သတင်း

ထိုင်းမှပြန်လာသူများကို မြန်မာက လုံခြုံရေးအကြောင်းပြ၍ လက်ခံမှုလျှော့ချ

ထိုင်း-မြန်မာနယ်စပ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအား လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် မြန်မာနိုင်ငံဘက်မှ လက်ခံမှု လျှော့ချလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင် ရွက်နေသူများထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လ ၁ ရက်မှ စတင်ကာ နေရပ်ပြန်သူများအား တရက်ခြားလျှင် လူ ၅၀၀ ဦးစီကို လက်ခံခဲ့ရာမှ ဒီဇင် ဘာ ၁၁ ရက်မှ စတင်ပြီး မြဝတီခရိုင် အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် ဟုဆိုကာ တပတ်လျှင် တရက် လူ ၂၀၀ ဦး ကိုသာ မြန်မာဘက်က လက်ခံတော့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ လူလျှော့ချပြီး လက်ခံရာတွင် အုပ်ချုပ်ရေးပိုင်းမှ တရားဝင် စာထုတ်ခြင်းမျိုး မဟုတ်ဘဲ ပို့နေကျအတိုင်း ထိုင်း ဘက်က ပြန်ပို့သည်ကို လက်မခံတော့ရာမှ ကိုဗစ်-၁၉ အိုမီခရွန် မျိုးကွဲသစ် ကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် နေ ရပ်ပြန်များထံမှ လက်နက်များ မိသည့်အတွက် လုံခြုံရေးဆိုင်ရာများကြောင့် ဟုဆိုကာ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက အကြောင်းပြန်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်သူများက ပြောသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “အပတ်စဉ် စနေနေ့တိုင်း တပတ်ကို လူ ၂၀၀ ပို့မယ်။ ပြီးခဲ့တဲ့ စနေနေ့ကတော့ လူ ၂၁၁ ယောက် ပြန်ခွင့်ပေးတယ်။ နေရပ်ပြန်တွေ ရဲ့ အဝတ်ထုပ်တွေထဲမှာ လက်နက်ခဲယမ်းတွေ မိတယ်။ လူထုကို ချနင်းတာမျိုး မလုပ်ရဘူး။ နေရပ်ပြန်တွေရဲ့ လုပ်ငန်း စဉ်တွေကို ပိတ်တာမျိုး မလုပ်ရဘူး။ နဂိုကတည်းကမှ မြန်မာဘက်အခြမ်းက အဆင်မပြေတာ” ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိများကို မေးမြန်းရန် ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း တုန့်ပြန်ဖြေကြားခြင်းမရှိကြပါ။

လက်ရှိတွင် မြန်မာပြည်ဘက်မှ ဝင်ခွင့် မပေးသဖြင့် ထိုင်းအကျဉ်းထောင်ထဲတွင် မြန်မာနိုင်ငံသား ၂၀၀ ကျော် ထိန်း သိမ်းခံထားရကြောင်း သိရသည်။

“ထိုင်းနိုင်ငံမှာ ခရိုင်တခုနဲ့တခု ဝင်ထွက်သွားလာလို့ မရဘူးဆိုတဲ့ ဥပဒေအတိုင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးကနေ ယာ ယီ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သဘောပါ။ သူတို့ကို ထမင်း ၃ နပ်ကျွေးတယ်။ လိုအပ်တဲ့ ကျန်းမာရေး ကိစ္စတွေ အကုန်လုံးကို ထိုင်းနယ်ခြားစောင့်တပ်ကနေ တာဝန်ယူထားတယ်။ ပြီးတော့ မြဝတီနဲ့ မဲဆောက်ကြားက ခိုးဆိုးလု နှိုက်တွေရဲ့ ရန်ပြုမှု၊ နောက်ပြီး မဲဆောက်ရဲတွေရဲ့ ငွေညှစ်တောင်းဆိုမှုတွေတော့ မခံရတော့ဘူး” ဟု ဦးမိုးကြိုးက ပြော သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ကာ မြဝတီ နယ်စပ်မှတဆင့် ထိုင်းမှ မြန်မာလုပ်သား များအား မြန်မာပြည်ဘက်က လက်ခံမှု ရပ်ဆိုင်းထားရာမှ သြဂုတ် ၁ ရက်ကစ၍ နေရပ်ပြန်များအား ပြန်လည် လက်ခံ ခဲ့ခြင်းဖြစ်ရာ တပတ်လျှင် လူ ၅၀၀ ခန့် ထိုင်းဘက်က ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား အရေ အတွက် စံချိန်တင်မြင့်မားခဲ့ကာ ပြီးခဲ့သည့် နိုဝင်ဘာ ၁ လအတွင်း ၁၀,၀၀၀ နီးပါးခန့် ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၁ ရက် မှ ၁၄ ရက်အတွင်း အယောက် ၆၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

You may also like these stories:

မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်

မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်

ဂျပန်အစိုးရ ငွေစိုက်ထုတ်သည့် ဟိုတယ်က စစ်တပ်သို့ မြေငှားခပေးနေသောအခါ

Loading