စစ်ကောင်စီက ကယားပြည်နယ် (ကရင်နီပြည်) အတွင်းရှိ ဘော်လခဲ၊ ဖရူဆို၊ ဒီးမော့ဆိုနှင့် ရှားတော မြို့နယ်တို့အား စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီးနောက် ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ အင်အားထောင်ကျော်ဖြင့် စစ်ကြောင်းများခွဲ ထိုးစစ်ဆင်လာသည့်အတွက် ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ကရင်နီ ပူးပေါင်းတပ်များက ပြောသည်။
အထူးသဖြင့် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် ဆက်စပ်နေသည့် ပင်လောင်းမြို့နယ်မှ စတင်၍ စစ်ကြောင်း ထိုး ဝင်ရောက်လာခဲ့ရာတွင် ပင်လောင်းနှင့် တဆက်တည်းဖြစ်သော ဖယ်ခုံမြို့နယ်အတွင်းထိပါ တိုက်ပွဲများဖြစ်ပွား လျက် ရှိနေသည်။
စစ်ကြောင်းထိုးလာသည့် ပင်လောင်းမြို့နယ်အတွင်း၌ စစ်ကောင်စီနှင့်အတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တပ်များ လည်း ပူးပေါင်း ပါဝင်နေသည့်အပြင် လက်ရှိတွင်လည်း ပင်လောင်း- ဖယ်ခုံအစပ်တွင် စစ်ကောင်စီမှ အင်အား ၄၀၀ ခန့်ဖြင့် စုဖွဲ့နေရာယူထားကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောခွင့်ရှိသူ ခူညေးရယ်က ပြောသည်။
၎င်းက “ကျနော်တို့ဒေသကို အင်အား နှစ်ထောင်ခန့်နဲ့ စစ်ဆင်ရေး လုပ်ဆောင်နေတယ်လို့ သုံးသပ်ထားပါတယ်။ အနောက်ဘက်ဝင်ပေါက်လို့ခေါ်တဲ့ နေရာမှာလည်း အင်အား ၄၀၀ လောက် စုဖွဲ့ထားတယ်ပြောတယ်၊ ဒါက စစ်ဆင် ရေး ဝင်လာဖို့လား၊ နေပြည်တော် လုံခြုံရေးလားတော့ မသိဘူး” ဟု ပြောသည်။
ပင်လောင်းဘက်မှ လှုပ်ရှားလာသည့် စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားနေ သည်မှာ သုံးပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ အရပ် သားများ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် မတ်လ ၁၁ ရက်ကလည်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာဘုန်း ကြီးကျောင်းတွင် ဘုန်းကြီးသုံးပါးအပါအဝင် စစ်ဘေးရှောင် ၃၀ ဦးကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမှုများရှိနေသည့်အပြင် ဒေသခံ ပအိုဝ်း လူမျိုးများနှင့် ကရင်နီဒေသခံများကြား လူမျိုးရေး မုန်းတီးစေရန် လှုံ့ဆော်မှုများလည်း တွေ့နေရသည်။
ယနေ့ မနက်ပိုင်းတွင်လည်း အဆိုပါ နမ်းနိန်းကျေးရွာတည်ရှိရာ ဒေသအတွင်း စစ်ကောင်စီဘက်က စတင် စစ်ကြောင်း ထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြောသည်။
ပင်လောင်းမြို့နယ်နှင့် ဆက်စပ်နေသည့် ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း ကုရင်းကျေးရွာအုပ်စုအတွင်း၌လည်း မတ်လ ၁၁ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းဒေသသည် ကယန်းပြည်သစ်ပါတီ လှုပ်ရှားရာ နယ်မြေများလည်းဖြစ်ပြီး ထိုဒေသ အတွင်းသို့ တပ်မ ၆၆ လက်အောက်ခံများနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်အခြေစိုက် အမှတ်၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၂) လက်အောက်ခံ တပ်ရင်းများမှ ထုတ်နုတ်အင်အားများဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ကရင်နီပူးပေါင်းတပ်များက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းများနှင့် ကရင်နီ ပူးပေါင်းတပ်များကြား မတ်လ ၁၂ ရက်၊ ညပိုင်းအထိ ကုရင်းကျေးရွာ အုပ်စုဒေသအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၂၈ ဦး ခန့်သေ ဆုံးကာ ၆ ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရသူများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ပြီး၊ ကရင်နီ ပူးပေါင်းတပ်များဘက်ကလည်း ၃ ဦး သေဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူအချို့လည်း ရှိခဲ့ကြောင်း ကရင်နီတပ်များက ထုတ်ပြန်ထားသည်။
ယင်းပြင် စစ်ကောင်စီစစ်ကြောင်း တကြောင်းသည် မတ်လ ၁၂ ရက်တွင် ကုရင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေး ရှောင်စခန်းတခုအား ဝင်ရောက်စီးနင်းကာ ဒေသခံ ၈ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ၅ ဦးအား ပြန်လွှတ်ပေးခဲ့သော်လည်း သက်ကြီးရွယ်အို နှစ်ဦးနှင့် ၇ တန်းကျောင်းသား လူငယ်တဦးအား သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ် (KNDF) ထံက သိရသည်။
ဖယ်ခုံ အရှေ့ဘက်ခြမ်း ကုရင်းကျေးရွာအုပ်စုဒေသအတွင်း ပစ်ခတ်မှုများမရှိစေရေး ကယန်းပြည်သစ်ပါတီငြိမ်းချမ်းရေး အဖွဲ့နှင့် စစ်ကောင်စီကြား ဆွေးနွေးသဘောတူ အာမခံမှုဖြင့် စစ်ဘေးရှောင်ဒေသခံများအား ကျေးရွာများအတွင်း ပြန် လည်နေထိုင်ကြရန် ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရဆဲဖြစ်သည့်အပြင် ယခုကဲ့သို့ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာမှုနှင့် ကယန်းပြည်သစ်ပါတီအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

အခြားသော ထိုးစစ်ဆင်မှုအနေဖြင့် စစ်ကောင်စီတပ်များသည် ဘော်လခဲမှ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသအတွင်း သို့ လှုပ်ရှားလာခြင်း ဖြစ်သည်။
ဘောလခဲမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင် ၄၂၉ နှင့် တပ်မ ၇၇ လက်အောက်ခံတပ်ရင်များမှ ထုတ်နုတ်အင်အား များမှာ စစ်ကြောင်းသုံးကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုဘက်သို့ မတ်လ ၇ ရက်မှ စတင်ကာ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် မတ်လ ၁၀ ရက်က စတင်ပြီး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယင်းပြင် ဒီးမော့ဆိုအရှေ့ခြမ်း ဒေါကလော်ဒူးကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာနှင့် ဒေါတမြေးကျေးရွာပတ်ဝန်းကျင်ဒေသ တို့တွင်လည်း မတ်လ ၁၀ ရက်ကစပြီး စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်ကောင်စီများအား ကရင်နီပူးပေါင်း တပ် များက ကြားဖြတ်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟို သတင်း ထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားသည်။
ယင်းသို့ အထိနာခဲ့သည့် စစ်ကောင်စီအနေဖြင့် ၁၁ ရက် ညနေပိုင်းတွင် ဒေါသဲကျေးရွာအား စစ်ရဟတ်ယာဉ်ဖြင့် ပစ် ခတ်ဗုံးကြဲမှု သုံးကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေါကလော်ဒူးကျေးရွာအုပ်စု အနီးတဝိုက်သို့ စစ်ကြောင်းထိုးလာသည်မှာ ငွေတောင်ဆည်အနီးတွင် အခြေ ပြုထားသည့် ခြေလျင်တပ်ရင်း-၁၀၂ နှင့် ခြေမြန်တပ်ရင်း-၄၂၇ တို့အပြင် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများ လည်း ပါဝင်ကြောင်း ကရင်နီပူးပေါင်းတပ်များဘက်က ပြောသည်။
ငွေတောင်ဆည် အခြေစိုက် ခြေလျင်တပ်ရင်-၁၀၂ ထဲတွင် တပ်မ ၆၆ ဗျူဟာအထိုင်ချထားကြောင်းလည်း သိရသည်။
ဒီးမော့ဆိုအရှေ့ခြမ်းဒေသသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်းကြောင့် ဒေသခံဦးရေ ငါးထောင်ခန့်မှာ စစ်ဘေး ရှောင်ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းများအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့်လည်း စစ်ဘေးရှောင်အချို့မှာ ထပ်မံ ရွှေ့ပြောင်းထွက်ပြေးနေရပြီး ဖမ်းဆီးခံရသူအချို့လည်း ရှိနေကြောင်း သိရသည်။
KNDF ပြောခွင့်ရှိသူတဦးက “ဒေသအတွင်းမှာ စစ်ရှောင်တွေက သွားစရာနေရာ မရှိတဲ့ အနေအထား ဖြစ်နေတယ်၊ စစ်ဘေးရှောင်နေရာတွေမှာ တိုက်ပွဲဖြစ်တော့ ထပ်မံရှောင်ပြေးနေရသူတွေရှိနေတယ်။ အခြေအနေက ရှုပ်နေတယ်” ဟု ပြောသည်။
ကရင်နီပြည်နယ်အတွင်း အခြားသော စစ်ရေးလှုပ်ရှားမှုအနေဖြင့်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရှား တောမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပို့ လမ်းကြောင်းများအား ကရင်နီပူးပေါင်း တပ်များက တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီအနေဖြင့် ရှားတောမြို့နယ်အတွင်းရှိ တပ်စခန်းများနှင့် ထိုင်း- မြန်မာနယ်စပ်မျဉ်းတလျှောက်ရှိ တပ်စခန်း များအား လွိုင်ကော်ဌာနချုပ်မှ ရိက္ခာထောက်ပို့ရန် ခက်ခဲလာသည့် အခြေအနေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ် ဟိုမိန်းနယ်ခြားကာ ကွယ်ရေးတပ် (SSS) ပြည်သူ စစ်ထိန်းချုပ်နယ်မြေများအား ဖြတ်သန်းကာ ကျိုင်း ခမ်း အခြေစိုက် ခြေမြန်တပ်ရင်း-၅၁၀ မှ ရိက္ခာများ ပို့ဆောင်လှုပ်ရှားလျှက်ရှိနေကြောင်း ကရင်နီပူးပေါင်းတပ်များက ပြောသည်။
ရှားတော ဗျူဟာစခန်းကုန်နှင့် နယ်စပ်စခန်းများအား ရိက္ခထောက်ပို့ရန်နှင့် လမ်းလုံခြုံရေးယူရန် ခြေမြန်တပ်ရင်း-၅၁၀ နှင့် ခြေမြန်တပ်ရင်း ၄၂၈ ပူးပေါင်းတပ်ဖွဲ့များအား ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၉ ရက်အတွင်း သုံးကြိမ်ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့က ဆိုထားသည်။
အဆိုပါ မြေမြန်တပ်ရင်း ၅၁၀ သည် ဇန်နဝါရီလပိုင်းကတည်းက ကရင်နီဒေသသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ခဲယမ်း၊ ရိက္ခာများအား သံလွင်မြစ်အတိုင်း သယ်ယူကာ ရှားတောမြို့ အရှေ့ဘက် ၉ မိုင်ခန့်အကွာရှိ သံလွင်မြစ်ကမ်းအနီး တာ တမောစခန်းတွင် စုပုံကာ တပ်စခန်းများအား ထောက်ပို့ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းလည်း ကရင်နီ ပူးပေါင်းတပ်များ က သုံးသပ်ထားကြသည်။
ကရင်နီ ပူးပေါင်းတပ်များအနေဖြင့်လည်း ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘီပီ- ၉ မှ ဘီပီ-၁၂ အထိ နယ်စပ် တလျှောက် စစ်ကောင်စီ တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က နယ်ခြားမိုင်တိုင် ဘီပီ- ၁၂ အနီးရှိ ခလရ-၁၃၄၊ ခလရ- ၅၄နှင့် အမြောက်တပ် အမှတ် ၃၆၀ တို့ပူးပေါင်း အခြေချထားသည့် တပ်စခန်းတခုအား ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးတလက်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်ဘက် ကလည်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ရသည်။
စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ ကရင်နီ ဒေသအတွင်းသို့ အင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာခြင်းသည် စစ် အုပ်ချုပ်ရေးဒေသများအား ပိုမိုထိန်းချုပ်ရန်နှင့် ၎င်းတို့ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲဖြစ်မြောက်နိုင်ရေး အတွက် ဖြစ်နိုင်ကြောင်းနှင့် စစ်ဘေးရှောင်စခန်းများပါမချန်ဘဲ တိုက်ခိုက်နေခြင်းများလည်း တော်လှန်ရေးတပ်ဖွဲ့များ အား အထောက်အကူ မပေးနိုင်ရန် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ခူညေးရယ်က သုံးသပ်သည်။
၎င်းက “ကျနော်တို့ဘက်ကတော့ တတ်နိုင်သလောက် ခုခံကာကွယ်မှာပဲ၊ ထိုးစစ်ရှိလာရင် ခံစစ်တော့ရှိရမှာပဲလေ။ အဓိကတော့ ကြားထဲက နစ်နာတာ လူထုတွေပဲပေါ့။ ဒါပေမယ့်လည်း လူထုအနေနဲ့ စစ်အစိုးရပြုတ်ကျအောင်၊ ကျနော် တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီရအောင် ထောက်ခံအားပေးဖို့၊ စိတ်ဓာတ်မကျဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြော သည်။
ကရင်နီဒေသအတွင်း စစ်ကောင်စီမှ ထိုးစစ်ဆင်နေသည့် ကာလတလျှောက်တွင်လည်း အရပ်သားများနေထိုင်ရာ ကျေးရွာများအား ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည့် အတွက် ကလေးငယ်များနှင့် အမျိုးသမီများအပါအဝင် ထိခိုက်သေဆုံးရသူ အရပ်သားများလည်း ရှိနေသည်။
KNDF ပြောခွင့်ရှိသူ တဦးက “ဒီပြည်နယ်က သေးသေးလေးပါ၊ မြေပြင်ကစစ်ကြောင်းထိုးတာကတော့ ရေကုန်ရေခမ်း တိုက်မယ်ပြောထားလို့ တိုက်တာ ပြောစရာတော့ မရှိပါဘူး၊ ဒါပေမယ့် လေကြောင်း အလွန်အကျွံ အသုံးပြုတဲ့ကိစ္စက တော့ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက တခုခုတော့ အဆုံးအဖြတ်ပေးရတော့မယ် ထင်တယ်၊ စစ် ကြောင်းတွေ ဦးတည်တာမျိုးပဲ မဟုတ်ဘဲ စစ်ရှောင်တွေကိုပါ ဦးတည်တိုက်ခိုက်တာက မဖြစ်သင့်တဲ့ကိစ္စလို့ပဲ ယူဆ ပါတယ်” ဟု ပြောသည်။
You may also like these stories:
ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
ဖားကန့်တွင် KIO အရာရှိတဦး အပါအဝင် လူ ၄၀ ခန့် စစ်ကောင်စီဖမ်းထား
BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်