ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကို စစ်ကောင်စီဖမ်းပြီ
ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး တာဝန်ယူထားသော ဦးအောင်သန်းဦးကို စစ်ကောင်စီက ယနေ့ ဖမ်းဆီး လိုက်ကြောင်း သိရသည်။
ဒလမြို့နယ်ရှိ သမ္မတကမ်းခြေ မြေယာချထားမှုနှင့် ပတ်သက်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့ ရုံးမှ အမည်မဖော်လိုသူ တဦးက ဧရာဝတီသို့ ပြောသည်။
“မြေကိစ္စတွေ ပြသာနာတက်တယ်လို့ သိရတယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း မိသားစုကို မြေပေးတဲ့ကိစ္စတွေ ပြသာနာတက်တာလို သိရတယ်ဟု” အမည်မဖော်လိုသူတစ်ဦး ကပြောသည်။
အဆိုပါ ဒလမြို့နယ်အတွင်းရှိ သမ္မတကမ်းခြေရှိ လယ်ယာမြေများကို စစ်တပ်ခေါင်းဆောင်များ၏ သားသမီးများနှင့် ပြည်ထောင်စု ကြံခိုင်ရေး ပါတီခေါင်းဆောင်များ၏ မိသားစုဝင်များက ဝယ်ယူကာ အခြားသုံးစွဲခွင့် လန (၃၉ )လျှောက် ထားကာ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ထို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးနှင့်ဆိုင်သော လုပ်ငန်းများ တာဝန်ယူထားသည့် ဦးအောင်သန်းဦးသည် မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေများအား အခြားအသုံးပြုခွင့် လန (၃၉ ) ရရှိရန် ဆောင်ရွက်ပေးသည်ဟု နာမည်ကြီးသူလည်း ဖြစ်သည်။
ဦးအောင်သန်းဦးသည် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယယူထားသလို၊ ပြည်ထောင် စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သည်။
သူသည် ပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူဖြစ်သလို စစ်တပ်ထောက်ခံပွဲများတွင် လူစုပေးရသူ လည်းဖြစ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် သံလျင်မြို့နယ်မှ ဝင် ရောက် အရွေးခံခဲ့ရာ အနိုင်ရခဲ့သော်လည်း ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တွင်မူ ယင်းမြို့နယ်မှ ဝင်ရောက် အရွေးခံသော် လည်း NLD ပါတီကိုယ်စားလှယ်အားရှုံးနိမ့်ခဲ့သည်။
You may also like these stories: