မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရှေ့နေအဖွဲ့ဝင် ဒေါ်ရွက်နုအောင်ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား ထောက်ပံ့ခဲ့သည်ဟုစွပ်စွဲပြီး အကြမ်း ဖက်မှုပုဒ်မဖြင့် ယနေ့အမှုဖွင့်လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။
ဒေါ်ရွက်နုအောင်အနေဖြင့် ဧပြီ ၂၇ ရက်က မန္တလေးအိုးဘိုထောင်အတွင်းရှိ အထူးတရားရုံတွင် ဒေါက်တာဇော်မြင့်မောင်၏ အမှုအား ရုံးထုတ်စစ်ဆေးပြီးအပြန်၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ၎င်း၏ ရုံးခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့နေတဦးက “ဒီနေ့ပဲ သူ့ကို အကြမ်းဖက် သတ်မှတ်ထားတဲ့အဖွဲ့တွေကို ထောက်ပံ့တယ်လို့ စစ်ကောင်စီက စွပ်စွဲအမှုဖွင့် ပြီး ခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ရမန်ယူတယ်လို့ သိရတယ်” ဟု ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး ရှေ့နေဒေါ်ရွက်နုအောင်အား မေ ၁၂ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ဒေါ်ရွက်နုအောင်အား ဖမ်းဆီးစဉ် ၎င်းနှင့်အတူ ဖမ်ဆီးခံရသည့် ရှေ့နေအမျိုးသမီးတဦးမှာ နောက်တရက် တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
လက်ရှိ ဒေါ်ရွက်နုအောင်အား အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပုဒ်မတပ်ထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) သည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ် နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။
ရှေ့နေဒေါ်ရွက်နုအောင်သည် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အပြင် အာဏာသိမ်းစစ်ကောင်စီ၏ စွပ်စွဲကာ ဖမ်းဆီး တရားစွဲဆိုခြင်း ခံနေရသည့် အခြားသော မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့၏ အမှုများကိုလည်း ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်သည်။
မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် PDF အဖွဲ့ဝင်တဦး၏ ထွက်ဆိုချက်အရ ဒေါ်ရွက်နုအောင် အနေဖြင့် ၎င်းတို့အား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်သည့်အတွက် ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်ဟု One News Myanmar သတင်းဌာနက ယနေ့ သတင်းဖော်ပြထားသည်။