ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်၏ နေပြည်တော်ခရီးသည် ရုရှားနှင့် မြန်မာကြား စီးပွားရေးနှင့် ကုန်သွယ် ရေး အရှိန်မြှင့်ရန် ကြိုးပမ်းမှုတရပ် ဖြစ်နိုင်ကြောင်း ကမ္ဘာတဝှမ်း ပဋိပက္ခများကို စောင့်ကြည့်လေ့လာနေသည့် International Crisis Group (ICG) က ပြောသည်။
ဩဂုတ် ၄ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်၍ ICG က ထုတ်ပြန်သည့် Coming to Terms with Myanmar’s Russia Embrace ဆိုသည့် စာတမ်း၌ ထိုသို့ ရေးသားထားခြင်း ဖြစ်သည်။
မြန်မာ၏ အာဏာသိမ်းမှုနှင့် ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်မှုတို့က ချစ်ကြည်ရင်းနှီးပြီးသား ရုရှားနှင့် မြန်မာကြား ဆက်ဆံရေးကို နီးကပ်လာစေပြီး ၎င်းတို့သည် စီးပွားရေးနှင့်ကုန်သွယ်ရေးကို အရှိန်မြှင့်တင်ရန် ပြင်ဆင်နေကြောင်း စာတမ်းတွင် ပါရှိသည်။
ဩဂုတ် ၃ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်သည် မြန်မာနိုင်ငံ နေပြည်တော်သို့ အလုပ်သဘော ရောက်ရှိလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့သည်။
ခရီးစဉ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းစစ်ပွဲတွင် ရုရှားကိုထောက်ခံသည့် မြန်မာ၏ရပ်တည်ချက်ကို ချီးကျူးကြောင်း ပြောဆိုပြီး ရုရှားအနေဖြင့်လည်း စစ်ကောင်စီ၏ လုပ်ဆောင်ချက်များအပေါ် အတူရှိနေကြောင်း ပြော ဆိုခဲ့သည်။
ဆာဂျေလဗ်ရောဗ်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးသို့သွားမည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်လည်ပတ်ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့ခြင်း အပါအဝင် အတိုက်အခံများအား ကြမ်းတမ်းစွာ ဖိနှိပ်ညှဉ်းပန်းမှုများကြောင့် အာဆီယံအစည်း အဝေးများ၌ စစ်ကောင်စီ ဖိတ်ကြားခြင်းမခံရဘဲ အထီးကျန်နေချိန် နေပြည်တော်သို့ လာရောက်ခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာစစ်ကောင်စီ ကြား ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် ရုရှား-မြန်မာဆက်ဆံရေး ၇၅ နှစ်ပြည့်အခမ်းအနား ကျင်းပရေး အပါအဝင် နှစ် နိုင်ငံ အပြန်အလှန် ကောင်စစ်ဝန်ရုံးများ တိုးချဲ့ဖွင့်လှစ်မည့် အခြေအနေနှင့် နှစ်နိုင်ငံကြား အမြဲတမ်း မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည်။
ထို့ပြင် ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်သာမက ခရီးသွားလုပ်ငန်းကဏ္ဍ တိုးမြှင့်ရေးနှင့် ရုရှားသို့ စစ်ဘက်-အရပ်ဘက် ပညာတော်သင်များ စေလွှတ်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ICG ကလည်း နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများနှင့် သံတမန်ရေးအရ အထီးကျန်မှုကို ရင်ဆိုင်နေရသော ရုရှားနှင့် မြန်မာတို့သည် ၎င်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး၊ ဆက်ဆံရေးခိုင်မာစေရန် နည်းလမ်းများကို တက်ကြွစွာ ရှာဖွေနေ ကြောင်း ပြောသည်။
အာဏာသိမ်းပြီးနောက် ရုရှားက မြန်မာစစ်အာဏာရှင်ကို လက်နက်များ ဆက်လက် တင်ပို့ရောင်းချခဲ့သလို မြန်မာ စစ်ကောင်စီကလည်း အာရှတွင် ရုရှားကို မဝေဖန်သောမိတ်ဆွေအဖြစ် ရပ်တည်ခဲ့ပြီး ယူကရိန်းကျူးကျော်မှုကိုလည်း ထောက်ခံကြောင်း ကြွေးကြော်ခဲ့သည်ဟု ICG က ဆိုသည်။
မကြာသေးမီလများအတွင်း နှစ်နိုင်ငံသည် ရုရှားစွမ်းအင်ထုတ်ကုန်များကို မြန်မာနိုင်ငံမှ ဝယ်ယူမှု အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်မှုကို ပံ့ပိုးရန်အတွက် တိုက်ရိုက်ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးလမ်းကြောင်းများကို ဖော်ဆောင်လျက် ရှိ ကြောင်း ICG ၏ စာတမ်းတွင် ရေးသားထားသည်။
ရုရှားနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၄ နှစ်ခန့် ပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အနီးရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) ကို ရုရှားနိုင်ငံ၏ အကူအညီဖြင့် ပြီးခဲ့သည့်နှစ်က ပြန်လည် ဖွင့်လှစ်ခဲ့သေးသည်။
ထို့ပြင် အနောက်နိုင်ငံများတွင် အဓိက အသုံးပြုနေသည့် နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT (The Society for Worldwide Interbank Financial Telecommunication) ကို ကျော်လွှားပြီး ရုရှားဗဟိုဘဏ်၏ ငွေပေးချေမှုစနစ် SPFS (Sistema Peredachi Finansovykh Soobscheniy) ကိုလည်း မြန်မာက ဝင်ရောက်ရန် စစ်ကောင်စီဘက်က ကြိုးပမ်းနေသည်။
အမေရိကန်နိုင်ငံအခြေစိုက် နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာထွန်းမြင့်ကလည်း ရုရှားသည် ၎င်း၏ ထုတ်ကုန်များ ဖြစ်သည့် လက်နက် အပါအဝင် ဂျုံနှင့် စက်သုံးဆီများ ရောင်းချနိုင်ရေး ပိုမိုမြှင့်တင်လိုသည့်အနေဖြင့် ရုရှားနိုင်ငံခြား ရေးဝန်ကြီးကို နေပြည်တော်သို့ စေလွှတ်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“စစ်ရေးကိစ္စ ပိုပြီးပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်နိုင်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံမှာ စစ်တပ်က ရွာတွေကို မီးရှို့ တိုက်ခိုက်နေတဲ့အပေါ်မှာ စစ်လက်နက်တွေ ပိုပြီးလိုအပ်လိမ့်မယ်။ ရုရှားကလည်း သူ့မှာ ရောင်းစရာ ရှိလိမ့်မယ်။ သူ့မှာ ဂျုံရယ်၊ စက်သုံးဆီရယ်ကို ရောင်းချင်နေတယ်။ မြန်မာစစ်တပ်ကလည်း ဆီတို့ဘာတို့လိုနေတာဆိုတော့ ရုရှားဘက်က ကြည့်ရင်တော့ Customer ရှာတဲ့ သဘောလည်း ပါမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရုရှားနှင့် မြန်မာကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာ ချုပ်များ ချုပ်ဆိုထားပြီး ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာထွန်းမြင့်က သုံးသပ်သည်။
“သူတို့လို ပွင့်လင်းမှုမရှိတဲ့ နိုင်ငံတွေက Offshore Banking လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေအလွန် ကျွန်းတွေမှာရှိတဲ့ ဘဏ်တွေကို သုံးရတယ်။ အဲဒီဘဏ်တွေက အကောက်အခွန် ပေးစရာမလိုဘူး။ ဆိုရင် သူတို့ ဘာလုပ်တယ်ဆိုတဲ့ ဒေတာက သူတို့လုပ်ချင်သလို လုပ်လို့ရတဲ့လမ်းကို ဝင်သွားပြီ။ ရုရှားရဲ့ Banking Sector ရယ်၊ ရုရှားသူဌေးတွေရဲ့ လက်ရှိအနေအထားရယ် ကြည့်မယ်ဆိုရင် အခု မြန်မာပြည်က ပေးမယ့်ငွေ၊ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မယ့် စစ်ပစ္စည်း ဆိုင်ရာကိစ္စတွေက ဖွင့်ပြစရာ မလိုဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယတန်းစားနဲ့ တတိယတန်းစား ခေါင်းဆောင်တွေ က စာချုပ်ချုပ်တာတွေဘာတွေ လုပ်ထားပြီးသား ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် သူတို့ အလုပ်လုပ်ပြီးကြောင်း အချင်းချင်း Symbolic အရ Message ပေးတာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။
ချက်နိုင်ငံ ပရာဟာမြို့အခြေစိုက် နိုင်ငံရေးသုတေသီတဦးဖြစ်သူ အီဂေါဗလာဇီဗစ်ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်သည် ယခင်က လေးစားထိုက်သော အကြီးတန်းသံတမန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ရှိသူဖြစ်သော် လည်း ယခုအခါ၌ ရုရှား၏ လိမ်ညာဝါဒဖြန့်မှုများကို ပြောကြားပေးနေသူသာ ဖြစ်ကြောင်း ဆိုသည်။
“တခြားနိုင်ငံတွေက ပါဝင်ဖို့ တွန့်ဆုတ်နေတာကြောင့် ကမ္ဘာပေါ်ကနေရာတိုင်းမှာ လေဟာနယ် အနည်းငယ်ပေါ်လာတဲ့ အခါတိုင်း သံတမန်အသိုင်းအဝိုင်းမှာ ပြောလေ့ရှိတဲ့ စကားတခု ရှိပါတယ်။ Lavrov ဟာ လေဟာနယ်ကို ဖြည့်မယ့် အခွင့်အရေးသမားအဖြစ် ပေါ်လာတယ်ဆိုတာပဲ ဖြစ်ပါတယ်။ Lavrov ဟာ မြန်မာစစ်ကောင်စီကို အာဆီယံက ဝိုင်း ပယ်ထားချိန်မှာ မြန်မာပြည်ကို ခရီးတထောက် ဝင်ရောက်လာပြီး မြန်မာစစ်ကောင်စီကို အားပေးခဲ့ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့သဘောလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ခရီးစဉ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာစစ်တပ်၏ အရာရှိများကို ရုရှားတွင် ထောက်လှမ်းရေးနှင့် တိုက်လေယာဉ်မောင်းနှင်နည်းများ ဆက်လက် ပညာသင်ကြားလေ့ကျင့်ရန် အပါအဝင် ရုရှားထုတ် တတိယတန်းစား လက်နက်များ ရောင်းချရန် သဘောတူညီမှုများ ရှိခဲ့နိုင်ကြောင်း အီဂေါဗလာဇီဗစ်က သုံးသပ်သည်။
“သူ့ရဲ့ ခရီးစဉ်မှာ နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုရရှိစေဖို့ အပါအဝင် ရုရှားနိုင်ငံက ယူကရိန်းအပေါ် ၎င်းတို့ရဲ့ ရန်စမှုများနဲ့ လွဲမှားသော ဇာတ်ကြောင်းများကို ရောင်းချနိုင်ရန် ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ်။ Lavrov က ‘ကျနော်တို့မှာ ကျယ်ပြန့်တဲ့ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တခု ရှိပါတယ်’ လို့လည်း ပြောခဲ့တယ်။ ဆိုလိုတာကတော့ ကျနော်လည်း ကမ္ဘာပေါ်က မိတ်ဆွေနိုင်ငံ လေးတွေနဲ့အတူ အထီးကျန်နေတယ်။ ခင်ဗျားတို့ စစ်ကောင်စီကတော့ ပိုလို့တောင် အထီးကျန်တယ်။ ဒါကြောင့် တတ် နိုင်သလောက် အချင်းချင်းကူညီကြဖို့ လိုပါတယ် ဆိုတာမျိုးပဲ ဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။