စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကို မတ် ၁၀ရက် ပြဋ္ဌာန်းလိုက်ရာ ပြည်သူလူထု၏ ဆယ်သွယ် ရေးကို ကန့်သတ်ထိန်းချုပ်ရုံသာမက ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုပါ တောင်းခံနိုင်သည့် အချက်များ ကိုပါ ထည့်သွင်းထားသည်။
၂၀၁၄ ခုနှစ်ကတည်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြဌာန်းခဲ့ပြီးဖြစ်သော်လည်း ယခုရက်ပိုင်းထုတ်ပြန်လိုက် သည့် နည်းဥပဒေအရဆိုလျှင် စစ်ကောင်စီသည် အကြမ်းဖက်မှုများနှင့် ဆက်စပ်သူများ၊ ငွေကြေးထောက်ပံ့သူများ၏ တယ်လီဖုန်းနှင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုများကို ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်း၊ ကြားဖြတ်ဖမ်း ယူခြင်းတို့ကို ဥပဒေအကာကွယ်ယူ၍ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။
ဒစ်ဂျစ်တယ်အရေး လှုပ်ရှားနေသူများက ယခုကဲ့သို့ စစ်ကောင်စီက လုပ်ဆောင်လာခြင်းမှာ နွေဦးတော်လှန်ရေးကို ထောက်ခံသူ၊ ပံ့ပိုးနေသူမှန်သမျှကို ဥပဒေအရဆိုသည့် စကားလုံးသုံးစွဲကာ ထိရောက်သည့် ဖိနှိပ်မှု လုပ်ဆောင် လိုခြင်း ကြောင့် ဖြစ်ကြောင်း သုံးသပ်ကြသည်။
ဒစ်ဂျစ်တယ်အရေး လှုပ်ရှားသည့် နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်သည့် Access Now မှ မြန်မာပြည်တာဝန်ခံ မဝေဖြိုးမြင့် က “လူထုကို တကယ့်အကြမ်းဖက်မှုကနေ ကာကွယ်ပေးဖို့ ထုတ်တဲ့ ဥပဒေတွေ မဟုတ်ဘူး။ အထူးသဖြင့် တော်လှန်ရေးနဲ့ တော်လှန်ရေးကို အထောက်အကူပြုနေတဲ့ အင်အားစုတွေကို ဖြိုခွဲပြီးတော့ အကြမ်းဖက်သမားအဖြစ် တံဆိပ်တပ်ပြီးတော့ အကြမ်းဖက်ဥပဒေတွေ အောက်ကနေ တရားစွဲဆိုနိုင်ဖို့ အတွက် ၊ တရားစွဲဆိုတဲ့အခါမှာ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ စောင့်ကြည့်မှုတွေ လုပ်နိုင်ဖို့အတွက်လို့ သုံးသပ်ပါတယ်” ဟု ပြောသည်။
ယင်းနည်းဥပဒေပြဋ္ဌာန်းလိုက်ခြင်းဖြင့် နိုင်ငံအတွင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝင်ရောက် လုပ်ကိုင်နေသည့် ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများ၊ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကို ဥပဒေအရဆိုကာ တရားဝင် ခြိမ်းခြောက် အကျပ် ကိုင်ကာ အချက်အလက်များကို ဖိအားပေး တောင်းဆိုရန်အတွက် ရည်ရွယ်ကြောင်း ပညာရှင်များက သုံးသပ်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2023/04/အကြမ်းဖက်.jpg)
အဆိုပါ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုများကို ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်း၊ ကြားဖြတ်ဖမ်းယူခြင်း များကို နည်းဥပဒေ အတည်မပြုခင်ကပင် လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ နည်းဥပဒေ ပြဌာန်းလိုက် ခြင်းဖြင့် ဥပဒေကြောင်းအရ ဟုဆိုကာ ပိုမို ဖိအားပေးခြင်းများ လုပ်ဆောင်လာနိုင်ကြောင်း ဒစ်ဂျစ်တယ်အရေး လှုပ်ရှားသူများက ဆိုသည်။
မဝေဖြိုးမြင့်က “ဥပဒေနဲ့ လုပ်လိုက်တဲ့ အခါကျတော့ ပုဂ္ဂလိက ကဏ္ဍတွေက သူတို့မှာရှိတဲ့ ဒေတာတွေကို ဥပဒေနဲ့ ကိုင်ပြီး တောင်းတဲ့ အခါကျတော့ မဖြစ်မနေ ငြင်းလို့ မရတာသော်လည်းကောင်း၊ အချိန်ဆွဲလို့ မရတာ သော်လည်းကောင်း လုပ်လို့ မရတော့ဘဲနဲ့ ချက်ချင်း ပေးကြရမယ့် သဘောဖြစ်တယ်”ဟု ပြောသည်။
အကြမ်းဖက်မှုများအား တားဆီးနိုင်နင်းရေးလုပ်ငန်းကော်မတီက ခွင့်ပြုလိုက်ပြီဆိုပါက စုံစမ်းရေးအဖွဲ့ (သို့)တားဆီး နှိမ်နင်းရေးတပ်ဖွဲ့များမှ သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများထံသို့ ၎င်းတို့ တောင်းဆိုလိုသည့် ပြည်သူများ၏ သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်မှုများကို စစ်ကောင်စီက ကန့်သတ် ထိန်းချုပ်မှုများ လုပ်လိုပါက ဆက်သွယ်ရေးအော်ပရေတာများကလည်း ငြင်းဆန်ပိုင်ခွင့် မရှိကြောင်း အဆိုပါ နည်းဥပဒေတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်း၊ ကြားဖြတ်ဖမ်းယူခြင်းများကို ၁ ကြိမ် ခွင်ပြုလျှင်ရက်ပေါင်း ၆၀ အထိ လုပ်ဆောင်နိုင်ပြီး သတင်းအချက်အလက် မပြည့်စုံသေးပါက အချိန်ကာလ တိုးမြှင့်ပေးရန်ကိုလည်း အကြမ်းဖက်မှု များအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီသို့ တင်ပြနိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း “သူတို့ရဲ့ လုပ်ရပ်တွေက ဥပဒေနဲ့ အညီဖြစ်တယ်ဆိုတဲ့ စကားလုံးကို သုံးချင်လို့သာ ဒါတွေကို ထုတ်ပြန်တဲ့ သဘောရှိတယ်။ ပြည်သူတွေရဲ့ သတင်းအချက် အလက်တွေကို ကြားဖြတ်ခိုးယူ နားထောင်တာ၊ ဒါတွေကို ပြန်ပြီး အသုံးချတာတွေက ရှေ့မှာလည်း လုပ်လေ့လုပ်ထ ရှိတဲ့ အလုပ်တွေပဲ။ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းဖို့ ကြိုးစားမှု အနေနဲ့ ဆောင်ရွက်တယ်လို့ ယူဆတယ်” ဟု ပြောသည်။
ကြားဖြတ်ဖမ်းယူခြင်းမှ ရရှိလာသော အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ သတင်း အချက်အလက်များကို စစ်ကောင်စီက သံသယရှိသည့် အကြမ်းဖက်မှု (သို့) အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်းသည့် အမှု များတွင် သက်သေခံအဖြစ် တင်ပြနိုင်သည်ဟုလည်း ထည့်သွင်း ပြဋ္ဌာန်းထားသည်။
ရှေ့နေတဦးကလည်း “တော်လှန်ရေး အစုအဖွဲ့ရဲ့ ပင်မရေသောက်မြစ်ဖြစ်တဲ့ နိုင်ငံသားတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ချက်နဲ့ ပိုပြီးပြည့်စုံတဲ့ ဒီနည်းဥပဒေကို ပြဌာန်းတယ်လို့ မြင်တယ်”ဟု သုံးသပ်သည်။
ထို့ပြင် အကြမ်းဖက်တိုက်ဖျက်ရေး နည်းဥပဒေတွင် ဆက်သွယ်ရေးဆိုင်ရာ ထိန်းချုပ်မှုများသာမက အကြမ်းဖက်ဥပဒေ အရ အရေးယူခံရသူ ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းယူရန်နှင့် ပတ်သက် ဆက်နွယ်နေသူများအားလုံးကို ဖော်ထုတ် အရေးယူရန်တို့ကိုပါ ထည့်သွင်း ပြဌာန်းထားသည်။
ယင်းကဲ့သို့ လူထုကို ပိုမိုဖိအားပေးသည့် နည်းဥပဒေတရပ် ထပ်မံ ထွက်ပေါ်လာသော်လည်း ပြည်သူများအနေဖြင့် ကြောက်စိတ်မဝင်ဘဲ သတိပြုနေထိုင်ကြရန်ကို ဥပဒေပညာရှင်များနှင့် ဒစ်ဂျစ်တယ်အရေး လှုပ်ရှားသူများက ဆိုကြသည်။
မဝေဖြိုးမြင့်က “စကစရဲ့ လူထုကိုစောင့်ကြည့်တဲ့ လုပ်ရပ်တွေက ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ခြေ ရှိတယ်။ တဖက်မှာလည်း အဲဒီဥပဒေတွေနဲ့ အရေးယူမှုတွေ ပိုများလာနိုင်ခြေရှိတယ်။ ပိုပြီး သတိထားဖို့နဲ့ အကြောက်လည်း မလွန်ဖို့ ဆိုတဲ့ အပိုင်းကို ပြောချင်ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီက အာဏာသိမ်းကာလ ၂ နှစ်နောက်ပိုင်းတွင် အုပ်ချုပ်ရေး ယန္တရားကို ပိုမိုတည်ဆောက် ချဲ့ထွင်ရန် ကြိုးစား လာသည့်နှင့်အတူ ဆိုရှယ်မီဒီယာများပေါ်တွင် ပြည်သူလူထုက လွတ်လပ်စွာ ရေးသားနေသည့် အာဏာရှင် ဆန့်ကျင်ရေး နှင့် ဆက်စပ်သမျှသော ထင်မြင်ယူဆချက်များကိုပါ တားမြစ်ပိတ်ပင်ရန်အတွက် ကြိုးပမ်းလာမှုများ ရှိနေခဲ့သည်။
ရန်ကုန်မြို့ခံတဦးက “နည်းဥပဒေထွက်လာလို့ ထွေထွေထူးထူး စိုးရိမ်ချက် ဖြစ်တာ မရှိပါဘူး။ အကုန်လုံးကတော့ သူတို့ လက်ထဲမှာပဲ ရှိနေတာလေ။ အရင်ကလည်း သူတို့ လုပ်နေတာပဲ။ ဥပဒေပြဌာန်းပြီးတော့ ပေါ်ပေါ်ထင်ထင် လုပ်တာနဲ့ ဥပဒေမရှိဘဲ ခိုးကြောင်ခိုးဝှက်လုပ်တာပဲ ကွာသွားမယ်။ ကျမတို့ကတော့ ရိုးရိုးဖုန်းနဲ့လည်း သိပ်မပြော ဖြစ်တော့ဘူး။ ကြားခံ Application တွေကိုပဲ သုံးတာ များတယ်။ သူတို့လည်း တခုချင်း လုပ်လာသလို ကျမတို့ကလည်း လုပ်စရာရှိတာ ကို ဆက်လုပ်ရမှာပဲ” ဟု ပြောသည်။
၂၀၂၃ ခုနှစ် နှစ်စပိုင်းကတည်းကပင် လူမှုကွန်ရက်များပေါ်တွင် အာဏာရှင်ဆန့်ကျင်ရေးနှင့် ဆက်စပ်သည့် စကားလုံးများ ရေးသားဖော်ပြသူများကို အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးအရေးယူမှုများကို ခပ်စိပ်စိပ် မြင်တွေ့လာရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများအနက် နိုင်ငံတကာကုမ္ပဏီတခုဖြစ်သော နော်ဝေးအခြေစိုက် တယ်လီနောသည် စီးပွားရေးကျဆင်းမှုများနှင့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အာဏာသိမ်း ပြီးနောက်ပိုင်း ပြည်တွင်းမှ ပထမဆုံး ထွက်ခွာသွားသော ကုမ္ပဏီတခုဖြစ်သည်။
You may also like these stories:
လူမှုကွန်ရက် အသုံးပြုသူများကို စစ်ကောင်စီ ပိုမို ခြိမ်းခြောက်လာ
စစ်ကောင်စီ ဆိုရှယ်မီဒီယာက အမျိုးသမီးများကို ပစ်မှတ်ထားခြိမ်းခြောက်
တယ်လီနောမြန်မာရောင်းချမှု စစ်တပ်နှင့် နီးစပ်သည့်ကုမ္ပဏီပါ၍ ကန့်ကွက်ခံနေရ