ဆောင်းပါး

စစ်ကိုင်းဝန်းကျင်တခို မျှော်ကြည့်လိုက်ရင်

(ယခုဆောင်းပါးသည် စစ်ကိုင်းတိုင်း တခုလုံးကို လွှမ်းခြုံနိုင်သည့် အခြေအနေကို ဖော်ပြချက် မဟုတ်ပါ။ သွားနိုင်သလောက် မိုင်ဝန်းကျင်အနီး အခြေအနေသာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စစ်ကိုင်းတိုင်းအတွင်းရှိ အတော်အတန် လုံခြုံသည့် ရွာကလေးတရွာ အနီး ရောက်နေခဲ့ပါသည်။ အညာတွင် မိုးရာသီဆိုသည့်တိုင် နေမှာပူပြင်းလှသည်။ မွန်းတည့်ချိန် မတိုင်မီမှာပင် အပူချိန်က ၉၁ ဒီဂရီ ဖာရင်ဟိုက် ရှိနေသည်။

အပူချိန်က ကျနော့်ကို ဒုက္ခဖြစ်စေသည် မဟုတ်၊ တိုက်လေယာဉ်များ ပျံတက်လာကြခြင်းက အလွန် စိတ်အနှောက်အယှက် ဖြစ်စေသည်။ အနေကြာပြီဖြစ်သည့် အိမ်ရှင်ကို မေးမြန်းကြည့်သောအခါ မန္တလေးဘက် တံတားဦး လေတပ်စခန်းက တက်လာသော စစ်လေယာဉ်များ ဖြတ်သန်းခြင်းဟု ပြောပါသည်။ တိုက်လေယာဉ်သံများကို သူတို့ကတော့ နားယဉ်နေပုံရသည်။

အလွန်ပူပြင်းသော နေရောင်အောက်တွင် နံနက် ၇ နာရီမှ နေ့လည် ၁၁ ခွဲနာရီအထိ ၅ ဧကခန့်ရှိ ကွင်းပြင် ခေါင်ခေါင်၌ လယ်ထွန်နေသည့် အညာသားကြီးသည် တိုက်လေယာဉ်ပျံ အသံ ကြားသည်နှင့် လယ်ထွန်ခြင်းကို ခေတ္တရပ်ထားလိုက်သည်။

ကျနော် ထွက်ကြည့်သည့်အခါ တိုက်လေယာဉ် (အမျိုးအစားကို မသိပါ၊ ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် တိုက်လေယာဉ်ဟုတော့ သိပါသည်) တကြိမ်တွင် နှစ်စီး ဘေးချင်း ယှဉ်ပျံပြီး စစ်ကိုင်းတိုင်း အတွင်းဘက်သို့ ဦးတည်နေသည်ကို တွေ့ရသည်။

ထိုနေ့က တိုက်လေယာဉ် ၆ စီး ပျံသန်းသည်ဟု မှတ်သားထားသည်။ ကျန်နေ့များတွင် အပြင်သို့ ထွက်ခွာနေသဖြင့် မမှတ်သားနိုင်ပါ။ တည်းခိုသည့်နေရာသို့ ညနေပိုင်း ပြန်ရောက်ချိန်များတွင် မှတ်သားချက်အရ ၃ စီးထက် မနည်း စစ်ကိုင်းတိုင်းအတွင်းဘက်သို့ ထပ်မံ ပျံသန်းသည်။

အသံမြည်ဟိန်းလှသည့် ယင်းတိုက်လေယာဉ်ပျံသံများသည် အိပ်မက်ဆိုးတခု ဖြစ်သည် (ဒေသခံများအတွက် ပို၍ အိပ်မက်ဆိုး ဖြစ်နိုင်ပါသည်)။

အသံမြည်ဟိန်းလှသည့် ယင်းတိုက်လေယာဉ်ပျံသံများသည် အိပ်မက်ဆိုးတခု ဖြစ်သည် (ဒေသခံများအတွက် ပို၍ အိပ်မက်ဆိုး ဖြစ်နိုင်ပါသည်)။ ည ၁၂ နာရီ ခွဲတွင်လည်း ပျံတက်လာသဖြင့် လန့်နိုးသည်။ ဘေးလူများကို မေးကြည့်သောအခါ တိုက်လေယာဉ်များ ဟုတ်ပါသည်ဟု အတည်ပြုကြသည်။ မနက် ၅ နာရီလည်း ပျံတက်လာတတ်သည်ဟု ပြောပါသည်။

စစ်ကိုင်းတိုင်း နှမ်းခါးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့ခဲ့စဉ်

အနီးအနား ဝန်းကျင်သို့ သွားနိုင်သလောက် သွားသည့်အခါ ကျနော့်ကို ဆိုင်ကယ်ဖြင့် တင်ခေါ်လာသည့် လူငယ်ကို “ဒီမှာ လုံခြုံရေး အခြေအနေရော ကောင်းရဲ့လား” ဟု မေးကြည့်သည်။ နာမည်ကြီး စေတီတော်များ၊ ရှေးဟောင်းစေတီများ၊ ဘုန်းကြီးကျောင်းများ ရှိသဖြင့် ပဋိပက္ခနည်းသည်ဟု ပြောပြသည်။ သို့သော် တံတားဖြူကလေးတခု အနားအရောက်တွင် “ဟိုနားက ချိုင့်လေးတွေ့လား၊ အဲဒီမှာတော့ ဗုံးကွဲဖူးတယ်” ဟု ဆိုင်ကယ် အရှိန်လျှော့ချကာ အသွားရော အပြန်မှာပါ ရှင်းပြသည်။

“ဒီကောင်တွေ (စစ်ကောင်စီ) က ကားလမ်း ဘယ်၊ ညာ ကပ်မမောင်းဘူး၊ လမ်းလယ်က မောင်းတာ၊ ဒါမှ မိုင်းထောင်တာကို ရှောင်နိုင်မှာ” ဟု သူက ပြောသည်။ ရဲသင်တန်းကျောင်းရှေ့ တခု အရောက်တွင် (နှိမ်နင်းမှုတွေမှာ) “တကယ်ပစ်တာက ဒီကောင်တွေ” ဟူ သူက နာနာကျည်းကျည်း ပြောသည်။ ရပ်နားချိန် ရောက်သော်လည်း အခြား ဧည့်သည်များရှေ့တွင် သူ့ကို မေးခွင့် မသာပါ။

နောက်ခရီးဆက်သောအခါ “ကျနော်တို့ ရွာဘက်တွေမှာဗျာ၊ တရက်တရက် ကျန်နေခဲ့တဲ့ ဒေသခံတွေပါ သေနေကြတယ်” ဟူသော ဝမ်းနည်းနေသည့် သူ့စကားကို ဆိုင်ကယ်လေတိုးသံများ ကြားကပင် နောက်က ထိုင်လိုက်လာသူ ကျနော်ပင် ခံစားမိသည်။

ကျနော့်ကို ဆိုင်ကယ်ဖြင့် လိုက်ပို့သူမှာ ရည်မှန်းချက်ကြီးမားသည့် ဘွဲ့လွန် ကျောင်းပြီးထားသော ပညာတတ် လူငယ်တဦး ဖြစ်သည်။ သူက စေ့စေ့စပ်စပ်လည်း ရှင်းပြပုံထောက်၍ သတင်းနှင့် မျက်ခြေမပြတ်ဟု ကောက်ချက်ချမိသည်။

“ကျနော်တို့ ရွာဘက်တွေဆို တတ်နိုင်သူတွေက အိမ်တွေ၊ လယ်တွေ ပစ်ထားခဲ့ပြီး ရှိတာလေးတွေနဲ့ မြို့ပေါ်တက် အခြေချကြတယ်။ ဘယ်တော့မှ ရွာမပြန်တော့ဘူးတဲ့” ဟု ကြေကြေကွဲကွဲ ပြောသည်။

(ကျနော် သွားခဲ့သည့် မိုင်အနည်းငယ် ဝန်းကျင်တလျှောက်တွင်) စိုက်ပျိုးဧကမြေ ၅၀ ရာခိုင်နှုန်းကျော်ခန့် စိုက်ပျိုးခြင်းနိုင်ခြင်း မရှိဘဲ ပစ်ထားရပြီး အပင်ရိုင်းများ ပေါက်နေသော လယ်ယာမြေများ၊ ဆိုင်ကယ်စီးလာသည့် လမ်းတလျှောက် ၈၀ ရာခိုင်နှုန်းခန့် ပိတ်ထားသော ကုန်စုံဆိုင်မှအစ လောင်စာဆီဆိုင်များ၊ တချိန်က ပြည်တွင်း ဘုရားဖူးများ စည်ကားခဲ့သည့် စေတီများတွင် လည်ပတ်သူ မရှိသလောက် ဖြစ်သည့်အပြင် အချို့ ဘာသာရေးနေရာများ မြက်ပေါက်သည့်တိုင် ပိတ်သိမ်းထားခြင်း၊ ရထားများ မပြေးဆွဲသဖြင့် ရထားသံလမ်းပေါ် ခြုံထနေသည့်အဆုံး မြင်ခဲ့ပြီးသည့်နောက် သူပြောသည်ကို ခံစားမိပါသည်။

“လျှပ်စစ် မီးရော မှန်သလား” ဟု မေးရာ ‘မီးဖြတ်ပြီ ဆိုတာနဲ့ သူတို့ စစ်ဆေးရှာဖွေမှု (အော်ပရေးရှင်း) စတာပဲ’ ဟု သူက ရှင်းပြပြန်ပါသည်။

“လျှပ်စစ် မီးရော မှန်သလား” ဟု မေးရာ “မီးဖြတ်ပြီ ဆိုတာနဲ့ သူတို့ စစ်ဆေးရှာဖွေမှု (အော်ပရေးရှင်း) စတာပဲ” ဟု သူက ရှင်းပြပြန်ပါသည်။

သူက ဆိုင်ကယ်ဦးထုပ် ဆောင်းသော်လည်း ကျနော်က ဆောင်းမထားပါ။ ဆိုင်ကယ်ဦးထုပ်ကို အိမ်ရှင်က ထည့်ပေးလိုက်သော်လည်း ဆိုင်ကယ် စီးလျှင် ထိုင်ခုံ နောက်လက်ကိုင်ကို လက်ပြန် ကိုင်ထားရခြင်း၊ ဆိုင်ကယ် ဦးထုပ်ကို ထိန်းရသည်ကတဖက်၊ ရင်ဘတ်တွင် ချိတ်ထားသည့် မျက်မှန် ပြုတ်ကျမည်ကို စိုးရိမ်သည်က တချက်နှင့် ဒုက္ခများသောကြောင့် ဆိုင်ကယ်ဦးထုပ်ကို ဆိုင်ကယ်တွင် ချိတ်ခဲ့သည်။

Toll Gate အရောက်တွင် ယာဉ်ထိန်းတဦး၊ အလွန် ရန်လိုသော သေနတ်ကိုင် စစ်သားတဦးနှင့် တွေ့သောအခါ ဆင်းပြေး၍လည်း မရ၊ ဘာလုပ်ရမှန်းမသိ တွေးမိသည်။ သို့သော် တားဆီးစစ်ဆေးခြင်း မပြုပါ။ ယာဉ်ထိန်းဘေးတွင် အရပ်ဝတ်နှင့်တဦးကို ၄ ခေါက်မျှ ရက်ခြားသွားစဉ် သတိပြုမိသည်။ စအဖလား၊ ပျူစောထီးလား မသိနိုင်ပါ။

ဂိတ်လွန်သောအခါ “ယောကျ်ားလေးနှစ်ယောက် ဆိုင်ကယ်စီးလာရင် ပြဿနာ မရှာဘူးလား၊ ဆိုင်ကယ်ဦးထုပ် ဆောင်းမလာရင်ရော မဖမ်းဘူးလား” ဟု မေးကြည့်သည်။ ယခင်က ထိုအမိန့်ရှိသော်လည်း သွားရေးလာရေးတွင် ထိုဒေသ၌ ဆိုင်ကယ်ကသာ အခရာဖြစ်သောကြောင့် ထိုအမိန့် အသက်မဝင်တော့ကြောင်း သူက ရှင်းပြသည်။

တနေရာတွင် ကားတစီးပျက်ပြီး ပြုပြင်နေရာ လက်နက်ကိုင် ရဲနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဖြည်းဖြည်းမောင်းကာ သံသယဖြင့် ကြည့်သည်ကို လမ်းကြုံတွေ့မိသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဗုံးပေါက်ဖူးသော နေရာနှင့် မနီးမဝေး ဖြစ်သည်။

လမ်းနံဘေးတွင် အညာသားကြီးများသာမက၊ အညာသူမကြီးများပါ နွားလှည်းအပြင် နွားလှည်းနောက်တွင် လယ်ထဲ၌ ကျောင်းရမည့် နွားငယ်လေးများပါ ချည်တွဲမောင်းလာသည်ကို မကြာခဏ တွေ့မြင်ရသည်။ ကတ္တရာလမ်းပေါ်တွင် လည်းကောင်း၊ ကတ္တရာလမ်းမကို ဖြတ်၍သော် လည်းကောင်း လယ်ကွင်းဆီသို့ မောင်းနှင်သွားကြသည်။

တောရွာများဘက်မှ တက်လာပြီး စာလာသင်ကြသည့် အသက် ၂၀ နှင့် ၂၅ နှစ်ကြား လူငယ်များနှင့်လည်း တွေ့ဆုံခွင့်ရသည်။ လူငယ်နှင့် ပျော်ရွှင်တက်ကြွမှုသည် သူတို့နှင့် မဆိုင်သလို ဖြစ်နေသည်။ ပြောဆိုမေးမြန်းကြည့်သောအခါ ဇာတိကိုစွဲသော လူကြီးသူမများက ကျန်နေရစ်ခဲ့ပြီး မိန်းမပျိုလေးများအပြင် PDF ဟု စွပ်စွဲခံရနိုင်သည့် သားသမီး လူငယ်များကို မြို့ပေါ်သို့ စေလွှတ်ထားခြင်း ဖြစ်ကြောင်း သဘောပေါက်မိသည်။

“မြို့ပေါ် တက်ပြီး အလုပ်လုပ်တယ်လို့ပဲ ပြော၊ ကျောင်းတက်တယ်လို့ မပြောနဲ့”။

“အစိုးရ (စကစ) ကျောင်း သွားတက်လို့ ဦးကြီးက စကားမပြောတော့ဘူး”။

“ပြီးခဲ့တဲ့ရာသီက ရိတ်ရမယ့် စပါးတွေ မရိတ်လိုက်ရဘူး။ စစ်တပ်က လုံခြုံရေးပေးမယ်၊ စရိတ်အဖြစ် ၂ သိန်းပေး ပြောပေမယ့် ပေးစရာမရှိဘူး၊ ရိတ်သိမ်း သယ်ပို့ရမှာနဲ့ အဲဒီလောက်မှ အမြတ်က ကျန်ပါ့မလား မသိဘူး၊ အဲ့ဒါနဲ့ ဒီတိုင်းထားလိုက်ရတယ်။ PDF တွေကလည်း အဲ့ဒီနေရာတွေ စစ်ဖြစ်လိမ့်မယ်၊ မလာကြနဲ့လို့ သတိပေးကြတယ်။”

ဒေသခံ PDF များကိုမူ ရွာခံများက တတ်နိုင်သလောက် ထောက်ပံ့ပေးကြောင်း ပြောပြသည်။

“တရွာကို စကစက သူတို့ထောက်ခံသူတွေကို သေနတ် ၄၀ ကျော်အထိ ပေးတယ်၊ ကျနော်တို့ အချင်းချင်း ပြန်သတ်ခိုင်းနေတာ”

“တရွာကို စကစက သူတို့ထောက်ခံသူတွေကို သေနတ် ၄၀ ကျော်အထိ ပေးတယ်၊ ကျနော်တို့ အချင်းချင်း ပြန်သတ်ခိုင်းနေတာ” ဟု လိုက်ပို့သည့် လူငယ်က ပြောသည်။

“အမေက နင် ရွာပြန်မလာနဲ့၊ အခြေအနေ မကောင်းဘူးပြောတယ်၊ ဒါပေမယ့် အခု လက်ရှိ အဆောင်ကလည်း နှင်ထုတ်နေပြီ” ဟု တွေ့ဆုံခဲ့သူတဦးက ပြောသည်။

“အစိုးရကျောင်းတွေ လာတက်လို့ ရွာကဆွေမျိုးတွေက ငြိုငြင်ကြတယ်၊ ဒီကျောင်းတွေတောင် ရှိစုမဲ့စုနဲ့ အနိုင်နိုင် လာတက်ရတာလေ၊ ပုဂ္ဂလိကကျောင်းတွေ တက်နိုင်ဖို့ဆိုတာ အိမ်မက်လိုပဲ” ဟု ကျောင်းလာတက်သူ လူငယ်တဦးက ရင်ဖွင့်သည်။

ကျောင်းလာတက်ရင်း စစ်ရှောင်ကြသော သူတို့ မျက်နှာလေးများမှာ အားငယ်ခြင်း၊ သိမ်ငယ်ခြင်းများကို မြင်နေရသည်မှာ နေအပူထက် ပူလောင်လှသည်။

စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ

သူတို့နှင့် စကားပြောကြည့်သည့်အခါ တချို့က ပြန်စရာ အိမ်မရှိ၊ စီးပွားရေးဟု ဆိုနိုင်သည့် စိုက်ပျိုးရေးလည်း ပျက်သုဉ်း၊ မြို့မှာကျောင်း သွားတက်သည်ဟုဆိုကာ ဆွေမျိုးအရင်းတွေကပါ အမြင် မကြည်လင်၊ ရသလောက် ပညာရေးလေးနဲ့ နိုင်ငံခြား ထွက်တော့မည် ဆိုသူတွေလည်းရှိ၊ ရွာပြန်မည်ဆိုတော့ အထက်က ဖော်ပြသလို အိမ်ပြန်မလာနဲ့တော့ ပြောခံရသူလည်းရှိ၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးပြကြီး တက်ချင်သော်လည်း မိဘဆွေမျိုးများက ငွေကြေးထောက်ပံ့မှု မသေချာသဖြင့် မသွားရဲသူ စသည်ဖြင့် မေးလေ မေးလေ ပူလောင်လေ၊ သူတို့ ညှိုးနွမ်းနေမှုများကို စာနာမိလေ ဖြစ်ရသည်။

ထို့အပြင် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများသို့ သွားရောက်ချင်သည့် လူငယ်များမှာလည်း ၅ မျဉ်းစောင်း (၅/) များကို အဆောင်များက လက်မခံဆိုသည့် သတင်းထွက်ပေါ်မှုများကလည်း သူတို့ကို စိတ်ထိခိုက်စေသည်။ ၅/ မှာ စစ်ကိုင်းတိုင်း မှတ်ပုံတင်များ၏ အစ ဂဏန်းဖြစ်သည်။

ယခုဆောင်းပါး ရေးနေစဉ်တွင်ပင် “စစ်ကိုင်း၊ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူများကို အလုပ်ထုတ်၊ အလုပ်မခန့်ခြင်းတို့ ပြုလုပ်နေ” ကြောင်း သတင်းတပုဒ် ဧရာဝတီသတင်းဌာနကပင် တင်ထားပြီး ဖြစ်ပါသည်။

လူငယ်လေးများမှာ တခုခုကို အာရုံမစိုက်နိုင်ဟု မြင်မြင်ချင်း မှတ်ချက်ပေးမိသော်လည်း သူတို့ နောက်ကြောင်းများကို သိသောအခါ စိတ်မကောင်း ဖြစ်မှုနှင့်အတူ စာနာနားလည်လာမိသည်။

“ဒီမှာ ဘာဖုန်းဆင်းမ်ကတ် သုံးကြသလဲ၊ ဘယ်ကတ်က အင်တာနက် လိုင်းမိလဲ” ဟု မေးကြည့်သောအခါ ဖြေကြားနေသည့် မိန်းကလေးငယ် အပါအဝင် လူငယ် ၃ ဦးက Mytel နှင့် MPT ဟု တိုင်ပင်မထားဘဲ တပြိုင်နက်တည်း ဖြေကြပါသည်။

ဘာကြောင့် စစ်တပ်နောက်ခံ Mytel ကို သုံးကြသလဲဟု အံ့အားသင့်နေစဉ် ဘေးက တဦးက ဝင်ရှင်းပြပါသည်။ နေရာတိုင်းတွင် ဖုန်းဆင်းမ်ကတ်တိုင်း လိုင်းမမိကြောင်းနှင့် အော်ရီဒူးက ဒေတာစားပြီး ထည့်ရသည့်ဘေလ်နှင့် သုံးရသည်မှာ မကာမိကြောင်း ရှင်းပြကြသည်။

သွားခဲ့သည့် ခရီးစဉ်တွင် အကြောင်းအမျိုးမျိုးကြောင့် Non-CDM မလုပ်တော့သည့် ကျောင်းဆရာမ တချို့ကိုလည်း အလွတ်သဘော မေးမြန်းခွင့်ရပါသည်။ တွေ့ဆုံခဲ့သည့် ကျောင်းဆရာမ တဦးက “ကိုယ်မြတ်နိုးလို့ လုပ်တဲ့ အလုပ်ပါ၊ အရင်ကတော့ ကျောင်းဝတ်စုံနဲ့ဆို ကလေးတွေက ရိုသေတယ်၊ အခုတော့ ကလေးတွေက ဆိုင်ကယ်ကျော်မယ်ဆိုရင်တောင် ဘေးရှောင်ပေးရတယ်၊ အခုတော့ ဂုဏ်သိက္ခာမရှိတဲ့ အလုပ်လို ဖြစ်နေပြီ” ဟု ရင်ဖွင့်သည်။

တချို့ ဆရာမများလည်း စာသင်ကျောင်းသို့သွားရာတွင် ဈေးရောင်းသည့် အမျိုးသမီးကြီးများကဲ့သို့ ဈေးခြင်းများ၊ တောင်းများကို ဆိုင်ကယ်တွင်ချိတ်၍ သွားကြရကြောင်း ပြောပြကြသည်။ “အဖြူနဲ့အစိမ်း ယူနီဖောင်း မဝတ်ရဲဘူး” ဟု ဆိုသည်။

ရှေ့တွင် မင်းဝံတောင်ကို မြင်နေရသည်။ ကျနော်တို့ တည်းခိုသော နေရာရှေ့တွင် ပြောင်းခင်း တခုရှိသည်။ ပြောင်းခင်းအလွန်တွင် ကျယ်ပြန့်သည့် ထွန်ယက်ဆဲ ကွင်းပြင်အလွန်တွင် ရွာတရွာ ရှိသည်။ ထိုဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများက “PDF တွေ လာရင် အဲဒီဘက်က လာမှာ၊ တို့တွေက ရှေ့တန်းမျက်နှာစာ” ဟု ရယ်မောရင်း ပြောကြသည်။

ရန်ကုန်သို့ အပြန်တွင်မူ စစ်ဆေးမှုများ တင်းကျပ်သည်။ ဘတ်စ်ကား အကူ စပယ်ယာလေးများက ရေသန့်ဘူး၊ ကားပေါ်ပါ ခရီးသည်စာရင်း (စကစဂိတ်သို့ ငွေကြေး ပေး၊ မပေးကို ရှင်းလင်းစွာ မမြင်ရပါ) ပြပြီး ဖြတ်သန်းရသည်။

ကျနော်တို့ ထိုတည်းခိုသည့် နေရာသို့ အလာတွင် ဂိတ်တခုရှိသည်။ ရန်ကုန်မှအလာ စစ်ကိုင်းသို့ ဝင်လာစဉ်က စစ်ဆေးမှုများ ထိုမျှလောက် မတင်းကျပ်။ သို့သော် ရန်ကုန်သို့ အပြန်တွင်မူ စစ်ဆေးမှုများ တင်းကျပ်သည်။

ဘတ်စ်ကား အကူ စပယ်ယာလေးများက ရေသန့်ဘူး၊ ကားပေါ်ပါ ခရီးသည်စာရင်း (စကစဂိတ်သို့ ငွေကြေး ပေး၊ မပေးကို ရှင်းလင်းစွာ မမြင်ရပါ) ပြပြီး ဖြတ်သန်းရသည်။ ဂိတ်တွင် ငွေကြေး တံစိုးလက်ဆောင် ပေးသူ၊ ယူသူ နှစ်ဦးစလုံး အရေးယူမည်ဟု စာချိတ်ထားသည်။ ဓာတ်ပုံရိုက်ခွင့် မသာပါ။ ထို့ကြောင့် စစ်ဆေးရေးဂိတ်တိုင်းတွင် ရေသန့်ဘူးများ ဆင်းပေးကြရာ စကစ စစ်ဆေးရေးဂိတ်သည် ရေသန့်ဘူးဆိုင်ပင် ဖွင့်၍ ရလောက်သည်ဟု တွေးမိသည်။

ရောက်ပြီး နောက်တနေ့တွင်မှု ထိုဂိတ်တွင် အဝေးပြေးကားများ၊ စစ်ကိုင်းအတွင်း ကျနော်တို့ရောက်ရှိသည့် အနီးဝန်းကျင်တွင် ခေါက်တို ပြေးဆွဲပေးသည့် ကားငယ်များကို အလွန် တင်းကျပ် ရန်လိုစွာ စစ်ဆေးနေသည်ကို ဆိုင်ကယ်နှင့် အသွားရော အပြန်ပါ တွေ့မြင်ရပါသည်။ နောက်မှ သိရသည်မှာ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်ဘက်ရှိ ဖောင်းပြင်တွင် နှစ်ဦးနှစ်ဖက် အကျအဆုံး များသည့် တိုက်ပွဲများ ဖြစ်နေကြောင်း သိရသည်။

နာမည်ကျော် ဘုရားပုထိုးများဘက် လှည့်လည် လေ့လာကြည့်ရာတွင်လည်း တိတ်ဆိတ် ခြောက်ကပ်နေသည်ကိုသာ တွေ့ရသည်။ ဘုရားအနီး စားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များတွင် လူမရှိ၊ မည်သည့် ဘုရားဖူးကားမျှ မတွေ့၊ မလာကြ။ ဝတ်စားပုံများကို အကဲခတ်ချက်အရ အနီးအနားမှ အားလပ်ရက် လာကြသူများဟု ယူဆရသူ ဒေသခံအချို့သာ တွေ့ရသည်။

အခြေအနေအရ မေးမြန်းကြည့်ချင်သော်လည်း ကျနော်တို့မှာ ဒေသခံမဟုတ်ကြောင်း သိပုံရပြီး ဖြေဆိုခြင်း မပြုကြပါ။

ကျနော်တို့လည်း သွားနိုင်သလောက် မိုင်တိုင်အထိသာ ဆိုင်ကယ်နှင့်တမျိုး၊ ကားနှင့်တမျိုး သွားနိုင်သည်။ နယ်ကျော်သွားမည် ဆိုသော်လည်း အားလုံးက တားမြစ်ကြသည်။

တိုက်လေယာဉ်ပျံသံများကိုလည်း ကြားနေဆဲ။ သွားနိုင်သမျှ လှည့်လည်သွားရောက်ခဲ့သည့် ဒေသများသည်လည်း ခြောက်ကပ်ဆဲ။

“ဒီနေရာက စစ်ကိုင်းထဲမှာ လုံခြုံတယ်လို့ ပြောနိုင်တယ်” ဟု ပြောသော်လည်း သူတို့မျက်နှာများတွင် သောက မကင်းပေ။ လျှပ်စစ်မီးပျက်ပြီး စစ်တိုက်လေယာဉ်များ ပျံသန်းသံ ကြားနေချိန်တွင် လုံခြုံနေသေးသည်ဟု ဆိုသော သူတို့၏ စိုးရိမ်ပူပန်မှုကို နားလည်မိရပါသည်။

သူတို့ရင်ထဲက အပူသည် အညာနေအပူထက် ပို၍ပူပါသည်။

You may also like these stories:

စစ်ကိုင်းတိုင်းအတွင်းက အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် ပကဖများ သတိပေး

စစ်ကိုင်းတိုင်းကို အမှုန့်ချေပစ်မယ်တဲ့လား

မြင်းမူနယ် လက်ပံကျင်းရွာကို စစ်ကောင်စီဝင်စီး လူ ၁၀၀ ကျော် ဖမ်းထား

တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ

စစ်ကိုင်း၊ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူများကို အလုပ်ထုတ်၊ အလုပ်မခန့်ခြင်းတို့ ပြုလုပ်နေ

Loading