အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ် ကမော္ဘဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တွေ့ မည့် အစီအစဉ်ကို သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်က ငြင်းဆိုလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။
ဧရာဝတီက ရရှိထားသော အထူး ကိုယ်စားလှယ်၏ ခရီးစဉ်ဆိုင်ရာ စာရွက်စာတမ်းများတွင်လည်း ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ အထူး ကိုယ်စားလှယ်နှင့် ဒေါ်စုစုလွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း တွေ့ရသည်။
သို့သော်လည်း ဒေါ်စုစုလွင်ဘက်က အထူး ကိုယ်စားလှယ်နှင့် တွေ့မည့် အစီအစဉ်ကို ကျန်းမာရေး မကောင်းဟု အကြောင်းပြကာ ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် NLD လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။
ဒေါ်စုစုလွင် အနေနှင့် အထူးကိုယ်စားလှယ်နှင့် တွေ့မည်ဆိုပါက NLD ကို ကိုယ်စား မပြုဘဲ ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုသာ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
အမည်မဖော်လိုသည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တဦးက “အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ အတွက်ကို အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ကြိုးပမ်းတဲ့အခါမှာ အဓိကကျတဲ့ Stakeholders တွေကို တွေ့ဖို့ ဆိုတာ ပါပါတယ်။ အဲဒီလို မျိုး အဓိက ကျတဲ့သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတကြီး ဦးဝင်းမြင့်တို့လို လူမျိုးတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ ပါတီကိုလည်း ကိုယ်စားပြုနိုင်မှာ မဟုတ်သလို ဒီဘက်က ဒီမိုကရေစီ အင်အားစုတွေကို ကိုယ်စားပြုဖို့ လည်း တော်တော်လေး ခက်ပါလိမ့်မယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဒေါ်စုစုလွင်သည် ၎င်း၏ ကျန်း မာရေး အခြေအနေကြောင့် ဟုဆိုကာ အထူး ကိုယ်စားလှယ်နှင့် မတွေ့ဖြစ်ခြင်း ဖြစ်ကြောင်း BBC သတင်းဌာနသို့ ဖြေကြားထားသည်။
မြန်မာနိုင်ငံ အထက်ပိုင်းအခြေစိုက် နိုင်ငံရေး လေ့လာသူတဦးကမူ ဒေါ်စုစုလွင်သည် အထူး ကိုယ်စားလှယ်နှင့် တွေ့ ဆုံပါက NLD ပါတီအတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်လာနိုင်သဖြင့် တမင်ရှောင်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
၎င်းက “ကျနော် စဉ်းစားကြည့်တာတော့ သူက တွေ့လိုက်တယ်ဆိုရင် တခြားရလဒ်တွေ ဘာတွေတော့ မပြောတတ်ဘူး။ သေ ချာတာ တခုကတော့ ပါတီတွင်းမှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိလာမှာပေါ့။ အာဆီယံ ကိုယ်စားလှယ်က နစက ရဲ့ ဧည့်သည်ဖြစ်တော့ ဒီလိုတွေ့လိုက်ခြင်းအားဖြင့် နစကကို အသိအမှတ် ပြုလိုက်တဲ့ သဘောဖြစ်တော့ NLD ပါတီ တွင်းမှာ သွေးကွဲစရာ ဖြစ်သွားတာပေါ့။ ဒါကြောင့်မို့ မတွေ့ဘဲ ရှောင်လိုက်တယ်လို့ ထင်တာပဲ” ဟု ဆိုသည်။
NLD ပါတီ၏ ဗဟို အလုပ် ကော်မတီ ကလည်း NLD ထိပ်ပိုင်း ခေါင်းဆောင်များ အဖမ်း ခံထားရစဉ်တွင် ဒေါ်စုစုလွင် အနေနှင့် အထူး ကိုယ်စားလှယ်အား တွေ့ဆုံလိုက်ပါက အဆိုပါ တွေ့ဆုံမှုသည် NLD ကို ကိုယ်စား မပြုနိုင်ကြောင်း သတင်း မီဒီယာအချို့သို့ ပြောထားသည်။
နိုင်ငံရေးလေ့လာသူ တဦးကလည်း စစ်ကောင်စီသည် NLD ပါတီအား နာလံမထူ နိုင်ရန် တဖက်တွင် ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းထားသော်လည်း အခြားတဖက်တွင် NLD ပါတီ ရှိသေးကြောင်း နိုင်ငံတကာအား ပြလိုသဖြင့် ဒေါ်စုစုလွင်ကို ပွဲထုတ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းက ဆကျ၍ “NLD ကို ဒီလို ပစ်ပယ်တာကို တရုတ်ဘက်က သဘောကျပုံမရဘူး။ NLD ပါတီကတော့ မြန်မာ့နိုင်ငံရေးမှာ တည်ရှိ သင့်တယ်လို့ တရုတ်က လက်ခံထားတယ်။ အဲဒီလို အခြေအနေမှာ NLD ပါတီကို ဖျက်သိမ်းတာတော့ ဆက်မလုပ်ရဲ ပေမယ့်၊ NLD ခေါင်းဆောင်တွေကိုလည်း မလွှတ်ပေးရဲပေမယ့် NLD ကိုယ်စားပြုမှုကတော့ သူတို့မှာလည်း ရှိပါသေး တယ်ဆိုတာကို ပြချင်လို့ ဒေါ်စုစုလွင်ကို ထုတ်ပြီးတော့ ကြေညာတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒေါ်စုစုလွင်က ကိုယ် စားပြုနိုင်တဲ့ အနေအထား မရှိတဲ့အတွက် နောက်ဆုတ်သွားတယ် ထင်ပါတယ်” ဟု ဆိုသည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမော္ဘဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည် မတ်လ ၂၁ ရက်တွင် ကမော္ဘဒီးယားနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အာဏာသိမ်း မြန်မာ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
ယင်းပြင် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်တို့နှင့် တွေ့ဆုံပြီး စစ်ကောင်စီခန့် လူကယ်ပြန် ဝန်ကြီး ဒေါ်သက်သက်ခိုင် အပါအဝင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့နှင့်လည်း တွေ့ဆုံရန် ရှိနေကြောင်း သံတမန်သတင်းရပ်ကွက်မှ သိရသည်။
မတ်လ ၂၃ ရက်တွင် ကမော္ဘဒီးယား ပြန်မည့် အထူး ကိုယ်စားလှယ်၏ မြန်မာခရီးစဉ်သည် မြန်မာနိုင်ငံ ပဋိပက္ခအတွင်း သက်ဆိုင်သည့် ဘက်အသီးသီးနှင့် တွေ့ဆုံခြင်း မရှိဘဲ စစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့်သာ အဓိကတွေ့ဆုံမည့် အခြေအနေ ရှိနေကြောင်း၊ ထိုကဲ့သို့ တွေ့ဆုံခြင်းသည် အာဆီယံ ဘုံသဘောတူညီချက်များနှင့် မလျော်ညီသည့် အနေ အထား ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသူအချို့က ဝေဖန်ထောက်ပြကြသည်။
မြန်မာနိုင်ငံ အောက်ပိုင်း အခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးကလည်း “အခုလို မတွေ့တော့ အာဆီယံရဲ့ ဆုံးဖြတ် ချက်တွေ အကောင်အထည် မဖော်နိုင်တော့ဘူးပေါ့ဗျာ။ အာဆီယံက သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေနဲ့ စကားဝိုင်း ထူထောင်ပေးဖို့ဆိုတာ ပါတာပေါ့။ ဒါပေမယ့် စကစက ဒါကို လုပ်မပေးနိုင်ဘူး။ လုပ်မပေးချင်ဘူး။ လုပ်မပေးချင်တဲ့ အတွက် အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အခု အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမော္ဘဒီယား နိုင်ငံခြားရေးဝန်ကြီးကလည်း အကောင်အထည် မဖော်နိုင်ဘူးလို့ မြင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
You may also like these stories :
အာဆီယံအထူးကိုယ်စားလှယ်နှင့် PPST တွေ့မည့် အစီအစဉ်ပျက်
ASEAN အစီအစဉ် စစ်ကောင်စီ လေးစားရန် ကမ္ဘောဒီးယားနှင့် ဂျပန်ခေါင်းဆောင်များ တိုက်တွန်း