စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာနှင့် မံယူးကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ဆေးရုံများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်သဖြင့် သေဆုံးသူ ၂ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၆ ဦးထက်မနည်း ရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ (အောက်တိုဘာလ ၂၁) မွန်းလွဲ ၁ နာရီခန့်တွင် ဗန်းမောက်မြို့နယ်၊ ကြောင်လည်ရွာက တိုက်နယ်ဆေးရုံ၊ ဆေးရုံ၏ ဝန်ထမ်းအိမ်ရာနှင့် ခန်းမတို့ကို တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး တိုက်ခိုက်ခံရသည့် ၃ နေရာလုံး ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ဒေသခံ တဦးက “ကြောင်လည်မှာရှိတဲ့ ကျနော်တို့ရဲ့ တိုက်နယ် ဆေးရုံကိုဗုံးချတာ။ တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာကို ထပ်ကြဲတယ်။ အဲဒါပြီးတော့ ခန်းမ၊ စုစုပေါင်း ၃ နေရာကို ကြဲသွားတာ။ ဝန်ထမ်းအိမ်ရာက ဒေသခံ ၁ ဦး သေတယ်။ နွား ၂ ကောင် သေတယ်။ PDF တွေ ရှိတယ်လို့ ထင်တဲ့ နေရာတွေကို တိုက်ပွဲရှိရှိ၊ မရှိရှိ လိုက်ပြီး ဗုံးကြဲနေတာပဲ” ဟု ပြောသည်။
အဆိုပါ နေရာ ၃ ခုတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ရှိသည်ဆိုသော သတင်းပေးမှုကြောင့် စစ်တပ်က လာရောက်ဗုံးကြဲခြင်း ဖြစ်သော်လည်း အချိန်မီရှောင်တိမ်းနိုင်ခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ကျေးရွာမှာရှိနေတဲ့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆေးရုံပေါ့။ လေယာဉ် ဗုံးချပြီးတဲ့ နောက်မှာ သေနတ်နဲ့ ဗုံးကြဲတာဆိုတော့ ရစရာ တော်တော်မရှိတော့ဘူး။ ဒလန် သတင်းပေးချက်အရ ပစ်သွားတာ” ဟု ပြောသည်။
စစ်ကောင်စီက ဦးတည်တိုက်ခိုက်ခြင်း ခံရသည့် နောက်ထပ် ဆေးရုံတခုမှာ ဗန်းမောက်မြို့နယ်၊ မံယူးကြီးရွာရှိ ဒေသခံများက ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ကျေးလက် ဆေးရုံဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဆေးရုံတွင် လုပ်အားပေးရောက်ရှိနေသည့် ပြည်သူများထဲမှ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်ခင်မာချိုသည် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၁၄ နှစ်၊ ၁၅ နှစ် အရွယ် ကလေးများအပါ ဒေသခံ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် ၅ လုံး လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

Indaw Revolution-IR က တာဝန်ရှိသူ တဦးက “ဆေးရုံမှာ လုပ်အားပေးနေတဲ့လူတွေ ထိကုန်တာ။ ညနေပိုင်း လုပ်အားပေးနေတဲ့ အချိန်မှာ ဝင်ပစ်သွားတာ။ ၁၉ ရက်နေ့မှာ ဖွင့်ပွဲကြီး လုပ်တာ။ ၂၀ ရက်နေ့က လုပ်အားပေး အကျွေးအမွေးလည်း ပါတယ်။ ဆေးရုံတွေ၊ ကျောင်းတွေဆိုတာ တိုက်ခိုက်လို့ မရတဲ့နေရာတွေ၊ ဒါတွေကလုံးဝ မဖြစ်သင့်ဘူး။ ကိုယ်ထူကိုယ်ထ ဆောက်ထားရတာ ဖြစ်တော့ ဒေသခံတွေကလည်း ရှုတ်ချကြတယ်” ဟု ပြောသည်။
စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည့် ဆေးရုံသည် ၁၀ နှစ်ခန့် ကြာအောင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားရခြင်း ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင်မှ ဖွင့်ပွဲပြုလုပ်ပြီး ကုသမှုများ စတင်ရန် ပြင်ဆင်ချိန်တွင် KIA နှင့် PDF များ ရှိသည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီတပ်က လာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြေပြန့်တွင်သာမက တိုင်းရင်းသား နယ်မြေများတွင် စစ်တပ်က နိုင်ငံတကာ စံသတ်မှတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့က ကိုဗညားက သုံးသပ်ပြောဆိုသည်။
ဆေးရုံ နှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုကို လုံးဝ မလုပ်ဆောင်သင့်ကြောင်း နှင့် စစ်တပ်က လုပ်ဆောင်သည့် သက်သေများကို သိမ်းဆည်းပြီး အသွင်ကူးပြောင်းရေး ကာလ တရားစီရင်မှုတွင် ပြန်လည် အပြစ်ပေးနိုင်ရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုဗညားက “တိုက်ပွဲထဲမှာ လက်နက်မကိုင်ဘဲနဲ့ ဆေးကုသနေတဲ့ တပ်သားဆိုတာ ရှိပါတယ်။ အဲဒါကိုတောင်မှ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်ရမယ်ဆိုတာ ရှိပါတယ်။ ဒါကို နိုင်ငံတကာ တော်တော်များများမှာ ကျင့်သုံးနေတာ ရှိပါတယ်။ ဒါကို စစ်ကောင်စီက ဒီဆေးရုံမှာ PDF တွေရှိလို့ ပစ်ခတ်တယ်ဆိုပြီး ပြောလို့မရပါဘူး။ ဆေးတပ်သားတွေ ဒီမှာ လာကူညီလို့ဆိုပြီး အလွတ်ပြောလို့မရဘူး။ သူတို့လာကုလို့ တိုက်ခိုက်တယ် ဆိုတာမျိုး လုံးဝကို စောဒက တက်လို့မရဘူး” ဟု ပြောသည်။
ယခု ဗုံးကြဲတိုက်ခိုက်ခံရသည့် ကျေးရွာ ၂ ရွာ စလုံးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က လာရောက် ဗုံးကြဲခဲ့ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။
နိုင်ငံတကာ သဘောတူစာချုပ် တခုဖြစ်သည့် ၁၉၉၈ ခုနှစ် ၊ ရောမဥပဒေ (Rome Statute of 1998) တွင် စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များကို ပြဌာန်းထားပြီး ဆေးရုံ၊ ဘာသာရေး နှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား မတိုက်ခိုက်ရ ဆိုသည့် သတ်မှတ်ချက် ပါဝင်သည်။
အဆိုပါ ဥပဒေပြဌာန်းချက်တွင် အရပ်သား ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ၊ အရပ်သား ပြည်သူများ သေဆုံး၊ ဒဏ်ရာရမည်ကို သိလျက်ဖြင့် ရည်ရွယ် တိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း ၊ ခုခံနိုင်မှု ကင်းမဲ့နေသည့် မြို့၊ ရွာ၊ အိမ်၊ အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ အမြောက်နဲ့ပစ်ခြင်းတို့ကို ပြုလုပ်ပါက စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြဌာန်းထားသည်။
You may also like these stories:
စစ်ကိုင်း၌ PDF နှင့် ဆက်သွယ်သည်ဆိုကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁၂ ဦး ဖမ်းခံရ
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ