ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အထက်လက်မွန်ကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသခံ ချင်း ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ကြား ယမန်နေ့မှ စတင်၍ ယနေ့တိုင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရ သည်။
ယမန်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီထိ တကြိမ်၊ ညနေ ၅ နာရီမှ ၆ နာရီထိ တကြိမ် စစ်ကောင်စီတပ်နှင့် ကန်ပက်လက် CDF တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိ ချင်းလမွန်ကျေးရွာသို့ ဝင် ရောက်ကာ ကျေးရွာအတွင်း ကျန်ရှိနေသော ရွာသားများကို ဖမ်းပြီး ဓားစားခံလုပ်ထားကြောင်း CDF ကန်ပက်လက် တပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဆလိုင်းထွန်းလိန်းထလ်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “မနေ့က အထက်လက်မွန်ကျေးရာအနီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ယောက်လောက် သေတယ်။ ဒဏ်ရာရ တဲ့ လူတွေလည်း ရှိနိုင်တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အနီးကပ် တိုက်ခိုက်တဲ့အခါ သူတို့ဘက်က ကျတာပေါ့။ သူတို့ အထိနာတဲ့အတွက် လက်မွန်ရွာကို ဝင်ပြီးတော့ ထွက်မပြေးနိုင်ဘဲ ကျန်နေတဲ့ ရွာသားတချို့ကို စစ်ကောင်စီက ဓားစာခံ လုပ်ထားပြီး အခု ရွာထဲမှာနေကြတယ်” ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် The Youth Force (ဆော၊ ကျောက်ထု)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) – ညောင်ရမ်း၊ ဆော PDF တပ်ရင်း (၂) (YRPA) တို့မှ စစ်ကူ၍ ပူးပေါင်း တိုက်ခိုက်ပေးခဲ့ကြောင်း၊ CDF ကန်ပက်လက်နှင့် ပူပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက် မရှိကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်ထားသည်။
ယနေ့တွင်လည်း ချင်းလက်မွန်ကျေးရွာနှင့် ၂ မိုင်ခန့် အကွာ၌ စစ်ကောင်စီတပ်နှင့် CDF တပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ပြင်း ထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်သည့်အတွက် ယင်းတိုက်ပွဲဖြစ်ပွားရာ အနီးမှ CDF စခန်းတခု ဆုတ်ခွာပေးလိုက်ရကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။
လက်ရှိအချိန် (ညနေ ၆ နာရီကျော်) ထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အင်အားအများပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များဘက်မှ မကွေးတိုင်း၊ ဆောမြို့နယ်ဘက်က PDF များ လာရောက် စစ်ကူပေးနေရကြောင်း သိရသည်။
ဧရာဝတီက ဆက်သွယ်သည့် အချိန်ထိ တိုက်ပွဲများ ဖြစ်နေသည့်အတွက် တိုက်ပွဲ အနေအထားနှင့် နှစ်ဖက်ထိခိုက်မှု အသေးစိတ် အခြေအနေများကို မေးမြန်း၍ မရသေးပါ။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၁၈၀ ကျော် ပါဝင် ကြောင်း၊ မကွေးတိုင်း ကျောက်ထုဘက်မှ ထွက်ခွာလာခြင်း ဖြစ်ကာ ဇွန် ၆ ရက်က ကန်ပက်လက်မြို့နယ်အတွင်းသို့ ရောက်ရှိပြီးနောက် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သော ကန်ပက်လက် CDF နှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က စစ်ကောင်စီတပ်နှင့် CDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ချင်းနှင့် ဗမာတို့ အတူယှဉ်တွဲ နေထိုင်သည့် အထက်လက်မွန်ကျေးရွာနှင့် ချင်းတိုင်းရင်းသားများသာ နေထိုင်သည့် ချင်းလက်မွန် ကျေးရွာဟူ၍ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းလက်မွန်ကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ယခုအခါ တိုက်ပွဲကြောင့် ဒေသခံများ နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
“ကျမတို့ နေရာမှာ အခုတိုက်ပွဲက အသည်းအသန် ဖြစ်နေတယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ကျမ တို့ရွာကို ဝင်လာတော့ ရွာသားတွေ တောထဲကို အကုန်ဝင်ပြေးနေရတယ်။ တချို့ကတော့ ထွက်ပေါက်မရတာနဲ့ တူတယ်။ ရွာမှာ ကျန်ခဲ့တယ်။ အခု အဲဒီလူတွေကို ကြိုးနဲ့တုပ်ပြီး စစ်သားတွေက ရိုက်ကြတယ်လို့ ကြားတယ်။ အဲဒီ ကျန်နေခဲ့တဲ့ ရွာ သား ၅ ယောက်လောက်ကို ဓားစာခံသဘောမျိုးနဲ့ ဖမ်းထားကြတယ်” ဟု ချင်းလက်မွန်ကျေးရွာသူတဦးက ပြောသည်။
အဆိုပါ ချင်းလက်မွန်ကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သားများသည် ကျေးရွာသားတချို့ကို ဓားစာခံ အဖြစ် ဖမ်းဆီးထားသလို ကျေးရွာအတွင်း ကျန်နေခဲ့သည့် အိမ်မွေးတိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်မှုများ ပြု လုပ်နေသည်ကို မြင်တွေ့ရကြောင်း ကင်းထောက်အဖြစ် စောင့်ကြည့်နေကြသည့် ကျေးရွာသားများက ဆိုသည်။