦးက ပြောသည်။
၎င်းက “စစ်ကောင်စီကနေပြီးတော့ ဖမ်းတဲ့ အခါ သူ့ကို ဒူးထောက်ခိုင်းတာပေါ့ သူကနေပြီး ကျနော်ရဲ့ ဝိတ်အချိန်က ဒူးထောက်လို့ မရတဲ့ အခြေအနေမလို့ ဒူးထောက်လို့ မရဘူး ပြောတာကို သူ့အိမ်ရှေ့မှာတင် သူ့ကို သေနတ်နဲ့ ပစ်သွားတာပေါ့။ ဒဏ်ရာစက်လက်နဲ့ပဲ ခေါ်သွားတယ်” ဟု ဆိုသည်။
သေဆုံးခဲ့သူ အသက် ၅၀ နှစ်အရွယ်ရှိ ကိုသန်းထွန်းဦး (ခ) ကိုဖက်တီးသည် မန္တလေးမြတောင် သပိတ်စစ်ကြောင်းတွင် ဦးဆောင်ခဲ့သူ တဦးလည်း ဖြစ်ပြီး ပရဟိတလုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့သူ ဖြစ်ရုံသာမက ၁၉၈၉ – ၉၀ ဗကသများ အဖွဲ့ချုပ်၊ အကသ၊ မန္တလေး ခရိုင်၊ ကျောင်းသားသမဂ္ဂများတွင် ပါဝင်ခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။
မန္တလေး သပိတ်ခေါင်းဆောင် တဦးက “လူတဦးတယောက်ကို သတ်လိုက်ရင် ကျနော်တို့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး။ တော်လှန်ချင်တဲ့ စိတ်ကိုတော့ ဘယ်လိုမှ သတ်လို့ မရဘူး။ လူကိုသာ သတ်ချင်သတ်လို့ရမယ်။ ကျနော်တို့ တောင်းဖို့ရာ အကြွေးတွေက များနေပြီ ဒီအကြွေးတွေကို အားအင်အပြည့်နဲ့ စစ်ကောင်စီကို တိုက်ထုတ်မှာပါ” ဟု ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးကာလတွင်း ဖမ်းဆီးခံရပြီးနောက် အလောင်းသာပြန်ရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များဖြစ်သော ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် ရပ်ကွက်ပါတီ ဥက္ကဋ္ဌ အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် မွတ်ဆလင်ဘာသာဝင် ဦးခင်မောင်လတ်သည် မတ်လတွင် အဖမ်းခံရပြီး နာရီပိုင်းအတွင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံလိုက်ရသည်။
ထို့ပြင် ဦးခင်မောင်လတ်၏ ဈာပနအပြီး နောက်တရက်တွင် အခြား NLD အဖွဲ့ဝင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ စု အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းကို ညဖက်တွင် ဖမ်းဆီးလိုက်ပြီး နောက်တနေ့ နံနက်တွင် သူသေဆုံးသွားပြီဖြစ်ကြောင်း မိသားစုကို အကြောင်းကြားခဲ့သည်။
အလားတူပင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် NLD အမှုဆောင် ဦးကျော်ကျော်ကို မတ်လ ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့ပြီး စစ်ကြောမေးမြန်းခံနေရစဉ် မတ်လ ၃၀ ရက်နေ့တွင် သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ကြည့်ရှုခွင့်ပေးသော်လည်း ဈာပနအခမ်းအနားအတွက် ပြန်လည်ယူဆောင်ခွင့်မပေးပေ။ သူသေဆုံးရခြင်းနှင့် ပတ်သက်သည့် မည်သည့်ရှင်းလင်းချက်ကိုမျှလည်း မပေးပေ။
စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် စစ်ကြောရေးတွင် သေဆုံးခဲ့သူ စုစုပေါင်း ၁၂၄ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သိရသည်။
ထိုသို့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ အရာရှိများ၊ ဒီမိုကရေစီ လိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် လူငယ်များပါဝင်သည်။
သံဃာ့ သမဂ္ဂ ဦးဆောင်ဆရာတော်တပါးက “အခုနောက်ပိုင်း ဖြစ်နေတာတော့ ညဖမ်း မနက်အလောင်းပြန်ယူ ဒါမျိုးတွေ များနေတယ်။ စစ်အာဏာရှင်ရဲ့စနစ်ဆိုးကတော့ ဒီလိုပါ ဆိုတာ ပြည်သူတွေက သိဖို့ လိုပါတယ်။ သွေးမအေးဘဲနဲ့ စစ်အာဏာရှင် ဖြုတ်ချရေး၊ ကျဆုံးရေးကို အင်တိုက်အားတိုက် ပြည်သူလူထု အကုန်လုံးကလည်း ပူးပေါင်းပြီးတော့ စစ်အာဏာရှင်ကို ဖြုတ်ချမှသာလျှင် ဒီစနစ်ဆိုးကို အမြန်ဆုံး ပျောက်မှာလို့ ပြောချင်ပါတယ်” ဟုဆိုသည်။
အာဏာသိမ်းကာလတွင် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသူ ၁၁၂၅ ဦး ရှိလာပြီး ဖမ်းဆီးချုပ်နှောင် ခံထားရသူ ၆၈၀၃ ဦးရှိကာ ဖမ်းဝရမ်း ထုတ်ခံထားရ၍ တိမ်းရှောင်နေရသူ ၁၉၈၉ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားသည်။
You may also like these stories:
ဒီးမော့ဆိုမြို့အတွင်းရှိ အိမ်အလုံး ၅၀ ကို စစ်ကောင်စီ ဖျက်ဆီး
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်
စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်ကို နေပြည်တော်တွင် ရုံးစထုတ်