အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ဖွဲ့ဝင်များ၏ အသက်မပြည့်သေးသည့် သား၊ သမီးများ ကိုပါ စစ်သင်တန်း တက်ခိုင်းပြီး အရံအင်အားအဖြစ် ဖြည့်တင်းရန် စီစဉ်နေကြောင်း တပ်အသိုင်းအဝိုင်းက သိရသည်။
စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်များ၏ အသက် ၁၅ နှစ်နှင့်အထက် သေနတ်ကိုင်နိုင်သည့် အရွယ်ရှိ သည့် လူငယ်များကို ဧပြီလကတည်း စစ်သင်တန်းများ စတင်တက်ခိုင်းနေခြင်း ဖြစ်ကြောင်း သင်တန်းတက်နေရသူ များ၏ မိဘများထံက သိရသည်။
တိုင်းစစ်ဌာနချုပ်တခုက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသည့် (CDM) တပ်ကြပ်ကြီး တဦးက “အသက် မပြည့်တဲ့ လူတွေ ပါတယ်။ အရွယ်အားဖြင့် တိုက်ပွဲဝင်လို့ရပြီဆိုရင် စစ်သင်တန်း မတက်မနေရဆိုပြီး သင်တန်းဖွင့်လှစ် ခဲ့တာ ရှိတယ်။ အဲဒီထဲမှာ အစ်ကို့ကလေးပါ တက်ခဲ့ရသေးတယ်” ဟု ပြောသည်။
မြို့ကြီးများတွင် ဆန္ဒပြပွဲများ ငြိမ်သက်သွားပြီး လူငယ်အများအပြား လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ် သွားကြချိန်တွင် စစ်သားများ၏ သား၊ သမီးများကိုပါ စစ်သင်တန်းပေးပြီး စစ်ရေးပြ၊ လက်နက်ငယ်၊ ဖြုတ်၊ တပ် စသည် များကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
စစ်သင်တန်းတက်ရသည့် ကလေးတဦး၏ မိခင်ဖြစ်သူကလည်း “ရှိသမျှ ကလေးတွေ အကုန်လုံး ၈ တန်းလောက်က နေ စပြီး စစ်သင်တန်း တက်ရတာ။ သူတို့က ကုန်ကုန်ပြောလိုက်တယ်။ လက်ညှိုးကွေးပြီး လူသတ်တတ်ရင်ကို ရပြီလို့ ပြောပြီး ရည်ရွယ်ချက်ရှိရှိနဲ့ကို သင်တန်း တက်ခိုင်းတာ” ဟု ပြောသည်။
ယခင်က ထိုကဲ့သို့ စစ်တပ်မှ ဇနီးသည်များနှင့် သားသမီးများကို စစ်သင်တန်း တက်ခိုင်းခြင်းမျိုး ရှိသော်လည်း ယခုကဲ့ သို့ ရည်ရွယ်ချက်ရှိရှိ တက်ရခြင်းမျိုး မဟုတ်ကြောင်း စစ်မှုထမ်းဟောင်း၏ သားသမီး တဦးက ပြောသည်။
၎င်းက “ကျမတို့ အထက်တန်း ကျောင်းသားဘဝကလည်း နွေကျောင်းပိတ်ရက်တုန်းက တခါ တက်ခဲ့ရဖူးပါတယ်။ ဒီအတိုင်း တပ်တွင်း လှုပ်ရှားမှု တခုအနေနဲ့ အဖြစ်လောက်ပဲ တက်ရတာပါ။ အရမ်း အတင်းအကျပ် ဖိအားပေးတာမျိုးတော့ မရှိ ဘူး။ ပေါ့ပေါ့ပါးပါးပဲ တက်ရတာပါ။ အခုနောက်ပိုင်းတော့ ဖိအားပေးတာတွေ ရှိလာတယ်လို့တော့ ကြားရပါတယ်” ဟု ပြောသည်။
တပ်ဖွဲ့ဝင်များ၏ သား၊ သမီးများကိုသာမက ဇနီးမယားများကိုပါ စစ်သင်တန်းတက်ခိုင်းပြီး အရံအင်အားအဖြစ် ဖြည့် တင်းရန် ကြိုးပမ်းခြင်း၊ စစ်မှုထမ်းဟောင်းများကို နေ့စားဖြင့် ပြန်လည် ခေါ်ယူခြင်းများလည်း ရှိနေကြောင်း သိရသည်။
စစ်သား ဇနီးများကို သင်တန်းရောက်ခိုင်းခြင်းသာမက တပ်စခန်းများကို ကာကွယ်ရန်အတွက် လက်နက်ကိုင်လုံခြုံရေး ယူခိုင်းခြင်းများလည်း ရှိနေသည်။
စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း စသည့် နေရာများရှိ တပ်ရင်းတပ်မများတွင် နောက်တန်းမှ စစ်သားဇနီးများက လက်နက်ကိုင် ကင်းစောင့်နေကြရခြင်း ဖြစ် ကြောင်း သိရသည်။
ထိုသို့ သင်တန်များ ခေါ်ယူရာတွင်လည်း တပ်ဖွဲ့ဝင်များနှင့် ကာယကံရှင်များ၏ ဆန္ဒ မပါဝင်ဘဲ၊ ငြင်းဆန်ခွင့်မရှိဘဲ အတင်းအကျပ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
တပ်ကြပ်ကြီး စာရေးတဦးက “သူတို့ရဲ့ ရည်ရွယ်ချက်က စစ်သည်တွေရဲ့ ဇနီးမယားတွေရယ် ကလေးတွေရယ် လိုအပ်လို့ရှိရင် တပ်မတော်ရဲ့ အရံ အင်အားအဖြစ် အသုံးချဖို့ အတွက် ဒီလိုမျိုးတွေ အထိ လုပ်လာတာတွေ ရှိတယ်” ဟု ပြောသည်။
ယင်းသို့ တပ်တွင်း လူအင်အား လိုအပ်ချက်များကို စစ်မှုထမ်းဟောင်းများအားလည်း နေ့စားခ ပေးကာ တာဝန်ထမ်း ဆောင်းခိုင်မှုများလည်း ရှိကြောင်း သိရသည်။
အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်း တဦးက “ပြန်ခေါ်ပြီးတော့ နေ့စား ၈ ထောင် ပေးတယ်။ မြို့တွေမှာ စောင့်ရ မယ့် နေရာတွေ ရဲစခန်းတွေ ဘာတွေမှာပေါ့ စောင့်ခိုင်းတယ်။ ရှေ့တန်းတော့ မဟုတ်ဘူး” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု အပြီးတွင် အာဏာသိမ်း စစ်ကောင်စီကို ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဆန္ဒပြ တော်လှန်မှုများရှိလာခဲ့ပြီး ဆန္ဒပြပွဲများကို စစ်ကောင်စီကလည်း အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက်တွင် လူထုတရပ်လုံး အုံးအုံးကျွတ်ကျွတ် ဆန္ဒပြပွဲများ မရှိတော့ဘဲ လူငယ်၊ လူရွယ်အများအပြား စစ်အာ ဏာရှင်ကို လက်နက်ကိုင် တော်လှန်သည့် လမ်းစဉ်ကို ရွေးချယ်လာကြပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားလာရာ စစ် ကောင်စီ အနေဖြင့် ၎င်းတို့ တပ်ရင်း၊ တပ်ဖွဲ့များကို အရေးပေါ် အင်အားဖြည့်တင်းရန် လိုအပ်လာသည့် အခြေအနေ ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်းက သိရသည်။
ယင်းသို့ ကလေးငယ်များကို တိုက်ပွဲများတွင် အသုံးပြုရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စစ်သင်တန်းများ ပေးခြင်းသည် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အရသော်လည်းကောင်း နိုင်ငံတကာ ကလေးသူငယ် သဘောတူစာ ချုပ် အရသော်လည်းကောင်း တားမြစ်ထားသည့် တားမြစ်ချက် တရပ်ဖြစ်ကြောင်း ကလေးသူငယ် အခွင့်အရေး လှုပ် ရှားသူတဦးက သုံးသပ် ပြောသည်။
၎င်းက “တိုက်ပွဲကို ရည်ရွယ်ပြီးတော့ ကျင့် သုံးပြီးတော့ ပြင်ဆင်လာပြီးတော့ နောက်ပိုင်းမှာ သုံးလာဖို့ အစီအစဉ် ရှိလာတယ်ဆိုရင် မလုပ်သင့်တာ ဖြစ်တယ်။ ဥပဒေတွေကို ချိုးဖောက်တာတွေ နိုင်ငံတကာ သဘောတူစာချုပ်တွေကို ချိုးဖောက်တာတွေ ဖြစ်လာမယ်” ဟု ဆိုသည်။
ကလေးသူငယ်များကို တိုက်ပွဲများတွင် အသုံးချမှုကို ပပျောက်ရေးအတွက် အရွယ်မရောက်သေးသည့် ကလေးစစ် သားများ ပပျောက်ရေးကို၂၀၁၂ ခုနှစ်ကတည်းက တပ်မတော်နှင့် မြန်မာနိုင်ငံ စောင့်ကြည်လေ့လာရေးနှင့် အစီရင်ခံ စာ တင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) အဖွဲ့တို့ လက်မှတ် ရေးထိုးထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်
ကြည့်မြင်တိုင်သပိတ်ဖြိုခွဲမှု ဥပဒေကို ကျော်လွန်ဆောင်ရွက်သည့် လူသတ်မှုဟု ဟုဆို