မကျီး၊ ကုက္ကို၊ ထနောင်းနဲ့ တမာပင်ကြီးတွေ နေပြောက်မထိုးနိုင်လောက်အောင် ယှက်မိုးနေတဲ့ သီလရှင်ချောင်တွေ၊ ဘုန်းကြီးကျောင်းတွေက ဧရာဝတီမြစ်ကို မျက်နှာမူထားပါတယ်။ ဟိုပင်သည်ပင် ခုန်ကူးနေတဲ့ အမြီးဖွားဖွား ရှဉ့်ကလေးတွေ၊ အမြီးရှည်ရှည်နဲ့ ငှက်ကလေးတွေအတွက်တော့ အရိပ်အာဝါသ ကောင်းလှတဲ့ သာသနာ့ပရဝဏ်တိုင်းဟာ အေးငြိမ်းတဲ့ ခိုလှုံရာသာ ဖြစ်ပါတယ်။
မပညာစာရီ (အမည်လွှဲ) ဟာ စစ်ကိုင်းက သီလရှင်ချောင်တခုကို လွန်ခဲ့တဲ့ ၂ နှစ်က ရောက်လာခဲ့ပါတယ်။ သူ့အကြောင်း သိချင်လို့ မေးသူတိုင်းကို “သမီးအကြောင်းကို မမေးနဲ့။ မေးရင် မျက်ရည်ကျသွားလိမ့်မယ်။ သိချင်ရင် ဖွားလေးသွားမေး” လို့ နှုတ်သွက်လျှာသွက် စကားပြောတတ်သူကလေးပေါ့။
အရွယ်မရောက်သေးတဲ့ ကလေးပါမချန် သရမ်းတတ်တဲ့ သူ့အဖေရန်က လွတ်အောင် ငါးနှစ်သမီးကတည်းက မပညာစာရီကို သီလရှင်ချောင် ပို့ထားခဲ့ပါတယ်။ မပညာစာရီရဲ့ အမေက တရုတ်ပြည်မှာ အလုပ် သွားလုပ်နေသလို၊ သူ့အစ်မကတော့ အဖေ့ရန်ရှောင်ရင်း ၁၄ နှစ်သမီး အရွယ်ကတည်းက လင်နောက်လိုက်ပြေး သွားခဲ့ပါတယ်။ ရုပ်ချောတဲ့ မပညာစာရီလေးကို သီလရှင် တသက်လုံးဝတ်မှာလားလို့ မေးရင် “သမီးက အငြိမ့်မင်းသမီး လုပ်ချင်တာ” လို့ သူ့ ဝါသနာကို ပြောပြတတ်ပါတယ်။
“သမီးဓာတ်ပုံတွေကို လိုင်းပေါ်မတင်နဲ့နော်။ အဖေတွေ့သွားမှာ စိုးလို့” ဆိုပြီး ဟန့်တတ်တဲ့ မပညာစာရီမှာ အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာတွေ အများကြီး ရှိခဲ့ပုံပါပဲ။ တခါတလေ လုပ်မှားကိုင်မှားရှိလို့ ဖွားလေးသီလရှင်က ဆူရင် ရှိုက်သံမထွက်ဘဲ၊ မျက်ရည်ပိုးပိုးပေါက်ပေါက် ကျတတ်သူကလေးမို့ သူ မျက်ရည်ထပ်မကျရအောင် ဘာမေးခွန်းမှ မမေးဝံ့တော့လောက်အောင်ပါပဲ။
ကြောင်ကလေး ကံကောင်းလို၊ ချောင်ထဲက ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေလိုပဲ ဒီကျောင်းပရဝဏ်ဟာ မပညာစာရီအတွက် အေးငြိမ်းလုံခြုံတဲ့ ခိုလှုံရာတခုပါပဲ။
ချောင်ဆရာ ဖွားဖွားကြီး သီလရှင်ရဲ့ကြောင်ကလေး ကံကောင်းရယ်၊ ဖွားဖွားကြီးရဲ့မြေး သီလရှင်ကလေး မခေမာရီ (အမည်လွှဲ) ရယ်နဲ့ အဖိတ်ဆန်ခံ အတူသွားနေကျ သီလရှင်ငယ်လေးတွေရယ်က မပညာစာရီရဲ့ အဖော်တွေပေါ့။ ကြောင်ကလေး ကံကောင်းလို၊ ချောင်ထဲက ရှဉ့်ကလေးတွေ၊ ငှက်ကလေးတွေလိုပဲ ဒီကျောင်းပရဝဏ်ဟာ မပညာစာရီအတွက် အေးငြိမ်းလုံခြုံတဲ့ ခိုလှုံရာတခုပါပဲ။
မကြာသေးခင်ကမှ သီလရှင်ချောင်ကိုရောက်လာတဲ့ သမီးငယ်လေး နောက်တယောက်ကတော့ အသက်လေးနှစ် မပြည့်ခင်မှာပဲ ရွာက ထွက်ပြေးခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်လေး တဦးပေါ့။ သမီးက ဘယ်သူ့သမီးလဲ မေးတိုင်း “အမေစုသမီး” လို့ပဲ သူကဖြေတတ်တယ်။ ဖိနပ်ဝယ်ပေးရင်တောင် အနီရောင်ပဲလိုချင်ပြီး အစိမ်းရောင် ဝယ်ပေးရင် လွှင့်ပစ်တတ်တဲ့ သမီးငယ်လေးစိတ်ထဲမှာ ဒီလိုနာကျင်မှု၊ နာကျည်းမှုတွေ ဘယ်လိုများ ဖွဲ့တည်ခဲ့ပါလိမ့်။
အဖေရော၊ အမေပါ ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ထဲ ပါသွားလို့ သီလရှင်အဒေါ်ရဲ့ကျောင်းမှာ ခိုလှုံနေရတဲ့ လူမမယ်ကလေးဟာ ကောင်းကင်ပေါ်က လေယာဉ်သံကြားတိုင်း သူ့မိဘတွေပြောတာကို ကြားဖူးနားဝနဲ့ ခွေးတွေပါလာတဲ့ လေယာဉ်တွေထင်လို့ ကြောက်နေတုန်းပါပဲ။ အရွယ်မရောက်ခင် မိဖရင်ခွင်က ခွာခဲ့ရပေမယ့် သီလရှင်ချောင်က ဆရာလေးတွေဆီက နွေးထွေးတဲ့မေတ္တာ၊ ကရုဏာတွေကြောင့် ခိုလှုံရာအသစ်တခုမှာ သူကလေး လုံခြုံစွာရှိနေခဲ့ပါပြီ။
စစ်ကိုင်းချောင်ဟာ သမိုင်းအစဉ်အဆက် မင်းဘေးမင်းဒဏ်၊ စစ်ဘေးစစ်ဒဏ်က လွတ်အောင်ပြေးလာတဲ့လူတွေ ခိုလှုံခဲ့တဲ့နေရာတခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ ကျော် (ကောဇာသက္ကရာဇ် ၆၈၀) က စစ်ကိုင်း နန်းမြို့တည်ထောင်သူ ဘုရင်အသင်္ခယာ စောယွမ်းရဲ့မိဖုရား၊ သားတော်အကြီး ကျစွာနဲ့ မင်းညီနောင်တစုတို့ သူ့အဖေရဲ့ ထီးနန်းကို လုယူသူ နောင်တော် တရဖျားကြီးလက်က လွတ်အောင် စစ်ကိုင်းချောင်တဝိုက်နဲ့ မင်းတုန်းမှာ ပုန်းခိုခဲ့ဖူးပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ရန်ကုန်မန္တလေးလို မြို့ကြီးတွေကလူတွေ စစ်ဘေးရှောင်ဖို့ ခိုလှုံခဲ့တဲ့ နေရာတနေရာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ရန်ကုန် မန္တလေးလို မြို့ကြီးတွေကလူတွေ စစ်ဘေးရှောင်ဖို့ ခိုလှုံခဲ့တဲ့ နေရာတနေရာ ဖြစ်ပါတယ်။ ဗုံးဒဏ်က လွတ်အောင် ခိုလှုံနိုင်ကြတဲ့ လိုဏ်ဂူကြီးတွေလည်း ရှိလို့ အရေးအကြောင်းဆို စစ်ပြေးဒုက္ခသည်တွေ အဆင်သင့်ပြေးပုန်းနိုင်လောက်အောင် လုံခြုံပြည့်စုံလှတဲ့ နေရာတွေပါပဲ။
ကောဇာသက္ကရာဇ် ၁၂၉၆ (၁၉၃၅) က စစ်ကိုင်းချောင်မှာ ရဟန်းချောင် (၅၀၇) ချောင်၊ သီလရင်ချောင် (၁၂၆) ချောင်၊ ခိုလှုံသူ ရဟန်း (၁၀၅၁) ပါး၊ သာမဏေ (၅၉၅) ပါး၊ ဘိုးသူတော် (၃၀)၊ သီလရှင် (၁၇၈၄) ပါး ရှိခဲ့တယ်လို့ ရွှေပြည်ဦးဘတင်ရဲ့ စစ်ကိုင်းတောင်သမိုင်း စာအုပ်မှာ ဖတ်ဖူးခဲ့ပေမယ့် ၂၀၂၀ ရောက်ချိန်မှာတော့ သီလရှင်ချောင်ပေါင်း ၄၈၅ ချောင်အထိ ရှိလာပြီး သီလရှင် အပါးပေါင်း ၈၅၀၀ ကျော် သီတင်းသုံးတဲ့ နေရာဖြစ်လာပါတယ်။
ဒုက္ခရောက်လာသူတိုင်းကို အသွေးအရောင် မခွဲခြားဘဲ လက်ခံရ၊ ကျွေးမွေးစောင့်ရှောက်ရတာမို့ ချောင်တွေမှာ အနီရော၊ အစိမ်းရော၊ စစ်ဘေးရှောင်ရော၊ PDF ဘေးရှောင်တွေပါ အဝင်အထွက် ရှိကြတယ်လို့ ချောင်အုပ်ဆရာတပါးက မိန့်ပါတယ်။
“တချို့ရွာတွေက ဒကာ၊ ဒကာမတွေက ရွာမီးရှို့ခံရရင် လှောင်ထားတဲ့ သီးနှံတွေပါသွားမစိုးလို့ စပါးတွေ၊ ပဲတွေကို ရရာဈေးနဲ့လာရောင်းကြတယ်။ တချို့က ကျောင်းမှာ ရသရွေ့ လာလှောင်ထားကြတယ်”
စစ်ကိုင်းနဲ့ ၂ မိုင်ကျော်ကျော်လေးပဲ ဝေးတဲ့ရွာတရွာက ရွာလူကြီး ဦးအေး (အမည်လွှဲ) ကတော့ ရွာဓမ္မာရုံကို လက်နက်ကြီးနဲ့ ထုခံရကတည်းက ရွာမှာ မနေရဲတော့ဘဲ၊ စစ်ကိုင်းက သူ့အစ်မ သီလရှင်ဆရာကြီးရဲ့ချောင်မှာ လာရှောင်နေခဲ့ပါတယ်။
“ညဆို ရွာထဲမှာ ဘယ်သူမှ မအိပ်ရဲတော့ဘူး။ သွားစရာနေရာ မရှိတဲ့သူတွေက သီးနှံခင်းတွေထဲပဲ သွားအိပ်ကြတယ်” လို့ ဦးအေးက ဆိုပါတယ်။
ရာချီတဲ့စစ်သားတွေ ရွာမှာ စတည်းချဖို့လာကတည်းက ဆက်မနေရဲတော့လို့ ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။
သူက ချောင်မှာလာရှောင်နေတုန်းမှာပဲ လှတောရွာနားက သူ့အမျိုး လူနှစ်ဆယ်လောက် ဦးအေးတို့ရွာကို စစ်ဘေး လာရှောင်ကြပါတယ်။ ရာချီတဲ့စစ်သားတွေ ရွာမှာ စတည်းချဖို့လာကတည်းက ဆက်မနေရဲတော့လို့ ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။ ဒီသတင်းကြားရတော့ ဖွားလေး သီလရှင်လည်း မနေနိုင်ပါဘူး။ စစ်ရှောင် ရွာသားတွေကို ချက်ကျွေးဖို့ ကြက်သုံးပိဿာ ဝယ်ပြီး ရွာကို ပို့ပေးပါတယ်။
ဒါပေမယ့် ဘယ်သူတွေက ဘာတွေပဲလှူလှူ တပ်တွေပြန်ရုပ်သိမ်းသွားပြီလို့ ကြားတာနဲ့ တပြိုင်တည်း ကိုယ့်အိမ်ကိုယ့်ရွာ ပြန်ပြေးကြသူတွေချည်းပါပဲ။ သူတို့ဟာ တပါးသူကို မှီခိုရမယ့်အစား ကိုယ့်ဓားမဦးချမြေမှာ ကိုယ့်လက်ကိုယ့်ခြေနဲ့ စိုက်ပျိုးထွန်ယက် စားချင်ကြသူတွေသာ ဖြစ်တယ်။ ပုံမှန်အတိုင်းဆိုရင် ဦးအေးတို့ရွာမှာ တနှစ်ကို စပါး နှစ်ကြိမ်စိုက်လေ့ရှိပါတယ်။ ဒီနှစ်တော့ စစ်ပြေးရတာနဲ့ နောက်တကြိမ်စိုက်ရဖို့ သိပ်မသေချာတော့ပါဘူး။ ခိုလှုံစရာ သည်ချောင်ကလေး ရှိနေသရွေ့ လတ်တလော နေရေးစားရေးအတွက် မပူရပေမယ့်၊ နောင်ဘာဖြစ်လာမလဲ ဆိုတာကိုတော့ ဦးအေး မခန့်မှန်းတတ်ပါ။
မီးရှို့ခံရတဲ့ရွာတွေ ပိုများလာလေလေ ရွာတွေထဲမှာ လူငယ်တွေ တဖြည်းဖြည်း နည်းလာလေလေပါပဲ။
မီးရှို့ခံရတဲ့ရွာတွေ ပိုများလာလေလေ ရွာတွေထဲမှာ လူငယ်တွေ တဖြည်းဖြည်း နည်းလာလေလေပါပဲ။ PDF တွေ ခိုလှုံနေတယ်ကြားလို့ လက်နက်ကြီးနဲ့ အဝေးကလှမ်းထုခံရတဲ့ ဦးအေးတို့ရွာကလေးက လူငယ်တွေလည်း ရွာထဲ မနေရဲတဲ့တူတူ PDF ထဲ ဝင်မယ်ဆိုပြီး ထွက်သွားကြတဲ့သူတွေ အများကြီးပေါ့။
“ကျနော်တို့ ရွာနီးချုပ်စပ်က ရွာတွေထဲက လူငယ်အတော်များများ PDF ဖြစ်သွားတာများတယ်။ လက်နက်မဝယ်နိုင်လို့ မကိုင်နိုင်တာပဲရှိမယ်။ ရရာနဲ့ ခံချမယ်ဆိုတဲ့ သူတွေချည်းပဲ”
စစ်ကိုင်းနယ်ထဲမှာပဲ တဝဲလည်လည်နဲ့ ရှောင်ရတိမ်းရတဲ့အတွက် ရွာပုန်းရွာရှောင်တွေ ဘယ်လောက်ရှိနေသလဲ ဆိုတာကိုလည်း ခန့်မှန်းရ ခက်လှပါတယ်။
စစ်ကိုင်းနယ်တနယ်လုံးက နယ်စပ်မျဉ်းနဲ့ဝေးတာကြောင့် တခြားနိုင်ငံတနိုင်ငံထဲကို ထွက်ပြေးဖို့ မလွယ်ကူတာကြောင့် ရွာတရွာကို စစ်ကြောင်းလာထိုးပြီလို့ ကြားတာနဲ့ ဆွေမျိုးနီးစပ်ရှိရာ ရွာတွေဆီ ပြေးကြတယ်။ ခိုလှုံလို့ရတဲ့ ရွာဘုန်းကြီးကျောင်းတွေမှာ သွားခိုလှုံကြတယ်။ စစ်ကိုင်းချောင်က ဆရာတော်တွေ၊ သီလရှင်တွေဆီ သွားခိုလှုံကြတယ်။ စစ်ကိုင်းနယ်ထဲမှာပဲ တဝဲလည်လည်နဲ့ ရှောင်ရတိမ်းရတဲ့အတွက် ရွာပုန်းရွာရှောင်တွေ ဘယ်လောက်ရှိနေသလဲ ဆိုတာကိုလည်း ခန့်မှန်းရ ခက်လှပါတယ်။
ခရစ်သက္ကရာဇ် အေဒီ ၁၄ ရာစုလောက်ကတည်းက ကျစွာမင်းသား ခိုလှုံခဲ့ဖူးတဲ့ စစ်ကိုင်းချောင်ဟာ မပညာစာရီတို့၊ အမေစုသမီးတို့ခေတ် ၂၁ ရာစု ရောက်တဲ့အထိ ခိုလှုံရာ နေရာတခုအဖြစ် ဆက်ရှိနေတုန်းပါပဲ။ စစ်ပင်ကြီးက တနယ်လုံးအပေါ် အကြိမ်ကြိမ်ကိုင်းမိုးခဲ့တဲ့ စစ်ကိုင်းဒေသ ဖြစ်ပေမယ့်လည်း စစ်ကိုင်းချောင် သာသနာ့ပရဝဏ် ရှိနေတဲ့အတွက် ဒုက္ခသည်အပေါင်း ခိုလှုံရာ အေးရိပ်ဆာယာ ဖြစ်နေပါတော့တယ်။
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်)
You may also like these stories:
အာဏာသိမ်းပြီး ကျောင်းမတက်ရသည့် ကလေး ၂ ဆ တိုး