အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် အရေးပေါ်အခြေအနေ ကြေညာမှု ၆ လ သက်တမ်း ထပ်တိုးခဲ့ပြီးနောက် စစ်ရေး ပြင်းထန် နေသည့် မြို့နယ် ၃၇ ခုအား စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်စွဲဖြင့် ကြေညာလိုက်သည်။
၂၀၂၁ခု အတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မင်းတပ် မြို့နယ်များ အပါအဝင် ယခုဆိုလျှင် စစ်အုပ်ချုပ်ရေးမြို့နယ် ၄၄ ခု ရှိလာခဲ့ပြီး ယင်းမြို့နယ်များ တွင် ပြစ်မှုဥပဒေ ၂၃ မျိုးအတွက် စစ်ခုံရုံးများဖြင့် သေဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နှင့် ပြစ်မှုအလိုက် ပြဋ္ဌာန်း ချက်ပါ အမြင့်ဆုံးပြစ်ဒဏ်များအား ချမှတ်ရမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က “မြန်မာနိုင်ငံဟာ စစ်ဥပဒေနဲ့ အုပ်ချုပ်တာ တပိုင်းဖြစ်နေပြီ ဥပဒေဆိုတာ မရှိ တော့ဘူး။ စစ်ခုံရုံးရဲ့ သဘောထားပဲ။ အခု ၃၇ မြို့နယ် မာရှယ်လော ထပ်ထုတ်တယ်။ အဲဒီမှာ ပိုပြီးတော့ ပြင်းထန်နေသေး တယ်။ အယူခံခွင့် မရှိဆိုတာတွေ ပါလာပြီ။ သေဒဏ် ချမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ နောက်ဆုံး အတည်ပြုချက် ပေးရမယ် ဆိုတဲ့ဟာကလွဲလို့ ကျန်တဲ့ဟာတွေမှာ စစ်ခုံရုံးက လုပ်သမျှ၊ ချသမျှ အမိန့်တွေ အယူခံခွင့် မရှိဘူး ပြီးပြီ” ဟု ပြောသည်။
ယခု စစ်အုပ်ချုပ်ရေးမြို့နယ် ထပ်မံတိုးမြှင့်ကြေညာမှုတွင် ချင်းပြည်နယ်မှ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါးမြို့နယ်များ ပါဝင်ပြီး ချင်းတပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေးအောက် ကျရောက်သွားပြီ ဖြစ်သည်။
ချင်းပြည်နယ်အတွင်းမှ တူမီးကိုင်ကာ စတင်တော်လှန်ခဲ့သည့် မင်းတပ်မြို့နယ်သည် အာဏာသိမ်းမှု အစောပိုင်းကာလ ၂၀၂၁ မေလကတည်းက စစ်အုပ်ချုပ်ရေး ကြေညာခံထားရခြင်း ဖြစ်ပြီး ကျန်ရှိသည့် စစ်အုပ်ချုပ်ရေး ကြေညာခံရခြင်း မရှိသေးသော ပလက်ဝမြို့နယ်မှာလည်း ယမန်နှစ် မေလက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကြေညာခံထားရသည်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် CJDC ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းတင်မီက “အာဏာ သိမ်းကတည်းက စစ်အုပ်ချုပ်ရေး ဖြစ်နေပြီလို့ ယူဆပါတယ်။ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသတွင်း ထိန်းချုပ်နိုင်မှု က ၈၀ ကျော် ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားတယ်။ မြို့တွင်း စစ်တပ်ကုန်းတွေနဲ့ တချို့နေရာလောက်ကိုပဲ မထိန်းချုပ် နိုင်တဲ့ အနေအထား ရှိတဲ့အတွက် သူတို့ မာရှယ်လော ဘယ်လောက်ပဲထုတ်ထုတ် ကျနော်တို့ ထိန်းချုပ်ထားတဲ့နေရာနဲ့ ပြည်သူအပေါ်မှာ ဘာမှ အကျိုးသက်ရောက်မှု မရှိဘူးလို့ ယူဆပါတယ်” ဟု ပြောသည်။
စစ်အုပ်ချုပ်ရေးကြေညာမှုတွင် ချင်းပြည်နယ်နှင့် ဆက်စပ်နေပြီး စစ်ရေးပြင်းထန်နေသည့် မကွေးတိုင်းအတွင်းမှ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်မြို့နယ်တို့နှင့် စစ်ကိုင်းတိုင်းအတွင်းမှ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးမြို့နယ်တို့လည်း ပါဝင်သည်။
ထို့ပြင် ပဲခူးတိုင်းအတွင်းမှ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်၊ တနင်္သာရီတိုင်းအတွင်းမှ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်၊ မွန်ပြည်နယ်မှ ရေးမြို့နယ်၊ ကရင်ပြည်နယ်မှ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့ နယ်၊ ကယား (ကရင်နီ) ပြည်နယ်မှ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘော်လခဲမြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေးနယ်မြေ များအဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ယခု ကြေညာလိုက်သည့် မြို့နယ်များမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသော မြို့နယ်များ ဖြစ်ပြီး ပကတိအခြေအနေနှင့် လွဲမှားနေကြောင်း၊ အဆိုပါ မြို့နယ် များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် တပ်တွင်းမှအပြင်သို့ပင် ကောင်းကောင်းထွက်ရဲခြင်း မရှိကြောင်းလည်း RFA သတင်းဌာနကို ပြောဆိုထားသည်။
ယခုကဲ့သို့ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် အာရုံစိုက်နေမည် မဟုတ်ဘဲ ယခင်ကပင် လူထုအပေါ် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ပြည်သူပိုင် နေအိမ်၊ ပစ္စည်းများအား မီးရှို့ခြင်း စသည့် ရာဇဝတ်မှုမျိုးစုံအား ကျူးလွန်ခဲ့ခြင်း ဖြစ်သည့်အတွက် အစွမ်းကုန် ခုခံကာကွယ်သွားမည် ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အမိန့်ကြောင့် နောက်ဆုတ်သွားမည် မဟုတ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၈၊ အထူးတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောသည်။
၎င်းက “သူတို့လည်း သူတို့နည်းသူတို့ဟန်နဲ့ ဒီနယ်မြေတွေအပေါ် စိုးမိုးမှုပြန်ရအောင် အစွမ်းကုန် ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းမျိုးစုံသုံးပြီး လုပ်နေသလို ကျနော်တို့ဘက်ကလည်း အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ ဖြစ်တဲ့အတွက် ယုတ်မာကောက်ကျစ်တဲ့သူတွေလက်ထဲ ပါမသွားအောင် အစွမ်းကုန် ကာကွယ်သွားမှာပါ” ဟု ဆိုသည်။
စစ်ကောင်စီ အနေဖြင့် အာဏာသိမ်းထားသည့် ၂ နှစ်တာ ကာလအတွင်း ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာနေပြီး အရပ် သား တော်လှန်ရေးအင်အားစုများအား ထိန်းချုပ်ချေမှုန်းနိုင်ခြင်း မရှိသည့် အခြေအနေကို ဇန်နဝါရီ ၃၁ ရက်က ပြုလုပ် သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံခဲ့ပြီး ၎င်း ဆက်လက် အုပ်ချုပ်ခွင့်အတွက် သက်တမ်း ၆ လ တိုးမြှင့်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် စစ်ခေါင်းဆောင်က နိုင်ငံတဝှမ်း လုံခြုံရေး ဆောင်ရွက်ရန် လိုအပ်သည့် ၆၇ မြို့နယ်ရှိပြီး လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေသည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
ယင်းအခြေအနေတွင် စစ်ကောင်စီက တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာကာ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ရန် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ဒေသခံပြည်သူလူထုအပေါ်၌ လည်း ၎င်းတို့စိတ်ကြိုက် ပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများဖြင့် စွပ်စွဲကာ ခုခံချေပခွင့်၊ အယူခံပိုင်ခွင့် မရှိသော စစ်ခုံရုံး များဖြင့် သေဒဏ် အပါအဝင် အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်ခြင်းဖြင့် ဖိနှိပ်အုပ်ချုပ်ရန် လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။
ယမန်နှစ်အတွင်းကလည်း စစ်ကောင်စီ အနေဖြင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုး ဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးအား စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ကာ စစ်ခေါင်းဆောင်၏ အတည်ပြုမှုဖြင့် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ထို့အတွက် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအမိန့် တိုးမြှင့်ပြီးနောက် စစ်ကောင်စီသည် ဒေသအတွင်းမှ ပြည်သူများအပေါ် စွပ်စွဲ ဖမ်းဆီးပြီး ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမို ကျူးလွန်လာနိုင်ကြောင်းလည်း ဥပဒေရေးရာကျွမ်းကျင်သူများက ဝေဖန်ထောက်ပြသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းများအရ စစ်တပ် အာဏာသိမ်းစမှ ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်ထိ ဖမ်းဆီးခံရသူ ၁၃၇၉၃ ဦး ရှိသည့်အနက် ၂၃၀၂ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီး ထောင်ဒဏ် ချမှတ်ခံရသူများအနက် ၁၀၁ ဦးမှာ သေဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။
ဦးကြီးမြင့်က “NUG ရဲ့ ခေါင်းဆောင်မှု၊ PDF, EAO တွေရဲ့ ခေါင်းဆောင်မှုနဲ့ နွေဦးတော်လှန်ရေးကို အနိုင်တိုက်ပြီးတော့ စစ်အာဏာရှင်ကို ဖြုတ်ချမှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ရမယ်။ ဒီအတိုင်း နတ်ကရာကျီးမောနေလို့ကတော့ ဘယ်နေ့ ကိုယ့်ကို လာသတ်မလဲ၊ ဘယ်နေ့ ကိုယ့်အိမ်ကို မီးလာရှို့မလဲ။ ဘယ်နေ့ ထောင်ကျမလဲဆိုတာ လူတွေဟာ နေ့စဉ်နဲ့အမျှ မလုံမခြုံ နေရတဲ့ဘဝမှာ နေသွားရမယ့်အချိန်ကို ရောက်သွားပြီ” ဟု ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်သည့် စစ်အုပ်ချုပ်ရေးအမိန့်အရ စစ်ခုံရုံးဖြင့် စီရင်မည့် အမှုများမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၁၂၂ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ ပုဒ်မ-၁၂၄ (က) အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု၊ ပုဒ်မ -၁၂၄ (ဂ) တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက် ပြားစေခြင်း၊ ပုဒ်မ- ၁၂၄ (ဃ) တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့် ယှက်ခြင်း၊ ပုဒ်မ ၅၀၅၊ ပုဒ်မ- ၅၀၅-က အစိုးရဝန်ထမ်းတဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း စသည့်ပုဒ်မများ ပါဝင်သည်။
ထို့ပြင် မတရားအသင်းအက်ဥပဒေနှင့် လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ၊ ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အများနှင့် သက် ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ လ.ဝ.က အက်ဥပဒေ (လတ်တလောပြဋ္ဌာန်းချက်များ)၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ ရပ်/ကျေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေတို့အရ ပြစ်မှုများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပြစ်မှုများနှင့် ပတ်သက်ပြီး စစ်ခုံရုံးက အကျဉ်းနည်းဖြင့် စစ်ဆေးကာ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်တို့အား ချမှတ်ရမည်ဖြစ်ပြီး အယူခံပိုင်ခွင့် မရှိကြောင်းလည်း အာဏာသိမ်း စစ်ကောင်စီက ဆိုထားသည်။
You may also like these stories:
စစ်ကောင်စီ သက်တမ်းတိုးမှု အကြမ်းဖက်မှုသာ တိုးလာနိုင်ဖွယ်ရှိ
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော
စစ်ကောင်စီ ကြောက်နေရဆဲဖြစ်သည့် လေးကြိမ်မြောက် အသံတိတ်သပိတ်