ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးအား သေဒဏ် စီရင်ကွပ်မျက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးမျိုးသော ဝေဖန်သုံးသပ်မှုများနှင့်အတူ ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစုများက အပြင်းအထန် ကန့်ကွက် ရှုတ်ချမှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
စစ်ကောင်စီ၏ သေဒဏ် အတည်ပြု ဆုံးဖြတ်ချက်သည် နိုင်ငံ၏ တည်ဆဲဥပဒေ၊ စီရင်ထုံးတမ်းများနှင့် ညီညွတ်ခြင်း မရှိ သည့်အပြင် နိုင်ငံတကာ ဥပဒေ၊ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များအား ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ကန့်ကွက်သူများက အခိုင်အမာ ပြောဆိုခဲ့ကြပြီး အာဏာသိမ်း စစ်ကောင်စီအား တရားမဝင် စစ်အစိုးရအဖြစ် မီးမောင်းထိုးပြကြသည်။
အကြီးမားဆုံးသော ပြစ်ဒဏ်ဖြစ်သည့် သေဒဏ်စီရင်မှုအား ရွေးကောက်ခံ တရားဝင် အစိုးရတရပ်က ခန့်အပ်သည့် အဆင့်ဆင့်သော တရားရုံးများ၏ အမိန့်အပေါ် အယူခံ တင်ပြခွင့်နှင့် နောက်ဆုံးအဆင့် နိုင်ငံတော် သမ္မတထံ အသနားခံ တင်ပြမှု ပယ်ချခံရပြီးသည့်နောက်မှသာ သေဒဏ်စီရင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ထောက်ပြသည်။
လက်ရှိ နိုင်ငံတော် အာဏာ ရယူထားသည်ဆိုသော အာဏာသိမ်း စစ်ကောင်စီသည် ရွေးကောက်ခံ တရားဝင် အစိုးရ တရပ် မဟုတ်သည့်အတွက် ၎င်းတို့၏ သေဒဏ်အတည်ပြုခြင်းသည် တရားဥပဒေနှင့် ညီညွတ်မှု မရှိကြောင်းလည်း လေ့ လာသူများက ထောက်ပြကြသည်။
ရွေးကောက်ခံ အရပ်သား အစိုးရအား ဖြုတ်ချကာ အာဏာရယူခဲ့သည့် စစ်ကောင်စီအား ပြည်သူအများစုက အစိုးရအဖြစ် အသိအမှတ်ပြု အုပ်ချုပ်ခွင့် မပေးဘဲ ခုခံပုန်ကန်လျက်ရှိတွင် ကုလသမဂ္ဂကလည်း အစိုးရတရပ်အဖြစ် ကိုယ်စားပြုခွင့်မပေးထားသည့်အပြင် အာဆီယံကလည်း နိုင်ငံရေးအရ အစိုးရတရပ်အနေဖြင့် အစည်းအဝေးများ ကိုယ်စားပြု တက်ရောက်ခွင့် မပေးသေးပေ။
ယင်းပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်တွင် ရှိနေသည့် တရားရုံးများသည်ပင်လျှင် ပြည်သူအများ သိမြင်ကြားနာနိုင်ခွင့် ဆိုသည့် ပွင့်လင်းမြင်သာ မျှတမှု မရှိတော့ဘဲ နိုင်ငံရေးအရ ဖမ်းဆီးထားသူများအား စစ်ဆေးစီရင်ရန် တရားသူကြီးများကိုပင် အကျဉ်းထောင် ပရဝုဏ်များထဲက အထူးတရားရုံးများထံ လာရောက်စေကာ ပြစ်ဒဏ်များ ချမှတ် စေလျက်ရှိသည့်အတွက် လူထုက ယုံကြည်မှု ကင်းမဲ့လျက် ရှိသည်။
လက်ရှိ ပို၍ ဆိုးဝါးသော အချက်သည် ၎င်းတို့ ဖန်တီးထားသည့် စစ်ခုံရုံးဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးအား ၎င်းတို့ စွပ်စွဲချက်၊ ထင်မြင်ယူဆချက် သက်သက်ဖြင့် သေဒဏ်အမိန့်ချခဲ့ပြီး အတည်ပြု ကွပ်မျက်ရန်အထိ ကြိုးပမ်းလာခြင်း ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီနှင့် နိုင်ငံကျော် ဟစ်ဟော့ တေးဂီတအဖွဲ့ ACID အဖွဲ့ဝင် အဆိုတော်လည်းဖြစ်၊ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ကိုဖြိုးဇေယျာသော်တို့အား ရန်ကုန် မြို့တွင် လက်နက်များနှင့်အတူ ဖမ်းမိပြီးနောက် စစ်ကောင်စီ ထောက်တိုင်များအား လုပ်ကြံသတ်ဖြတ်မှုများတွင် ကြိုးကိုင် စီစဉ်ခဲ့သူများဟု စွပ်စွဲကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က စစ်ခုံရုံးဖြင့် သေဒဏ်ချခဲ့ခြင်း ဖြစ်သည်။
အခြားသူ နှစ်ဦးဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် အနေဖြင့်လည်း လှိုင်သာယာမြို့နယ်တွင် အမျိုးသမီး တဦးအား ဒလန်ဟု ဆိုကာ သတ်ဖြတ်မှုတွင် ပါဝင်သည် ဟုဆိုကာ စစ်ခုံရုံးဖြင့် သေဒဏ်ချခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ အကျဉ်းနည်းဖြင့် အမိန့်ချသော စစ်ခုံရုံးတွင် သေဒဏ်ချခံရသူ ၄ ဦးစလုံး ရှေ့နေ ငှားရမ်းခွင့်၊ ခုခံချေပခွင့် အခွင့်အရေးများ မရခဲ့ကြဘဲ တဖက်သတ်စွပ်စွဲချက်ဖြင့် ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “ချမှတ်လိုက်သည့် သေဒဏ်အမိန့်သည် မြန်မာနိုင်ငံမှာရှိနေတဲ့ စီရင်ထုံးပါ သက်သေ သာဓကတွေအရ လွတ်လပ်တရားမျှတမှု ကင်းမဲ့တဲ့အတွက်၊ စတင်ချစဉ်ကပင် ပျယ်ပြယ်သော အမိန့်လို့ ဆိုနိုင်တဲ့ အနေအထား ရောက်နေသည့်အတွက် ဒီသေဒဏ်အမိန့်ကို ထပ်ပြီးတော့ အတည်ပြုခွင့်၊ ကြိုးပေးကွပ်မျက်နိုင်သည့် အမိန့်ချ မှတ်ပိုင်ခွင့် မရှိဘူးလို့ သုံးသပ်လို့ ရပါတယ်” ဟု ပြောသည်။
သေဒဏ် အတည်ပြုစီရင်ခြင်းနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် ကျင့်သုံးခြင်း မရှိတော့သည်မှာ ယခင်စစ်အစိုးရ လက်ထက်က စတင်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာပြီ ဖြစ်သည်။ ယင်းကာလများအတွင်း သေဒဏ် ချမှတ်ခံရသူဦးရေ ၃၀၀ ခန့်ရှိသော်လည်း စီရင်ကွပ်မျက်ခြင်း မရှိခဲ့ကြကြောင်း နိုင်ငံရေး လေ့လာသူများက ပြောသည်။
အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် နိုင်ငံရေး အတိုက်အခံ တဦးအပေါ် နောက်ဆုံးသော သေဒဏ်စီရင်မှုသည် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ခုနှစ်တွင် စီရင်ခဲ့ခြင်းဖြစ်ပြီး သေဒဏ်ကျ ရာဇဝတ် အကျဉ်းသားအား နောက်ဆုံး သေဒဏ် စီရင်မှုမှာသည် ၁၉၈၈ ခုနှစ် မတ်လအတွင်းက တောင်ငူအကျဉ်းထောင်တွင် အကျဉ်းသား နှစ်ဦးအား ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်။
ယင်းအတွက် ဆယ်စုနှစ်သုံးခုကြာ အစဉ်အလာ မရှိတော့သည့် သေဒဏ်စီရင်မှုအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦး ဆောင်သည့် အာဏာသိမ်းအဖွဲ့က ပြန်လည် ကျင့်သုံးရန် ကြိုးပမ်း ခြေလှမ်းလာမှုအပေါ် ဥပဒေအရ ညီညွတ် တရားဝင်မှု မရှိဘဲ လက်စားချေ သတ်ဖြတ်မှုသာ ဖြစ်ကြောင်း ရှေ့နေတဦးက ဝေဖန်ပြောကြားသည်။
၎င်းက “လက်ရှိ အခြေအနေမှာ မျက်စိစုံမှိတ်ပြီးတော့ ကြိုးပေး ကွပ်မျက်ခြင်း၊ ကြိုးဒဏ်ကို အတည်ပြု ဆောင်ရွက်ခဲ့မယ် ဆိုရင် ဥပဒေနဲ့မညီဘဲနဲ့ ဒါဟာ ရာဇဝတ်ကြောင်းအရ လူသတ်မှု ဖြစ်သွားပါလိမ့်မယ်။ သတ်ချင်လို့ သတ်တဲ့ လက်စား ချေတဲ့ လူသတ်မှုပဲ ဖြစ်ပါလိမ့်မယ်” ဟု သုံးသပ်သည်။
ယင်းပြင် အာဏာ လက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် အစိုးရတရပ်အဖြစ် ခံယူထားမည် ဆိုပါကလည်း ကိုယ်တိုင်က ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်ပြီး ထိုသို့ မဟုတ်ဘဲ အာဃာတဖြင့် ဆောင်ရွက်မည်ဆိုပါက ဥပဒေမဲ့ အဖွဲ့အစည်း တခုသာ ဖြစ်နေမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြီး ပြောသည်။
သို့သော် “ မလုပ်ရဲတာ ဘာမှ မရှိဘူး” ဟု ကြွေးကြော်ကာ အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တရား ဥပဒေနှင့် ညီခြင်း မညီခြင်း၊ လူ့အခွင့်အရေးကို ဖောက်ဖျက်ခြင်း အကြောင်းတရားများဖြင့် ဝေဖန်တောင်းဆိုမှုများသည် အရာထင်ဖွယ် မရှိပေ။
အာဏာသိမ်းပြီးကတည်းက ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်၊ မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေသည့် စစ်ခေါင်း ဆောင်အနေဖြင့် လူ့အခွင့်အရေးနှင့် ဥပဒေများအား အလေးထား လိုက်နာမှု မရှိသည်ကို အကြိမ်ကြိမ် သက်သေပြထားပြီ ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စာရင်းများအရ စစ်တပ် အာဏာသိမ်းကာလ အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ဇွန်လ ၆ ရက်ထိ သေဆုံးခဲ့သူ ပြည်သူ ၁၉၀၆ ဦး ရှိပြီ ဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသူများမှာလည်း ၁၁၄ ဦးရှိ ပြီဖြစ်ကြောင်း သိရသည်။
ယင်းပြင် လူထုအား ပစ်မှတ် တိုက်ခိုက်မှုအဖြစ် နိုင်ငံတဝှမ်း ရာနှင့်ချီသော ကျေးရွာများမှ နေအိမ်ပေါင်း တသောင်းကျော် အား မီးရှို့ဖျက်ဆီးကာ လူသိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုယ်တိုင်ကလည်း သေဒဏ်နှင့် ပတ်သက်ပြီး ပြင်ဆင်ချက်၊ အသနားခံစာအား ပယ်ချလိုက်ပြီဖြစ်သည့်အတွက် အမှန်တကယ် သေဒဏ်ပေးမည်ဖြစ်ကြောင်းနှင့် အကျဉ်း ထောင် ဥပဒေများအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောထားသည်။
ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ပြောခွင့်ရှိသူ ပဒို စောတောနီးက “တိုင်းပြည်မှာ ဘာဆိုဘာမှကို တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိဘူး။ မရှိတဲ့အခါကျတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ဟာက အဲဒီလူ နှစ်ယောက် (ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်) တင် မကဘူး။ လုံးဝကို ဘာမှ မဆီမဆိုင် လူထုတောင်မှ နေ့တိုင်း သတ်ဖြတ်ခံနေရ တယ်၊ မီးရှို့ခံနေတယ်၊ ရွာတွေ မီးလောင်တိုက်သွင်းခံနေရတယ်။ ဒီလို အချိန်မှာ ရှောင်လွဲလို့ မရဘူး၊ ရည်မှန်းချက်ကိုပဲ ရောက်အောင်သွားဖို့ပဲ လိုတယ်” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်စီရင်ရန် ဆုံးဖြတ်ချက်သည် ပိုမိုပြင်းထန် ကျယ်ပြန့် လာသည့် လူထု ခုခံတော်လှန်မှုအား အကြောက်တရားဖြင့် အရှိန် ရပ်တန့်သွားစေရန်နှင့် နိုင်ငံတကာ ဖိအားတို့ အပေါ်တွင် ညှိနှိုင်းအပေးအယူ လုပ်ရန်အတွက် နိုင်ငံရေး ဓားစာခံအဖြစ် အသုံးချခြင်းဖြစ်ကြောင်း သုံးသပ်သူများစွာလည်း ရှိနေကြ သည်။
ယင်းပြင် သေဒဏ် အတည်ပြုဆုံးဖြတ်ချက်သည် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံပဋိပက္ခများ ချုပ်ငြိမ်းရေး နိုင်ငံတကာ တောင်းဆိုချက်များနှင့် အာဆီယံ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးတို့ အပါအဝင် ဘုံသဘောတူညီချက် ၅ ချက်နှင့်လည်း ကိုက်ညီမှု မရှိကြောင်း ထောက်ပြကြသည်။
သို့သော် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် တို့အား စစ်ကောင်စီက အမှန်တကယ် သတ်ဖြတ်လိမ့်မည်မဟုတ် ဟူသော ယူဆချက်ကိုမူ မည်သူမျှ ယတိပြတ် ပြောဆိုခြင်း မရှိကြပေ။
စစ်အာဏာရှင်စနစ်အား ခုခံတော်လှန်နေသည့် လူထုအတွက်မူ စစ်ကောင်စီအနေဖြင့် အမှန်တကယ် ကွပ်မျက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပိုမို ကြီးမားသည့် တန်ဖိုးများ ပေးဆပ်ထားပြီ ဖြစ်သည့်အတွက် ကြောက်ရွံ့ နောက်ဆုတ်မည် မဟုတ်ဘဲ ပိုမိုပြင်းထန်သည့် ခုခံတော်လှန်မှုကိုသာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
၎င်းက “ပြည်သူတွေ ပေးဆပ်ထားရတဲ့ တန်ဖိုးက ဒီထက်အများကြီး ကြီးနေပြီ။ အဲဒီတော့ သူတို့ ဘယ်လိုပဲလုပ်လုပ် လူထု က ဒီထက်ပိုပြီး ကြောက်စရာ မရှိတော့ဘူးလို့ နားလည်တယ်၊ ခင်ဗျားတို့ (စစ်ကောင်စီ) ဒါကို တကယ်လုပ်မယ်ဆိုရင် တော့ တနေ့ကျတဲ့အခါ ခင်ဗျာတို့ ဒီထက်ပိုပြီးတော့ အပြင်းအထန် ရင်ဆိုင်ရမယ်ဆိုတာ ကျနော် ဒါပဲ သတိပေးချင်ပါ တယ်။ အသွင်ကူးပြောင်းရေး ကာလရောက်တဲ့အခါ ဘယ်လိုမှ ညှာလို့ မရတော့ဘူး။ အမှန်တရားကို အမှန်တိုင်းပဲ လုပ် ရမယ်” ဟု ပြောသည်။
၎င်းကဲ့သို့ပင် အခြားသော နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း စစ်ကောင်စီအနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာ သော်တို့အား အမှန်တကယ် သေဒဏ် ပေးကွပ်မျက်ပါက လူထု၏ နာကျည်းမှုမှာ ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး အောက်ခြေ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် သတင်းပေးထောက်တိုင်များအပေါ် သတ်ဖြတ်မှုများ ပိုမို များပြားလာနိုင်ကြောင်း ပြောဆိုကြသည်။
နိုင်ငံရေး လေ့လာသူတဦးက “မဖြစ်သင့်၊ မဖြစ်အပ်တဲ့ဟာတခုကို မျက်စိမှိတ်ပြီး ရှေ့တိုးလိုက်ရင်တော့ မီးပုံထဲကို ဓာတ်ဆီ လောင်းထည့်လိုက်သလိုဖြစ်ပြီး တနိုင်ငံလုံးမှာ ဟုန်းဟုန်းတောက်သွားပြီးတော့မှ ပြည်သူလူထုရဲ့ ဆန့်ကျင်တော်လှန်မှုဟာ D-Day ခေါ်စရာ မလိုဘဲ တနိုင်ငံလုံး ပေါ်ပေါ်လာပြီး မကြာခင်မှာ ကြီးမားပြင်းထန်တဲ့ ပဋိပက္ခကို ကြုံတွေ့ရလိမ့်မယ်လို့ပဲ သုံးသပ်မိပါတယ်။ ဆောင်ရွက်လိုက်တဲ့ အကျိုးဆက်ကလည်းပဲ ကိုယ့်ဆီပဲ မကြာခင် ပြန်ရောက်လာဖို့ အနေအထား ရှိတဲ့အတွက် အဖက်ဖက်ကနေ ထိန်းချုပ်ပြီးတော့ ဆောင်ရွက်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံအများအပြားက သေဒဏ်စီရင်မှုအား ဖျက်သိမ်းကြရန် တောင်းဆိုကြိုးပမ်းနေကြပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံ ကျော်က သေဒဏ်ပေးမှုအား ဖျက်သိမ်းထားကြောင်း သိရသည်။
ယင်းအတွက် သေဒဏ်ပေးခြင်းအား ပယ်ဖျက်ခြင်း မရှိသေးသော်လည်း ကွပ်မျက်မှု မရှိသည်မှာ နှစ် ၃၀ ကျော် ကြာပြီဖြစ် သည့် မြန်မာနိုင်ငံတွင် လက်ရှိ သေဒဏ်အတည်ပြုစီရင်ရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်အား ပယ်ဖျက်ပေးရန်လည်း တောင်းဆိုထားကြသည်။
သို့သော် စစ်ကောင်စီသည် သေဒဏ် အတည်ပြုမှုအား ကန့်ကွက်ရှုတ်ချကာ ပြန်လည်ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြ သည့် ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့၏ ပြောဆိုချက်များအား တာဝန်မဲ့ပြောဆိုမှုအဖြစ် ကန့်ကွက် ကြောင်း ပြင်းထန်စွာ တုံ့ပြန်ထားသည်။
၎င်းတို့၏ လက်အောက်ခံ အာဘော်သတင်းစာ “ မြန်မာ့အလင်း” တွင်လည်း “ နိုင်ငံရေး ရည်မှန်းချက်အတွက် အပြစ်မဲ့ အရပ်သားများကို လုပ်ကြံသတ်ဖြတ်ခဲ့သူသည် အကြမ်းဖက် လူသတ်သမားသာဖြစ်ပြီး တရားဥပဒေနှင့်အညီ တရားစီရင်မှု သည် တရားရုံးတို့၏ တာဝန်ဖြစ်သလို ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိပိုင်ခွင့်ပင် ဖြစ်ပါကြောင်း” ဟူ၍လည်း ဖော်ပြခဲ့သည်။
အဆိုပါ ဖော်ပြချက်ဖြင့် ၎င်းတို့ တဖက်သတ် စွပ်စွဲချက်ဖြင့် ခုခံချေပခွင့် မပေးဘဲ သေဒဏ်ကဲ့သို့သော ကြီးလေးသည့် ပြစ်ဒဏ်များအား စစ်ခုံရုံးဖြင့် အမိန့်ချ မှတ်နေမှုများသည် တရားမျှတသယောင် ပုံဖော်ထားသည်။
လက်ရှိတွင် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးအား သေဒဏ်အတည်ပြုကြောင်း စစ်ကောင်စီ ထုတ်ဖော် ပြောကြားချက်သည့် ဇွန်လ ၃ ရက်မှစတင်ပါက တပတ်ခန့် ရှိလာချိန်တွင် အင်းစိန်ထောင်အတွင်း၌ သေဒဏ်စီရင်မည့် သူ များအား လုပ်ဆောင်လေ့ရှိသည့် ကိုယ်အလေးချိန် တိုင်းခြင်း၊ ဆေးစစ်ခြင်း စသည့် လုပ်ဆောင်မှုများ ပြုလုပ်နေကြောင်း အချိန်ကိုက် သတင်းများလည်း ထွက်ပေါ်နေသည်။
သို့သော် အဆိုပါသတင်းများနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောခွင့်ရှိသူ ဦးခင်ရွှေက ငြင်းဆိုခဲ့ပြီး မည်သည့် ဆောင်ရွက်ချက်မှ မရှိကြောင်းနှင့် ပုံမှန်ရုံးလုပ်ငန်းများသာ လုပ်ဆောင်လျက် ရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။
အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ သေဒဏ်ကျ အကျဉ်းသားတဦးအား သေဒဏ်စီရင်ရန် အချိန်အားဖြင့် သေဒဏ် အတည်ပြုသည့်နေ့မှ စ၍ တလခန့် ကြာမြင့်တတ်ကြောင်း သိရသည်။
ယင်းအတွက် အချိန်အားဖြင့် ခန့်မှန်ခြေ သုံးပတ်ခန့်သာ ကျန်ရှိတော့သည့် အခြေအနေတွင် အကြမ်းဖက် သတ်ဖြတ်မှုများ နှင့် ကျဆုံးနိုင်ငံအဖြစ် ဦးတည်နေသည့် တိုင်းပြည်အတွက် သမိုင်းကြောင်းအရ ပြင်ဆင်ခွင့်၊ ခွင့်လွှတ်နားလည်ပေးခွင့် မရ နိုင်တော့သည့် ကွပ်မျက်ရန် ကြိုးပမ်းနေမှုအား စစ်ခေါင်းဆောင်အနေဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို စောင့် ကြည့်ရမည် ဖြစ်သည်။
You may also like these stories:
နိုင်ငံတကာ အနေနဲ့ ကြည့်မနေဖို့ ကိုဖြိုးဇေယျာသော် ဇနီးတောင်းဆို
အတိုက်အခံများကို ကွပ်မျက်မှာ ရပ်ပေးပါ
အိုးဘိုထောင် အာဏာပိုင်များက နိုင်ကျဉ်းများကို ဓားဖြင့်ထိုးပြီး ရိုက်နှက်ဟုဆို
သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ












