စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သေဒဏ် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရှိသူက ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော် အနေဖြင့် ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ရာ၌ လက်နက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် စစ်ကောင်စီက စစ်ခုံရုံးဖြင့် သေဒဏ် ချမှတ်ခဲ့ ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သလို နာမည်ကျော် ဟစ်ပ်ဟော့ဂီတအဖွဲ့ ACID ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ကိုဖြိုးဇေယျာသော်ကို သေဒဏ်အတည်ပြုပြီး ကွပ်မျက်မည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်၍ ကိုဖြိုးဇေယျာသော်၏ ဇနီး မသဇင်ညွန့်အောင်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ကိုဇေယျာသော်အမှုနဲ့ ပတ်သက်ပြီး အယူခံဝင်တယ်၊ အယူခံအဆင့်ဆင့် ကုန်ပြီလို့ စစ်ကောင်စီက ပြောထား တာ ရှိတယ်။ အဲဒါ ရှေ့နေကရော ဒီလိုလုပ်ခဲ့တယ်လို့ ပြောလား။ မိသားစုဝင်တွေက ဒီအကြောင်း ဘယ်လောက် သိထား လဲ။ ရှေ့နေနဲ့ မိသားစုဝင်တွေ အနေနဲ့ ကိုဇေယျာသော်ကို တွေ့ခွင့်ရလား။ စကားပြောရတာမျိုး ရှိလား။
ဖြေ ။ ။ ဒီ နိုဝင်ဘာလ ၁၈ ရက်မှာ ကိုဇေယျာသော်ကို သူတို့(စစ်ကောင်စီ) မတရား အကြမ်းဖက်ပြီး ဖမ်းဆီးသွားတယ်။ အဲဒီအချိန်ကစပြီး အခုချိန်ထိ လုံး၀ အဆက်သွယ် မရဘူး။ ကျမတို့ ငှားထားတဲ့ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရှိဘူး။ ဘာ သတင်းစကားမှလည်း မကြားသိရဘူး။ ဘယ်မှာ ရှိနေတယ်ဆိုတာကို ကျမတို့ မသိဘူး။ သူတို့ဘက်က ပြောတဲ့စကားတွေ အားလုံးက ကျမတို့ရဲ့လူနဲ့ တွေ့ခွင့်မရဘဲ၊ ဘာမှမလုပ်ရဘဲ သူတို့ တဖက်သတ် ပြောထားတဲ့ စကားတွေပဲ။ နောက်ပြီး သူ့ရဲ့ သူ့မိသားစုနဲ့လည်း တွေ့ခွင့်မရ။ စကားပြောခွင့် မရဘူး။ သူ့မိသားစုက ဘယ်မှာမှန်းလည်း ကျမ မသိဘူး။
နောက်ပြီး အမှုတွေ ပေါင်းစုံပေါ့။ သူတို့ စိတ်ကြိုက် ခေါင်းစဉ်တပ်ပြီးတော့ ခရိုင်တွေမှာ သူတို့ အမှုတွေ တင်ထားတယ်လို့ လည်း ကျမ ကြားတယ်။ ဒါပေမဲ့ ရုံးမထုတ်ပေးဘူး။ ဗီဒီယိုနဲ့လည်း မထုတ်ပေးဘူး။ လူကိုယ်တိုင်လည်း မထုတ်ပေးဘူး။ ဒါက တရားရုံးဘက်ကို စုံစမ်းလို့ ကျမ သိရှိရတဲ့ဟာပေါ့။
မေး ။ ။ ဒီလိုမျိုး အဆက်သွယ် လုံးဝ မရဘဲနဲ့ သူ့ကို သေဒဏ်စီရင် ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အပေါ်မှာရော ဘယ်လို တုံ့ပြန်ချင်လဲ။
ဖြေ ။ ။ ကျမတို့က ဒီလိုမျိုး မတရား ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ အပြစ်မဲ့ ပြည်သူလူထုပေါ့။ ကျမတို့လည်း ပြည်သူလူထု ထဲက ပြည်သူတွေပဲ။ ကိုဇေယျာသော် ဆိုရင်လည်း သူ အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ Hip-Hop Artist တယောက် ဖြစ်သလို လွှတ်တော်မှာလည်း Lawmaker (ဥပဒေပြဋ္ဌာန်းသူ) တယောက်အနေနဲ့ အလုပ်လုပ်ခဲ့တယ်။ ဒီလိုမျိုး အာဏာ သိမ်းမှု ဖြစ်လာတဲ့အချိန်မှာ ကျမတို့အနေနဲ့ မတရားဖြစ်လာတဲ့ ဒီဖြစ်စဉ်အပေါ် လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အတွက် ပြည်သူလူထုနဲ့အတူတူ ပူးပေါင်းပြီးတော့ ကျမတို့ရဲ့ အခွင့်အရေးတွေကို ကျမတို့ တောင်းဆိုတယ်။ ဒီမိုကရေစီလမ်းစဉ် အတိုင်း ပြန်ရဖို့။ ဒါ (အာဏာသိမ်းမှု) မလုပ်သင့်တဲ့ကိစ္စ။ ကျမတို့ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တယ်။
သူ့ကို ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ သူ့ရဲ့အရင်းနှီးဆုံး လူတယောက်ဖြစ်တဲ့ ကျမအနေနဲ့ ဘယ်လိုမှ ဆက်သွယ်မရဘူး၊ သိခွင့်မရဘူး။ သူ့မိသားစုနဲ့လည်း ကျမ ဆက်သွယ်လို့ မရဘူး။ အဲဒီလို အခြေအနေမှာ အခုလိုမျိုး အမိန့်တွေချတယ်။ သူတို့ ထုတ်ဖော်ပြောကြားချက်တွေအရ ဒါဟာ မတရားအမိန့်ချခံရတယ်။ မတရားမှုတခုပေါ့နော်။ လူတယောက်ကို အမိန့်ချမယ် ဆိုရင်တောင် သူ့ရဲ့မိသားစုနဲ့ တွေ့ခွင့်ပေးရမယ်၊ သူ့ရဲ့ရှေ့နေနဲ့ တွေ့ခွင့်ပေးရမယ်။ ဒီအစီအစဉ်တွေ ကျမ တို့အတွက် ဘာမှ ရှိမနေဘူး။ အဲဒီအတွက်လည်း ကျမ ကိုဇေယျာသော်အတွက် အရမ်းစိုးရိမ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာစသိမ်းကတည်းက ခုချိန်ထိ သူတို့ ဖမ်းဆီးထားတာ ၁ သောင်းကျော်တယ်။ သူတို့ရဲ့ မတရား သတ်ဖြတ်ခံရတာ ၁ ထောင်ကျော်တယ်။ အဲဒီအထဲမှာ လူမမည်ကလေးတွေတောင် ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ၁၈ နှစ်မပြည့်တဲ့ ကလေးတွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေ အကုန်ပါတယ်။ ဒီလို မတရားသေဒဏ် ချမှတ်ခံထားရတာ ၁၀၀ ကျော် ရှိတယ်။ ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင်ပေါ့နော်။
ဒီကိစ္စက လုံးဝကို လူ့အခွင့်အရေးနဲ့ မညီဘူး။ ဘာမှ ကျမတို့ ခုခံချေပပိုင်ခွင့်လည်း မရှိဘူး။ ဒီဟာ လုံးဝကို Unlawful (ဥပဒေနဲ့ဆန့်ကျင်နေ) ဖြစ်တယ်။ သူတို့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေအပြင် တခြားလူငယ်တွေဟာ ဒီတော်လှန်ရေး မှာ အသက်ကိုပေး၊ အားလုံးရင်းပြီး လုပ်ရတယ်။ ကျမတို့ ရှေ့ဆက်ပြီး မတရား မခံနိုင်တော့ဘူး။ ခေတ်အဆက်ဆက် ဒီလို မတရားဖိနှိပ်တာ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ ဒါတွေကို ကျမတို့ သည်းမခံနိုင်သလို ဒါတွေ ဆက်မဖြစ်ဖို့လည်း လိုတယ်။ ပြောရရင် ကျမတို့ ဘဝတွေ၊ အနာဂတ်တွေ၊ မျိုးဆက်သစ်ကလေးတွေ၊ ဒီလူတွေအတွက် အားလုံးက ကိုယ့်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခံ၊ မိသားစုတွေ တကွဲတပြားအဖြစ်ခံ၊ အသေခံပြီးတော့ ကျမတို့ တိုက်ပွဲဝင်နေတယ်။
နိုင်ငံတကာအနေနဲ့ ကျမတို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဒီကိစ္စတွေကို ပြန်ပြီးတော့ ကြည့်ရှုပေးသင့်တယ်။ ဒီလို မတရား သတ်ဖြတ်နေတာတွေကို ဖိအားပေးသင့်တယ်။ အခုဆိုရင် ကိုဇေယျာသော်ကို သူတို့ သေဒဏ် ချမှတ်လို့ရတယ်။ ဒါပေမဲ့ သေဒဏ်စီရင်ခွင့် မရှိတာကို စီရင်မယ်ဆိုပြီး သူတို့ ပြောတယ်။ ဒီကိစ္စဟာဆိုရင် အဆိုးဆုံးကိစ္စ ဖြစ်သွားပြီ။ ဒီကိစ္စကို နိုင်ငံတကာ အနေနဲ့လည်း ကြည့်မနေဖို့ ကျမ တောင်းဆိုချင်ပါတယ်။ ကျမတို့က အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တဲ့ အတွက် အာဆီယံအနေနဲ့လည်း ဒီလို မတရား ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ လူထုခေါင်းဆောင်တွေနဲ့ ပြည်သူလူထုအပေါ်မှာ ထည့်တွက်ဖို့၊ ကြည့်ရှုဖို့ ကျမအနေနဲ့ တောင်းဆိုချင်ပါတယ်။
မေး ။ ။ ကိုဇေယျာသော် အဖမ်းခံရတဲ့နေ့က ဖြစ်စဉ်အကြောင်းလေး ပြောပြပေးပါ။ သူ ပုန်းရှောင်နေတာကို ဘယ်လို သိသွားပြီး သူ့ကို ဘယ်လို ပုံစံမျိုးနဲ့ လာဖမ်းတာလဲဆိုတာ ပြန်ပြောပြလို့ရမလား။
ဖြေ ။ ။ သူနဲ့ ကျမနဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းကနေ သူ့ကိုဖမ်းချိန်ထိ အတူတူ ရှိနေခဲ့ပါတယ်။ သူ့ကို လာရောက်ဖမ်းဆီးချိန်မှာ ဘာအတွက်လာဖမ်းလဲ၊ ဘာကြောင့်လာဖမ်းလဲ ကျမတို့ မသိရဘူး။ ဒီ ရတနာနှင်းဆီအိမ် ရာရဲ့ ၉ လွှာ အခန်းတွေ အကုန်လုံးကို သူတို့ ပြည်သူလူထုဆီက ခွင့်တောင်းခြင်းမရှိဘဲနဲ့ အတင်းဝင်ရောက်စီးနင်းပြီး ရိုက် ဖျက်သွားတယ်။ ကိုဇေယျာသော်ကို သူတို့ ဖမ်းသွားတယ်။ အဲဒီအချိန်မှာ ဘယ်လို အခြေအနေမှန်း မသိတော့ အောက်မှာ ဆင်းပြီး အခြေအနေ ကြည့်မယ်ဆိုပြီး ကျမ ဆင်းလာတယ်။ ကျမ ဆင်းတဲ့အချိန်မှာပဲ သူတို့က သူ့ကိုဖမ်းဖို့ တက်သွား တယ်။ အဲဒီအချိန်မှာ သူတို့ အခန်းတိုင်းကို ရိုက်ဖျက်တယ်။ ကလေးတွေလည်း ရှိတယ်။ လူကြီးတွေလည်း ရှိတယ်။ လူ တွေရဲ့ အော်သံတွေကိုလည်း ကျမတို့ ကြားနေရတယ်။ တော်တော်ကို ကြောက်ရွံ့ဖို့ကောင်းတဲ့ အနေအထားပေါ့။ တော် တော်လည်း ရက်စက်ပါတယ် သူတို့ လုပ်ရပ်က။
အဲဒီအချိန်မှာ ကျမတို့အနေနဲ့ ဘယ်သူမှလည်း မတားဆီးနိုင်ဘူး။ တားဆီးတဲ့သူတွေကို သေနတ်နဲ့ ချိန်ထားတယ်။ ကျမ တို့ကို ပြတင်းပေါက်ကနေတောင် သူတို့ကို ကြည့်ခွင့်မပေးဘူး။ အဲဒီအချိန်မှာ သူ့ကို ဖမ်းဆီးသွားတယ်လို့ ကျမ သိရတယ်။ ဖမ်းဆီးသွားပြီးပြီးချင်း အဲဒီအိမ်ရာကနေ ထွက်လာခဲ့တယ်။ အဲဒီအဖြစ်အပျက်က ကျမ ဒီနေ့အထိ မေ့လို့မရပါဘူး။ မတရား ဖမ်းဆီးခံရတာတွေ၊ အခန်းတွေကို တူတွေ၊ ပလာယာတွေနဲ့ တကယ့်ကို အင်အားကြီးတဲ့ လက်နက်တွေ သုံးပြီးတော့ ရိုက်ဖျက်တာတွေ လူတွေကို ဖမ်းဆီးဖို့လုပ်ခဲ့တဲ့ အသံတွေ၊ မြင်ကွင်းတွေကို ကျမ အခုအချိန်ထိ ဦးနှောက်ထဲကနေ ထုတ်လို့မရပါဘူး။
ကျမတို့ ပြည်သူလူထုမှာ ဘာလက်နက်မှလည်း မရှိဘူး။ နောက်ဆုံး ကျမတို့ အကြမ်းဖက်တယ်ဆိုရင် ခဲလုံးနဲ့ ပြန်ပစ်နိုင်တဲ့ အနေအထားလောက်ပဲ ရှိတဲ့သူတွေကို တခါတည်း သေနတ်တွေ၊ ဗုံးတွေ အများကြီးနဲ့ လာရောက် ဖမ်းဆီးတယ်။ ဒါက ကိုဇေယျာသော် တယောက်တည်း မဟုတ်ဘူး။ တခြားလူတွေကိုလည်း အများကြီးပဲ။ ဒါ နိုင်ငံတဝှမ်းမှာ သူတို့ လုပ်နေတဲ့ လုပ်ဆောင်ချက်ပဲ။ အခုဆိုရင် အိမ်တွေကို မီးရှို့တယ်။
အဲဒီနေ့ ဖြစ်စဉ်မှာ ကျမ လွတ်မြောက်လာခဲ့တယ်။ ဒါပေမဲ့ ကျမတို့ကို မတရား စွပ်စွဲတယ်။ ကျမတို့ဟာ အတူတူစုပေါင်းပြီး တော့ မဟုတ်တာတွေ ကျူးလွန်နေတယ်ဆိုပြီး အသရေဖျက်တယ်။ ဒါတွေ ကျမ အကုန်သိရတယ်၊ ကြားရတယ်။ နောက် ပြီးတော့ ဟန်ငြိမ်းဦးရဲ့ ချန်နယ်မှာဆိုရင် ကျမကို သွားပုပ်လေလွင့်ပြောတယ်။ ကျမကိုမှ မဟုတ်ဘူး။ လူတိုင်းကိုပေါ့။ အဲဒီ နေ့ အဖြစ်အပျက်ကနေ စပြီးတော့ ဒီနေ့အထိ သူတို့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက် အားလုံးက လုံးဝကို မတရား နိုင့်ထက်စီးနင်း လုပ်ဆောင်တာ။
မေး ။ ။ အခု မတရားလည်း စွပ်စွဲခံနေရတယ်။ နောက် ကိုဇေယျာသော်ဆိုတာ အစ်မ ပြောသလို ပြည်သူချစ်တဲ့ အနု ပညာရှင်တဦးလည်းဖြစ်၊ နိုင်ငံရေးသမားလည်း ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်တယ်။ တကယ်လို့သာ စစ်ကောင်စီက သူ အပါအဝင် ၄ ဦးကို ကြိုးကွင်းစွပ်ပြီး စီရင်ခဲ့မယ်ဆိုရင် အစ်မအနေနဲ့ ဘာပြောချင်လဲ။
ဖြေ ။ ။ ကိုဇေယျာသော်က လူငယ်ခေါင်းဆောင်ထဲက ခေါင်းဆောင် တယောက်ပါ။ သူဟာ Hip-Hop Artist တယောက်ဖြစ်သလို ဒီမိုကရေစီအရေးအတွက်လည်း တစိုက်မတ်မတ် အလုပ်လုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ့အကြောင်း သိတဲ့သူတွေ အားလုံးသိတာ ဖြစ်ပါတယ်။ အခု ဖမ်းဆီးပြီးတော့ အခုချိန်ထိ ကျမတို့ ဘာမှ မသိရဘူး။ ဘယ်နေရာမှာ ထားမှန်း မသိရဘူး။ ဘာမှ ဆက်သွယ်လို့ မရဘူး။ မိဘတွေအနေနဲ့ရော၊ ကျမအနေနဲ့ရော၊ ရှေ့နေအနေနဲ့ရော ဆက် သွယ်လို့ မရဘူး။ ဒီလို ကျမတို့ ခုခံချေပပိုင်ခွင့် မရှိဘဲ ဒီလိုမျိုး မတရားအမိန့် ချမှတ်ပြီးတော့ သူ့ကို စီရင်မယ် ဆိုရင်တော့ ဒီအရာဟာ တော်တော်ကို အဆိုးရွားဆုံး ဖြစ်သွားလိမ့်မယ်။
ပြောချင်တာက ကျမတို့ ဒီတော်လှန်ရေးကို လုပ်ခဲ့တယ်ဆိုတာက မတရားမှုကို ကျမတို့ ငြိမ်ခံမနေနိုင်လို့။ ဒါ ရှင်းရှင်းလေး ပါ။ ကျမ အများကြီး မပြောတတ်ပါဘူး။ မတရားမှုကို ငြိမ်ခံမနေနိုင်လို့ ဓမ္မနဲ့အဓမ္မမှာ ဓမ္မဘက်က ရပ်တည်တာပါ။ ဒီလိုလူ တွေကို အမြဲတမ်း ဒီလိုပုံစံမျိုးနဲ့ပဲ ထပ်ကာထပ်ကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေကို ကျမတို့ လုံး၀ လက်မခံနိုင်ပါ ဘူး။ ကိုဇေယျာသော်ကို သူတို့ ပြောတဲ့အတိုင်း စီရင်လိုက်မယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးဆက်ကိုလည်း သူတို့ အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။
မေး ။ ။ ကိုဇေယျာသော် အနေနဲ့ သူရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်မယ်လို့ ယူဆလား။
ဖြေ ။ ။ သူက ဒီမိုကရေစီအရေးကို အမြဲကြိုးစားနေတဲ့သူတယောက် ဖြစ်တဲ့အတွက် သူ့ကို ဘယ်လိုအရာကမှ နောက် ဆုတ်စေမယ်လို့ ကျမကတော့ မထင်ဘူး။ ဘာဖြစ်လို့လဲဆို ကျမတို့ ကိုယ်တိုင်လည်း သူ့ကို အတုယူခဲ့ရတာတွေ အများ ကြီး ရှိပါတယ်။ သူ အပါအဝင် တခြားတခြားသော ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ ကိုဂျင်မီတို့၊ တခြားခေါင်းဆောင်တွေ အနေနဲ့လည်း ဒီလိုမျိုးစုံ အဆုံးစွန်ထိ ဖိနှိပ်မှုတွေ၊ ရက်စက်မှုတွေကို သူတို့ အားလုံးက ကြောက်နေမယ်လို့ ကျမ မထင်ပါ ဘူး။
မေး ။ ။ ကိုဇေယျာသော်က ဘယ်လိုလူမျိုးလို့ ပုံဖော်မလဲ။ ဘယ်လို နိုင်ငံရေးသမားမျိုး ဖြစ်မလဲ။
ဖြေ ။ ။ သူ့ကို ကျမတို့ စသိတဲ့ ACID (Hip-Hop ဂီတအဖွဲ့) စထွက်ချိန်ကနေ ခုချိန်ထိက သူဟာ သူ့အလုပ်ကို သူ လုပ်တဲ့သူ။ မတရားမှုကို ငြိမ်မခံတတ်တဲ့သူ။ ဘယ်သူ့ပေါ်မှာမှ သူ အခွင့်အရေး မယူဘူး။ နိုင့်ထက်စီးနင်း မလုပ်ဘူး၊ မပြော ဘူး၊ ဒီလို လူစားပေါ့။ ဒီ အာဏာသိမ်းတဲ့ ဖြစ်စဉ်မှာလည်း ဒါဟာ မဖြစ်သင့်ဘူး၊ မလုပ်သင့်ဘူးဆိုတာ သူ အမြဲတမ်း ပြော တယ်။ ဒါဟာ မဖြစ်မနေ တော်လှန်ရမယ့်ကိစ္စဆိုတဲ့ အသိတရားကိုလည်း သူ တတ်နိုင်သလောက် မျှဝေတယ်၊ ဖြန့်ဝေ တယ်။ ကျမ မြင်တဲ့အမြင်ကတော့ သူဟာ သူ မှန်တယ်ထင်လို့ လုပ်ခဲ့တဲ့အရာတွေကို ဘယ်အချိန်ထိပဲဖြစ်ဖြစ် လုပ်နေဦး မယ်၊ ဆက်လုပ်သွားမယ်လို့ မြင်တယ်။
မေး ။ ။ ကိုဇေယျာသော်တို့ သတင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပေါ် ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိတယ်ထင်လဲ။
ဖြေ ။ ။ ကိုဂျင်မီတို့၊ ကိုဇေယျာသော် အပါအဝင် ၄ ဦးကို သေဒဏ်ချမှတ်တဲ့အပေါ် လူထုတုံ့ပြန်မှုက ဘယ်လို ရှိလာနိုင် လဲဆိုတာ သူတို့ (စစ်ကောင်စီ) လည်း အသိဆုံးဖြစ်မှာပဲ။ ကျမတို့ အနေနဲ့လည်း ဒီကိစ္စကို လက်မခံနိုင်သလို တော်လှန် ရေးကလည်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။
မေး ။ ။ ဆန္ဒပြပွဲတွေကို ဘယ်လလောက်အထိ ပါဝင်ဆန္ဒထုတ်ဖော်ခွင့် ရခဲ့လဲ။ အဲဒီကနေ ဘာကြောင့် ပုန်းရှောင်သွား ရလဲ။
ဖြေ ။ ။ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ မတရား ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထုကို လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီဟာက အရာမဝင်ဘူး။ အရာမဝင်တဲ့အပြင် ငြိမ်းချမ်းစွာတောင်းဆိုတဲ့ ပြည်သူလူထုတွေကို ရက်ရက်စက်စက် သူတို့ ပစ်ခတ်နှိမ် နှင်းတယ်။ အကြမ်းဖက်ပြီးတော့ ဖမ်းဆီးတယ်၊ သတ်ဖြတ်တယ်။
ကျမတို့ တတ်နိုင်သမျှ လမ်းပေါ်ထွက်လို့ ရလောက်တဲ့ အချိန်ထိ ကျမတို့ ထွက်ခဲ့တယ်။ လူထုနဲ့အတူ ပါဝင်တယ်။ တတ်နိုင်သလောက် လုပ်ခဲ့တယ်။ ခုအချိန်ထိလည်း တော်လှန်ရေးကို လုပ်လို့ရတာတွေ လုပ်နေတုန်းပဲ။ သူတို့ကို မတရား ဖမ်းဆီးချုပ်နှောင်ထားပေမယ့် သူတို့စိတ်ကိုတော့ ချုပ်နှောင် လို့ မရဘူး။ သူတို့လည်း သူတို့ ရောက်ရှိတဲ့နေရာမှာ တော်လှန်ရေးကို တတ်နိုင်ရာလုပ်နေမယ်လို့ ကျမ ယုံကြည်သလို ကျမတို့ အပြင်မှာရှိတဲ့ တော်လှန်နေတဲ့ ပြည်သူလူထုတွေ၊ ရဲဘော်တွေ အကုန်လုံးကလည်း တော်လှန်ရေးကို ဒီထက်ပိုပြီး အားစိုက်ထုတ်ပြီး အလုပ်လုပ်နေမယ်လို့ ယုံကြည်တယ်။
မေး ။ ။ စစ်ကောင်စီက သတင်းထုတ်ပြန်တော့ အစ်မပစ္စည်းတွေကိုပါသိမ်းပြီး Passport (နိုင်ငံကူးလက်မှတ်) ကိုပါ ဖျက်သိမ်းလိုက်တယ်။ အစ်မကိုလည်း စွပ်စွဲတာတွေ ရှိတယ်။ အဲဒီ အချိန်ကတည်းက အစ်မ စရှောင်ရတော့ ဘယ်လို အခက်ခဲတွေ ရှိခဲ့လဲ။
ဖြေ ။ ။ အိမ်မှာ ကျမရဲ့ ပိုက်ဆံအိတ်ထဲက ကျမရဲ့ ဘဏ်ကဒ်နဲ့ မှတ်ပုံတင်ကို တွေ့တယ်။ နောက်ပြီး ကျမရဲ့ Passport ကို ပြတယ်။ အဲဒီအိမ်မှာ ကျမရဲ့ Passport မရှိပါဘူး။ Passport သည် ကျမ ဘယ်နိုင်ငံမှလည်း မသွားတဲ့အတွက် ကျမ အတွက် Passport ဆိုတာ မေ့တောင်မေ့နေတာ။ အဲဒီတော့ Passport ရုံးမှာ ကျမအကြောင်း သိချင်တော့ သွားထုတ် တယ်။ ကျမက Passport နဲ့ တခြားနိုင်ငံကို ပြေးပြီးတော့ မတရားမှုကို ကျူးလွန်မယ်လို့ ကျမကို နာမည်ဖျက်တယ်။
အဲဒီကနေ သူ့ကို ဖမ်းမိသွားချိန်ကနေ စပြီးတော့ ဒီနေ့ဒီအချိန်ထိ သူတို့ ဖမ်းမမိအောင် ကျမ နေထိုင်တယ်။ အဲဒီအတွက် ကျမ အများကြီး ခက်ခဲခဲ့ပါတယ်။ သူ မရှိတဲ့အချိန်မှာ တယောက်တည်း ရုန်းကန်ရတဲ့ အနေအထားပေါ့။ ဒါပေမဲ့ ကျမ လုံး၀ စိတ်ဓာတ် မကျဘူး။ မတရားမှုကို တော်လှန်လို့ ထောင်ကျကြတယ်။ သူတို့ ဘယ်လောက်ထိ ချနိုင်မလဲပေါ့။ ဒီစိတ်နဲ့ပဲ ဖြတ်သန်းတယ်။ အပြင်မှာလည်း ခက်ခဲကြတယ်၊ ပင်ပန်းကြတယ် အားလုံးပဲ။ ဒါပေမဲ့ ဒါတွေကို ကျမတို့ ကြံ့ကြံ့ခံ ရင်ဆိုင် တယ်။ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျမ တော်လှန်ရေးကို အဆုံးထိ သွားမှာပါ။
You may also like these stories:
သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်ရန် စစ်ခေါင်းဆောင် ဆုံးဖြတ်