နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါအနေဖြင့် ကြိုးပမ်းခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီက ခွင့်မပြု၍ မအောင်မြင်ခဲ့ကြောင်းသိရသည်။
မစ္စတာ ဆာဆာကာဝါအနေဖြင့် စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုင်ဆောင်ခဲ့သည့် ရှေးဟောင်း ဂျပန်ဓားကို ပြန်လည်ပြုပြင်ပေးရန် ပေးအပ်ခဲ့ကြောင်း၊ ယခုအခါ ထိုဓားကို ပြန်လည်ပေးလိုသည့် အကြောင်းပြချက်ဖြင့် တွေ့ဆုံရန် ကြိုးစားသော်လည်း မအောင်မြင်ဟု ယမန်နေ့က ရန်ကုန်မြို့မှ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ထုတ်ဖော်ပြောဆိုခြင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက “သံတမန်တွေ အားလုံးကတော့ တွေ့ချင်ကြတယ်။ ဒီဘက်ကလည်း ဥပဒေကြောင်းအရဆိုပြီး ခွင့်မပြုခဲ့တော့ သူ ဓားပြန်ပေးဖို့ မတွေ့ခဲ့ရဘူးပေါ့” ဟု ဆိုသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က အကူအညီ တောင်းထားခဲ့ဖူးသော ထိုဓားကိစ္စရပ်ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ရရန် နည်းလမ်းတခုအနေဖြင့် ကြိုးစားခဲ့ကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဧရာဝတီသို့ အတည်ပြုပြောသည်။
၎င်းက “သူ ဒီဓားကို ဒေါ်အောင်ဆန်းစုကြည် လက်ထဲ ပြန်ထည့်ဖို့ကို ဘယ်လို လုပ်ရမလဲတောင် သူမသိတော့ဘူးဆိုပြီး အဲဒီ ပြင်ထားတဲ့ ဓားဓာတ်ပုံကို ပြပြီး ပြောသွားသေးတယ်” ဟု ဆိုသည်။
ဦးကိုကိုကြီး က ဆက်လက်၍ “ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာက အင်မတန်မှ ကျယ်ဝန်းပါတယ်။ နိုင်ငံရေးပြဿနာဟာ တဦးတယောက်ထဲနဲ့ ဖြေရှင်းနိုင်တဲ့ အခြေအနေ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတွက်ကြောင့် သူနဲ့ ထိတွေ့ဖို့ လိုသလို တခြားအရေးပါတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အစရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြေရှင်းရမယ့် ကိစ္စလို့ မြင်တယ်” ဟု ပြောသည်။
မစ္စတာ ဆာဆာကာဝါ နည်းတူ တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီဘက် ခွင့်မပြုခဲ့၍ တွေ့ဆုံခွင့် မရခဲ့ပေ။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်၌ ၎င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ခေါင်း ဆောင်ပိုင်းများနှင့်လည်း တွေ့ဆုံခွင့်ရရှိရန် ကြိုးစားနေကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်နှင့် အလွတ်သဘောမျိုး တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်ဟု သတင်း များ ထွက်ပေါ်ခဲ့သော်လည်း ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦးဖြစ်သည့် ဦးအောင်ကြည်ညွန့်ကလည်း မစ္စတာ ဆာဆာကာဝါ ဘက်မှ NLD ပါတီနှင့် တွေ့ဆုံရန် ဆက်သွယ်ပြောကြားလာခြင်းမျိုး မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
မစ္စတာဆာဆာကာဝါ၏ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီနှင့်သာမက ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့သည်။
You may also like these stories:
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
အာဏာသိမ်း စစ်တပ်နှင့် ပစ်ခတ်မှုမလုပ်ရန် AA ကိုမှာထားကြောင်း ဆာဆာကာဝါပြော
အာဏာသိမ်းခေါင်းဆောင်နှင့် တရုတ်၊ ဂျပန်၊ ထိုင်း အဆင့်မြင့်အရာရှိများတွေ့ဆုံ