မွန်ပြည်နည် သထုံခရိုင် မြစ်ကျိုးနှင့် ကြိုးဝိုင်းရွာတို့မှ အမျိုးသမီး ၁၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ကာ အဓမ္မ အလုပ်ခိုင်းစေမှုများ ရှိနေကြောင်း သထုံခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၁) မှ သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
“အခုက ရွာသူရွာသား မိန်းကလေးတွေ အရွယ် မရောက်သေးတဲ့ မိန်းကလေးတွေကို ခေါ်ပြီး အဓမ္မအလုပ်ခိုင်းနေတာ ရှိတယ်။ ပြန်မလွှတ်သေးဘူး။ ၁၃ ယောက်လောက်ရှိတယ်။ သူတို့က ယောက်ျားလေးတွေကို ရှာတာ မတွေ့တော့ မိန်း ကလေးတွေပဲ ခေါ်သွားတာ။ ပေါ်တာဆွဲတဲ့ သဘောပေါ့။ ထမင်းချက်ခိုင်းတာတို့ ရိက္ခာသယ်ခိုင်းတာတို့ပေါ့” ဟု KNU တပ်မဟာ (၁) မှ အရာရှိတဦးက ဆိုသည်။
အမျိုးသမီးများကို စစ်ကောင်စီဘက်က စက်တင်ဘာလ တတိယပတ်အတွင်း ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးသွားသူ များထဲတွင် မြန်မာစစ်တပ် အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ ဝင်များလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
သို့သော် BGF နှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းကာ ဒေသခံအမျိုးသမီး ၁၃ ဦးကို ဖမ်းဆီးသွားပြီး အဓမ္မ အလုပ်ခိုင်းစေ ခြင်းများရှိသည် ဆိုသည့် သတင်းမှာ မမှန်ကန်ဘဲ တဖက်သတ် စွပ်စွဲချက်များသာဖြစ်ကြောင်း ဗိုလ်မှူး စောတင် ဝင်းက ပြောသည်။
ထိုကဲ့သို့ ပြည်သူများအား အဓမ္မခိုင်းစေ နှိပ်စက်မှုများရှိပါက BGF ထံ သက်သေနှင့်တကွ တိုင်ကြားနိုင်ပြီး ပြည်သူ လူထုကို နှိပ်စက်သည့် လုပ်ရပ်များအား BGF အနေနှင့် လက်မခံကြောင်း ၎င်းက ပြောသည်။
“မိန်းကလေးတွေ ဖမ်းတာတို့၊ အဘွားကြီးတွေ ဖမ်းတာတို့ဆိုရင် ကျနော်တို့ကို ပို့ပေးပါ။ ဘယ်မှာဖမ်းတာလဲ။ အခုထိ ဘယ်သူမှ မပြနိုင်ဘူး။ ဒါတွေက တဖက်နင်းပြီး ပြောတဲ့သတင်းတွေပေါ့။ ဒါတွေကလည်း တချို့အဖွဲ့တွေရဲ့စည်းရုံး ရေး ပရိယာယ်တွေပါ” ဟု ဗိုလ်မှူး စောတင်ဝင်းက ဆိုသည်။
သို့သော် KNU တပ်မဟာ (၁) မှ အရာရှိတဦးက BGF အဖွဲ့မှ ဗိုလ်မှူးကျော်လဲ၏ လက်အောက်ခံတပ်ဖွဲ့ဝင် ၂၀ ကျော်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့အခြေစိုက် အမှတ် (၄၀၆) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင် ၇၀ ကျော်တို့ သည်လည်း ဒေသခံ အမျိုးသမီးများကို ဖမ်းဆီးကာ စစ်ရေး လှုပ်ရှားနေ ကြောင်း ပြောသည်။
လက်ရှိတွင် သထုံခရိုင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU တပ်မဟာ (၁) ကြား နေ့စဉ်ဆိုသလို ထိတွေ့ တိုက်ပွဲ ဖြစ်နေပြီး စက်တင်ဘာလ တလုံးတွင် တိုက်ပွဲပေါင်း အကြိမ် ၅၀ နီးပါးဖြစ်ထားကြောင်း KNU တပ်မဟာ ၁ ထံမှ သိရ သည်။
ယနေ့ (စက်တင်ဘာ ၂၆ ရက်) နံနက် ၈ နာရီအချိန်ခန့်ကလည်း သထုံခရိုင် ကြိုးဝိုင်းရွာအနီးတွင် KNU တပ်မဟာ (၁) နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်ထိခိုက် ကျဆုံးမှု အခြေအနေနှင့် ပတ်သက်၍ လက်ရှိတွင် အသေးစိတ် မသိရသေးကြောင်း KNU ထံက သိရသည်။
You may also like these stories:
စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား
စစ်ကောင်စီ စွပ်စွဲသလို ဘာသာရေး သွေးခွဲခြင်းမဟုတ်ဟု ချင်းနှင့် ကချင် ခရစ်ယာန်အဖွဲ့ချုပ်များ ပြော
ကယားစစ်ဘေးရှာင်များအား ကူညီသူ ၂ ဦးနှင့် ဒေသခံ ၂ ဦး စစ်ကောင်စီ ဖမ်းဆီး
စစ်ကောင်စီပေးမည့် ကိုဗစ်ကာကွယ်ဆေး AA လက်ခံမည်