ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာရွာနှင့် သေးဆူလဲရွာမှ နေအိမ်အလုံး ၅၀ကို စစ်ကောင်စီဘက်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်မ ၆၆က စက်တင်ဘာ ၂၅နှင့် ၂၆ ရက်များတွင် ကျေးရွာနေအိမ်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ အိမ် ၃၅လုံး မီးရှို့ ခံရကာ ကျန်အိမ် ၁၅လုံးမှာ လက်နက်ကြီး ထိ၍ ပျက်စီးသွားကြောင်း ကယားပြည် နယ်တွင်း စစ်ရေး ပဋိ ပက္ခကြား လူ့အခွင့်အရေး အခြေအနေများကို မှတ်တမ်းပြုစုနေသည့် ကရင်နီ လူ့အခွင့်အရေး အဖွဲ့နှင့် ဖျက်ဆီးခံလိုက် ရသည့် နေအိမ်များ၏ အိမ်ပိုင်ရှင်များက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက “ဒါ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောလို့ရပါတယ်။ မြန်မာ့တပ်မတော်ရဲ့ တပ်ပိုင်းဆိုင်ရာ ကျင့်သုံးရမယ့် ကျင့်ဝတ်မှာလည်း ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးလို့ မရတာ ပါပါတယ်။ ဒါသူတို့ရဲ့ မူပိုင်ကျင့်ဝတ် ပါ။ နောက်တခု စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြောလို့ရတာက မဆိုင်တဲ့ အိုးအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက် ဆီးတာ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးရုံတင်မကဘူး။ လူထုက အိမ်တအိမ်ရဖို့ တော်တော် ကြိုးစားခဲ့ရတာ စိတ်ပိုင်း ဆိုင်ရာအရရော အရမ်းကို စိုးရိမ်မှု ဖြစ်ရတယ်။ စိတ်ခံစားချက်တွေပါ ဖြစ်ရတာ ငြင်းလို့မရတဲ့ အပိုင်းပါ” ဟု ဆိုသည်။
မီးရှို့ဖျက်ဆီးခံရသည့် အိမ်များတွင် အုတ်ဖြင့် ဆောက်ထားသည့် တိုက်အိမ်များမှာ အုတ်နံရံများနှင့် အုတ်တိုင်များသာ ကျန်ခဲ့သည်အထိ ဖျက်ဆီးခံရခြင်း ဖြစ်ပြီး အချို့အိမ်များသည် တအိမ်လုံး ပြိုကျသွားသည်အထိ ဖျက်ဆီးခံထားရခြင်း ဖြစ်သည်။
ကုန်းသာကျေးရွာမှ ကိုစိုင်းကျော်သူရက “ကျနော်ငယ်ငယ်တုန်းက မိသားစုက အရမ်း ဆင်းရဲတယ်ဗျာ။ အရင်အိမ်က မိုးမလုံ လေမလုံ တဲအိမ်လေးလောက်ပဲ။ အမေက ကျနော်တို့ကို မိုးလုံလေလုံအိမ်ဆောက်ပေးဖို့ အရမ်းကြိုးစားခဲ့ရ တာ။ အဖေကလည်း ထိုင်းမှာ အလုပ်လုပ်ရတာ အဆင်မပြေ၊ အမေကလည်း ခက်ခဲတဲ့ ကြားက အရမ်းကြိုးစား ဆောက်ခဲ့တာ။ အမေ အရမ်း တန်ဖိုးထားတဲ့ အ်ိမ်ပါ။ အခု ဖျက်ဆီးခံလိုက်ရပြီ” ဟု ပြောသည်။
ကိုစိုင်းကျော်သူရတို့ မိသားစု၏ အိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့ဖျက်ဆီးသွားခြင်း ကြောင့် အိမ်တအိမ်လုံးနီးပါး ပြိုကျပျက်စီးသွားပြီ ဖြစ်သည်။
ကုန်းသာကျေးရွာမှ ဒေသခံများသည် စက်တင်ဘာ၂၄ ရက်၊ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အား ၂၀၀ ခန့် ရွာတွင်း ဝင်ရောက်လာသဖြင့် ရွာကို စွန့်ခွာကာ ထွက်ပြေးရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ကိုစိုင်းကျော်သူရက “လက်ရှိ ကုန်းသာဒေသခံတွေ အခြေအနေက ရွာထဲပြန်နေထိုင်ဖို့ မဖြစ်နိုင်တော့ ဘူး။ အိမ်တွေ ပျက်စီးကုန်ပြီ။ ပြန်နေဖို့ အိမ်လည်းမရှိတော့ဘူး။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတပ်ကို ကိုယ့်မြေပေါ်မှာ တစက်လေးမှ အနင်းမခံ၊ အဝင်မခံနိုင်တော့တဲ့အတွက် တိုက်ပွဲ ပိုပြင်းထန်ဖို့ပဲ ရှိတယ်။ ကျနော်တို့ ပြည်သူတွေ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေက တောထဲမှာ မိုးထဲလေထဲ ထပ်နေရဦးမယ်ဗျ” ဟုလည်း ပြောဆိုသည်။
ပြည်သူ့ ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် (PDF) ၏ ပြန်ကြားရေး တာဝန်ခံက ၎င်းတို့နှင့် စစ်ကောင်စီတပ်များ ကြား တိုက်ပွဲဖြစ်ပွားချိန် စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင် စစ်ကောင်စီဘက်က ကုန်းသာနှင့် သေးဆူလဲ ကျေး ရွာတို့အတွင်း စခန်းချခဲ့သည်ဟု ပြောသည်။
ဒီးမော့ဆို PDF ၏ ပြန်ကြားရေးတာဝန်ခံက “သူတို့ ဆုတ်ခွာသွားတော့ အဓိက သူတို့တပ်စွဲထားတဲ့ နေရာတွေကို ဒီ တိုင်းပြန်မဆုတ်ဘဲ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ။ အခုလက်ရှိ ကျနော်တို့ စာရင်းပြုစုတာ ၃၅လုံးက အနည်းဆုံး ပါ။ ဒီထက်လည်း များနိုင်ပါတယ်။ အခုမြေပြင်မှာ ကျနော်တို့ ပြည်သူ့ ကာကွယ်ရေးတပ်တွေက ရှင်းလင်းတာ အတည် ပြုတာ လုပ်နေပါတယ်” ဟု ပြောသည်။
စက်တင်ဘာ ၂၇ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အခြေအနေများ တည်ငြိမ်နေပြီး ဒီးမော့ဆို PDF ဘက်က စစ် ကောင်စီတပ်များ ဆုတ်သွားသည့် လမ်းတလျှောက်တွင် ဝင်ရောက်ကာ စစ်ရေးအရ ရှင်းလင်းခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ PDF တပ်များက ကုန်းသာနှင့် သေးဆူလဲကျေးရွာအတွင်း ဝင်ရောက် မှတ်တမ်းယူရာတွင် စစ်ကောင်စီဘက်မှ ချန်ရစ်ခဲ့သည့် ခဲယမ်းမီးကျောက် တချို့ကိုလည်း သိမ်းဆည်းရမိလိုက်သည်ဟု သိရသည်။
အဆိုပါ ခဲယမ်းများသည် တိုက်ပွဲဖြစ်ရာတွင် သိမ်းဆည်းမိခြင်း မဟုတ်ဘဲ စစ်ကောင်စီဘက်မှ စခန်းချသည့် ကျေးရွာ များတွင် ချန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟု PDF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ကုန်းသာကျေးရွာအတွင်း အရပ်သားအိမ်များကို တပ်မ ၆၆က မီးရှို့ဖျက်ဆီးသွားသည်ဟူသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘာမှ အိမ်မီးလောင်စရာ မရှိပါဘူး။ ငွေတောင်ရွာရဲ့ မြောက်ဘက် မီတာ ၂၀၀၀ လောက်မှာ ဖြစ်တဲ့ဟာပါ။ သူတို့ဟာ သူတို့ ရှို့ရင်တော့ မပြောတတ်ပါဘူး”ဟု တုံ့ပြန်ပြော ဆိုသည်။
စက်တင်ဘာ ၂၆ရက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာ ဝန်းကျင်တွင်သာ ညနေ ၅နာရီခန့်တွင် တကြိမ်၊ ည ၈နာရီခန့်တွင် တကြိမ် KNPP အပါအဝင် PDF အဖွဲ့များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းသာ ရှိကြောင်း၊ ကုန်းသာရွာဘက်တွင်မူ ဖြစ်ပွားခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်များသည် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနှင့် ကျောက်ဆည်ကန် အနီးတို့တွင် စက်တင်ဘာ၂၃ ရက်မှစ၍ စစ်ရေးတင်းမာခြင်း၊ တိုက်ခိုက်ခြင်းများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
စစ်ကောင်စီကို တ်ိုက်ခိုက်နေသည့် ကရင်နီ တော်လှန်ရေးတပ်များသည် ကရင်နီ တပ်မတော် (KA) ၊ ကရင်နီ အမျိုး သားများ ကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တို့ ဖြစ်သည်။
စစ်ရေး တင်းမာနေချိန် စက်တင်ဘာ ၂၄ ရက်တွင် အရပ်သားများက နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်ကြချိန် ညောင် ကုန်းကျေးရွာအနီး၌ လူငယ် ၃ ဦး ဖမ်းဆီးခံရပြီး ယခုအချိန်ထိ ပြန်လွတ်မြောက်လာခြင်း မရှိသေးပါ။
စက်တင်ဘာ ၂၅ ရက်တွင် မနက် ၈ နာရီကျော်မှစ၍ ည ၇နာရီကျော်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး ကရင်နီတော်လှန်ရေး တပ်များဘက်မှ ၁ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီဘက်မှ အကျအဆုံး များခဲ့သည့် စက်တင်ဘာ ၂၅ ရက်၊ တိုက်ပွဲတွင် ကုန်းသာကျေးရွာနှင့် သေးဆူလဲ ကျေးရွာများဘက်သို့ လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဝင်ရောက် မီးရှို့ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၅ ရက်တွင် ကုန်းသာကျေးရွာအတွင်း ကားတစီးဖြင့် နေရပ်စွန့်ခွာထွက်ပြေးသည့် အိမ်စီးကား တစီးကို စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်အရ အဆိုပါ အိမ်စီးကားသည် အလံဖြူထောင်၍ မောင်းလာခြင်း ဖြစ်ပြီး ပစ်ခတ် ခံရခြင်းကြောင့် ကားနောက်ခန်းတွင်း စီးနင်းလာသူ သေဆုံးကာ ကားမီးရှို့ခံရရာတွင် သေဆုံးသူ၏ ရုပ်အလောင်းပါ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။
သို့သော် ထိုအိမ်စီးကား မီးရှို့ဖျက်ဆီးခံရချိန်သည် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များကြား တိုက်ပွဲ ပြင်း ထန်နေချိန်ဖြစ်သဖြင့် ကားမောင်းလာသူသည် ဖမ်းစီးခံရခြင်း သို့မဟုတ် ထွက်ပြေးလွတ်မြောက် သွားခြင်း ရှိမရှိကို မသိရှိရပါ။
စက်တင်ဘာ ၂၆ ရက်တွင် လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီဘက်မှ ရဲတပ်ဖွဲ့ဝင် နှစ်ဦးက တက်တူးထိုးနေစဉ် ကားတစင်းဖြင့် ထိုရဲများကို လာရောက်ပစ်ခတ်ခဲ့ရာ ရဲနှစ်ဦး ကျည်ရှပ်ထိ ဒဏ်ရာများ ရရှိခဲ့သည်။
ထိုသို့ ပစ်ခတ်ခံရခြင်းကြောင့် စစ်ကောင်စီဘက်မှ တက်တူးဆိုင်ပိုင်ရှင်ကို နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးရာ မတွေ့ သဖြင့် ဆိုင်ပိုင်ရှင်၏ ဖခင်နှင့်ညီကို ဖမ်းဆီးသွားခဲ့သည်။
စက်တင်ဘာ ၂၆ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနှင့် ကျောက်ဆည်ကန် လယ်ကွင်းအနီးတွင် စစ် ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ KNDF၏ ဒုတပ်စုမှူးတဦးကို စစ်ကောင်စီက ဖမ်း ဆီးခဲ့ပြီး သတ်ဖြတ်ခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၂၆ ရက်တွင် ကုန်းသာကျေးရွာတွင်း ရှိနေသည့် အသက် ၇၀ အရွယ် အဖိုးကိုလည်း စစ်ကောင်စီ ဘက်မှ ပစ်ခတ်သဖြင့် သေဆုံးခဲ့ပြီး ကုန်းသာကျေးရွာအနီးရှိ လယ်ကွင်းတွင်လည်း အမျိုးသားတဦး လက်နက်ကြီး ကျည် ထိမှန်၍ သေဆုံးခဲ့သည်။
ကုန်းသာကျေးရွာအတွင်း သေဆုံးသွားသည့် အဖိုး၏ ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက်၊ မနက်ပိုင်း၌ သုသာန် သို့ ပို့ဆောင်ရန် နာရေးကူညီမှု အသင်းကားဖြင့် သယ်ဆောင်ရာ ရွာထိပ်၌ မိုင်းနင်းမိသဖြင့် ကားရှေ့ဘီးများ ပျက်စီး ခဲ့သည်။
You may also like these stories:
မင်းကင်းတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်၍ PDF ၁၃ ဦး သေဆုံး
သထုံတွင် စစ်တပ်က အမျိုးသမီးအချို့ကို ဖမ်းပြီး အဓမ္မ အလုပ်ခိုင်းစေဟုဆို