အောက်တိုဘာလ ၂၇ ရက်မှ စတင်သည့် ၁၀၂၇ စစ်ဆင်ရေးသည် ရုပ်လုံး ပေါ်လာခဲ့ပြီ။ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့သည် ဤစစ်ဆင်ရေးအား နှစ်နှစ်ခန့် ပြင်ဆင်ခဲ့သည်ဟု သိရ၏။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က တပ်မဟာ လေးခု၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တပ်မဟာ ခုနစ်ခု၊ ရက္ခိုင့်တပ်တော် (AA) က တပ်ရင်း ၁၀ ရင်းတို့ကို အခြေခံစုစည်းပြီး ကိုးကန့် တပ်မဟာ ၆၁၁ နှင့် တွဲဖက်ထားသည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ၂၀၃ တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ရင်း နှစ်ရင်း၊ အညာဒေသမှ PDF နှစ်ရင်း၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း တရင်း၊ TNLA နှင့်တွဲဖက်၍ မန္တလေး PDF တပ်ရင်း ခုနစ်ရင်း၊ မိုးကုတ် PDF တပ်ရင်း နှစ်ရင်းအပြင် အမြောက်တပ်နှင့် ဒရုန်းတပ်ဖွဲ့များ စုစုပေါင်း အင်အား ၂၀,၀၀၀ ခန့်သည် ၁၀၂၇ စစ်ဆင်ရေး အစတွင် ပါဝင်ခဲ့၏။
မြောက်ပိုင်းညီနောင်သုံးဖွဲ့သည် စစ်အင်အား၊ စစ်လက်နက်ခဲယမ်း စုစည်းမှုများကို အချိန်ယူပြီး ပြင်ဆင်ခဲ့သည်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့သည် စစ်အင်အား၊ စစ်လက်နက်ခဲယမ်း စုစည်းမှုများကို အချိန်ယူပြီး ပြင်ဆင်ခဲ့သည်ကို တွေ့ရ၏။
ဖြတ်တောက်ပိတ်ဆို့ခြင်း
စစ်ဆင်ရေးအစပိုင်းတွင် ချင်းရွှေဟော်၊ နန့်ခမ်း၊ လားရှိုး၊ သိန္နီ၊ နောင်ချိုဒေသများတွင် တပြိုင်တည်း လှုပ်ရှားခဲ့သည်ဖြစ်ရာ စစ်ဆင်ရေး၏ ရည်မှန်းချက်ကို တွက်ဆရန် ခက်ခဲခဲ့သည်။ စစ်ဆင်ရေးအစပိုင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများကို အပိုင်းပိုင်း ဖြတ်တောက် ပိတ်ဆို့ခဲ့သည်ကို တွေ့ရ၏။

ပထမ ဖြတ်တောက်မှု အနေဖြင့် မန္တလေး-လားရှိုးကားလမ်းမကြီးကို နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ အုမ္မသီး၊ အုမ္မခါး တဝိုက်၊ နောင်ချိုနှင့် ကျောက်မဲကြားရှိ ဂုတ်ထိပ်နှင့် ဂုတ်တွင်းတဝိုက်တို့တွင် ပိတ်ဆို့ထားသည်ကို တွေ့ရပြီး ပြည်မ မန္တလေးနှင့် ပြင်ဦးလွင်မှ လားရှိုးသို့ လာသည့် ဆက်သွယ်ထောက်ပို့လမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။
ဒုတိယ ဖြတ်တောက်မှုအနေဖြင့် လားရှိုးနှင့် တန့်ယန်းကြားရှိ နန့်ပေါင်တဝိုက်တွင် နေရာယူထားပြီး လားရှိုးနှင့် တန့်ယန်း၊ မိုင်းရယ် ဆက်သွယ်ရေးလမ်းကြောင်းအား ပိတ်ဆို့ဖြတ်တောက်ထားပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) စစ်တိုင်းနယ်မြေမှ လားရှိုးသို့ ဆက်သွယ်ထောက်မှုကို ဖြတ်တောက်ထားခဲ့၏။
တတိယအနေဖြင့် လားရှိုးနှင့် နမ္မတူကြားရှိ စခန်းအချို့အား တိုက်ခိုက်သိမ်းပိုက်ပြီး လားရှိုးနှင့်နမ္မတူ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ထားခဲ့၏။
စတုတ္ထအနေဖြင့် နမ္မတူချောင်းမြောက်ဘက်ရှိ သိန္နီမြို့အား တိုက်ခိုက်သိမ်းပိုက်ပြီး လားရှိုးမှ သိန္နီ၊ ကွမ်းလုံကားလမ်းအားလည်းကောင်း၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် ဆက်သွယ်ရေးလမ်းကြောင်းအားလည်းကောင်း ဖြတ်တောက် ပိတ်ဆို့ထားခဲ့၏။
ပဉ္စမအနေဖြင့် ချင်းရွှေ့ဟော်မြို့အား တိုက်ခိုက်သိမ်းပိုက်ပြီး ကွန်လုံနှင့် ကိုးကန့်ဒေသ လောက်ကိုင်ကြား ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက် ပိတ်ဆို့ထားခဲ့၏။
ဆဋ္ဌမအနေဖြင့် သံလွင်မြစ် အနောက်ဘက်ရှိ မုန်းစီး၊ နားလယ်ဒေသ၊ နမ့်ကျွမ်းဒေသတို့တွင် လှုပ်ရှားတိုက်ခိုက်ပြီး သံလွင်အရှေ့ဘက် ကိုးကန့်ဒေသ ကုန်းကြမ်းနှင့် သံလွင်မြစ်အနောက်ဘက်ရှိ တာမိုးညဲ၊ မုန်းစီးကြား ဆက်သွယ်ရေးလမ်းကြောင်း (သံလွင်မြစ်ကူးကြိုးတံတား) အား ဖြတ်တောက်ထားခဲ့၏။
သတ္တမအနေဖြင့် ဖောင်းဆိုင်ဒေသတွင် လှုပ်ရှားတိုက်ခိုက်ပြီး သံလွင်မြစ်အရှေ့ဘက်ရှိ မော်ထိုက်ဒေသနှင့် သံလွင်မြစ်အနောက်ဘက်ရှိ ဖောင်းဆိုင်ဒေသ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ထားခဲ့သည်။
အဋ္ဌမအနေဖြင့် နမ့်ခမ်းနှင့် နန့်ဖတ်ကာကြား စခန်းများအား တိုက်ခိုက်ပြီး နမ့်ခမ်းနှင့် နန့်ဖတ်ကာမြို့ ဆက်သွယ်ရေးလမ်းကြောင်း၊ ဆယ်လန့်ရှိ စခန်းအား သိမ်းပိုက်ပြီး မူဆယ်နှင့် နမ့်ခမ်း ဆက်သွယ်ရေးလမ်းကြောင်းတို့အား ဖြတ်တောက်ထားခဲ့၏။
နဝမ အနေဖြင့် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ ကျောက်ဂူမှ နန့်လန်ဒေသအားဖြတ်၍ သီပေါဒေသအား ထောက်ပို့ပြုလာသည့်အခါ ကျောက်မဲနှင့်သီပေါ လမ်းပိုင်းအား ထပ်မံဖြတ်တောက်ခဲ့၏။
စစ်ဆင်ရေး၏ ပထမရက်ပိုင်းတွင် ရှမ်းမြောက်ပိုင်းရှိ စစ်တပ်စခန်းများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား အပိုင်းပိုင်းဖြတ်တောက်ပြီး တနေရာနှင့်တနေရာ မော်တော်ယာဉ်ဖြင့် အလွယ်တကူ စစ်ကူမပေးနိုင်ရန်၊ ရိက္ခာ၊ ခဲယမ်းဖြည့်တင်းခြင်း မပြုလုပ်နိုင်ရန် အောင်မြင်စွာ ပိတ်ဆို့ထားနိုင်ခဲ့၏။
စစ်ကောင်စီတပ်သည် လားရှိုးသို့ လေယာဉ်၊ ရဟတ်ယာဉ်၊ ကျန် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စခန်းများ၊ မြို့များအားလုံးသို့ ရဟတ်ယာဉ်ဖြင့်သာ လေကြောင်းမှ သယ်ယူ ထောက်ပို့နိုင်သည့် အခြေအနေသို့ ဆိုက်သွားသည်။
စစ်ကောင်စီတပ်သည် လားရှိုးသို့ လေယာဉ်၊ ရဟတ်ယာဉ်၊ ကျန် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စခန်းများ၊ မြို့များအားလုံးသို့ ရဟတ်ယာဉ်ဖြင့်သာ လေကြောင်းမှ သယ်ယူ ထောက်ပို့နိုင်သည့် အခြေအနေသို့ ဆိုက်သွားသည်။ သို့ဖြစ်ရာ စစ်ကောင်စီတပ်၏ စစ်အင်အား ဖြည့်တင်းထောက်ပို့ခြင်းအတွက် အကန့်အသတ်များစွာ ကြုံရပြီဖြစ်၏။

စစ်ဆင်ရေးစတင်ပြီး ရက် ၂၀ ကြာသည်အထိ ဖြတ်တောက်ပိတ်ဆို့မှုများသည် ထိရောက်နေဆဲဖြစ်၏။ စစ်ကောင်စီတပ်သည် နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ အုမ္မသီး၊ အုမ္မခါး နေရာအား နိုဝင်ဘာလ ၉ ရက်နေ့ကျမှ စတင်ဖြတ်သန်းနိုင်ပြီး ကျန်သည့် ဖြတ်တောက်မှုများကို ကျော်လွှားနိုင်ခြင်း မရှိသေးပေ။
ပိတ်ဆို့ဖြတ်တောက်များသည် ၁၀၂၇ စစ်ဆင်ရေး အောင်မြင်ရေးအတွက် အသက်ဖြစ်၏။ စစ်ပွဲအတွက် လိုအပ်သည့် အချိန်ကိုလည်း ရယူပေးသည်။
လားရှိုးအား ခြိမ်းခြောက်ခြင်း
လားရှိုးသည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သကဲ့သို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာဖြစ်၏။ စစ်ဆင်ရေး အစပိုင်းတွင် လားရှိုးမြို့ဝင်ဂိတ်များ၊ တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး လားရှိုးအရှေ့ဘက် မုန်းကျက်၊ မုန်းယော်ခွင်အတွင်း စခန်းများကို တိုက်ခိုက်ရာ စခန်းအချို့အား မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
လာရှိုးနှင့် ရမခ ဌာနချုပ်ကို ခြိမ်းခြောက်နိုင်ခြင်းဖြစ်ရာ စစ်ကောင်စီတပ်သည် လားရှိုးမြို့လုံခြုံရေးအား အလေးထား ဖြည့်တင်းရတော့သည်။ ထို့ကြောင့် အခြားရှေ့တန်းစစ် မျက်နှာများသို့ စစ်ကူပို့ရမည့်အထဲမှ ထုတ်နုတ်ရသဖြင့် ရှင်နည်းရာ အဂ္ဂ လူထွက်သကဲ့သို့ ဖြစ်နေတော့သည်။
ကိုးကန့်ဒေသအား ဝိုင်းပတ်ပိတ်ဆို့ခြင်း
တားဆီးပိတ်ဆို့ခြင်းများတွင် အဓိက ကိုးကန့်ဒေသအား သံလွင်မြစ်အနောက်ခြမ်း ဖောင်းဆိုင်၊ မုန်းစီး၊ နမ့်ကျွမ်းနှင့် ကိုးကန့်ဒေသ တောင်ဘက်ရှိ ချင်းရွှေဟော်ကို သိမ်းပိုက်၍ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့၏။
ထို့နောက် နန့်ဆလပ်နှင့် ကွမ်းလုံကြားရှိ နာတီးတွင် ထပ်မံဖြတ်တောက်ပြီး ကွမ်းလုံမြို့ကို တိုက်ခိုက်ခဲ့သကဲ့သို့ ကြူကုတ် ပန်ဆိုင်း၊ မုန်းကိုး၊ ဖောင်းဆိုင်၊ နမ့်ကျွမ်းဒေသများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ၁၂ ရက်ခန့် အကြာတွင် ထိုဒေသများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။
ထိုဒေသများသည် ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အခြေခံဒေသများ၊ ကိုးကန့်အဖွဲ့က ဗကပမှ ခွဲထွက်ပြီး ကိုးကန့်အထူးဒေသ ၁ အဖြစ် ရရှိခဲ့သော ဒေသများကို ပြန်လည် ရယူခဲ့ခြင်းဖြစ်၏။ ထို့ပြင် သိန္နီ၊ နမ့်ခမ်း မြို့ပြများကို ထိန်းချုပ်ထားပြီး မူဆယ်ဒေသတွင် အရေးပါသော စခန်း၊ တောင်ကုန်းများအား သိမ်းပိုက်ခဲ့ကာ ရှမ်းပြည်မြောက်ပိုင်းအား ကိုင်လှုပ်ခဲ့၏။
မုန်းကိုး၊ ဖောင်းဆိုင်ဒေသအား သိမ်းပိုက်ပြီးနောက် မုန်းပေါ် ဒေသသို့ ဆက်လက် တိုက်ခိုက်လာသကဲ့သို့ ကိုးကန့် လောက်ကိုင်ဒေသအား ချင်းရွှေဟော်၊ ပါစင်ကျော်ဘက်မှလည်းကောင်း၊ တာရွှေထန်ဘက်မှလည်းကောင်း၊ မော်ထိုက်ဘက်မှလည်းကောင်း၊ ဟုန်အိုင်ဘက်မှလည်းကောင်း ပတ်လည်မှ စတင် ထိုးစစ်ဆင်လာသည်
မုန်းကိုး၊ ဖောင်းဆိုင်ဒေသအား သိမ်းပိုက်ပြီးနောက် မုန်းပေါ် ဒေသသို့ ဆက်လက် တိုက်ခိုက်လာသကဲ့သို့ ကိုးကန့် လောက်ကိုင်ဒေသအား ချင်းရွှေဟော်၊ ပါစင်ကျော်ဘက်မှလည်းကောင်း၊ တာရွှေထန်ဘက်မှလည်းကောင်း၊ မော်ထိုက်ဘက်မှလည်းကောင်း၊ ဟုန်အိုင်ဘက်မှလည်းကောင်း ပတ်လည်မှ စတင် ထိုးစစ်ဆင်လာသည်ကို တွေ့ရ၏။ ဤအဆင့်အထိ စစ်ဆင်ရေး၏ ရည်ရွယ်ချက်သည် လောက်ကိုင်ဟု ဆို၍ရ၏။
ကွမ်းလုံကို သိမ်းပိုက်ခြင်း

၁၀၂၇ စစ်ဆင်ရေးသည် အများယူဆကြသည်ထက် ပို၍ ကြီးမားသည့် ရည်ရွယ်ချက် ရှိသည်ကို ပြသလိုက်သည်မှာ ကွမ်းလုံတိုက်ပွဲဖြစ်၏။ နိုဝင်ဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ သံလွင်မြစ်အရှေ့ခြမ်းရှိ စခန်းအချို့နှင့် ကွမ်းလုံမြို့အား သိမ်းယူသည်။
ဤအဆင့်ထိ စစ်ဆင်ရေး ရည်ရွယ်ချက်သည် ကွန်လုံအား ခြိမ်းခြောက်၍ ကိုးကန့်ဒေသကို သိမ်းပိုက်ရန်ဟု ယူဆ၍ ရသေးသည်။ သို့သော် နိုဝင်ဘာ ၇ ရက်မှစ၍ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ပြင်းထန်စွာ ထိုးစစ်ဆင်နွှဲပြီး သံလွင်အနောက်ခြမ်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်သည်။
ကွမ်းလုံတွင် ဗျူဟာမှူးတဦး ဦးစီးသည့် အခြေချစစ်ဗျူဟာ (စဗခ) အခြေပြုသည့်အပြင် ခြေလျင်တပ်ရင်း (ခလရ) ၁၂၇၊ ခြေမြန်တပ်ရင်း (ခမရ) ၃၁၂ နှင့် အမြောက်တပ်ရင်း (အမတ) ၃၄၈ စသည့် အခြေစိုက်တပ်ရင်းများ ရှိသည်။
စစ်အင်အား လျော့ကျပြီး တရင်းလျှင် အင်အား ၁၀၀ မပြည့်တော့သည့် စစ်ကောင်စီတပ်သည် ခံစစ်ဆင်ရန် မစွမ်းသာခဲ့ပေ။ နောက်တန်းမှတပ် တချို့ လေကြောင်းမှဖြည့်တင်း၍ ခံစစ်ဆင်ခဲ့၏။ ကွမ်းလုံ တိုက်ပွဲအတွင်း လေကြောင်းပစ်ကူ အကြိမ် ၂၀၀ ခန့်ပေးခဲ့သည်။ နောက်ဆုံးတနေ့တည်း လေကြောင်းပစ်ကူ အကြိမ် ၉၀ ကျော် ပေးခဲ့၏။
သို့သော် စုစုပေါင်း ၁၂ ရက်ခန့်တိုက်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ကွန်လုံ ဗျူဟာတခုလုံး မြောက်ပိုင်းမဟာမိတ်များက သိမ်းပိုက်ခဲ့၏။ ကွမ်းလုံတိုက်ပွဲတွင် တင့်ကား၊ သံချပ်ကာကားများ၊ အတွဲလိုက်ပစ်သည့် ဒုံးပစ်စင်များ၊ ဟောင်ဝစ်ဇာ အမြောက်များအပြင် လက်နက်ခဲယမ်းဂိုဒေါင် အများအပြားကို မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ရရှိခဲ့၏။
ကွမ်းလုံခံစစ်ဗျူဟာ ကျသွားခြင်း စစ်ကောင်စီအတွက် သာမန်အထိနာခြင်း မဟုတ်ပေ။ ကွမ်းလုံ အခိုင်အမာ ခံစစ်ဗျူဟာ ကျသွားခြင်းသည် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဦးစီး၍ ခံစစ်ယူထားသည့် ဟိုပန်၊ ပန်လုံဒေသအား ပိတ်မိသွား၏။ စစ်ကောင်စီတပ် လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှူး ဦးစီး၍ ခံစစ်ယူထားသည့် ကိုးကန့်ဒေသတခုလုံး ပိတ်မိသွားသည်။
ထို့ပြင် ရမခ စစ်တိုင်း အခြေပြုရာ လားရှိုးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တခုလုံးအား စစ်ရေးအရ ကောင်းစွာ ခြိမ်းခြောက်လိုက်ပြီဖြစ်၏။
ကွမ်းလုံကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ကောင်စီတပ်အတွက် များစွာ ခက်ခဲသွားပြီဖြစ်သည်။ လက်ရှိ ကွမ်းလုံကို စစ်ဆင်ရေးပြုလုပ်ရေး တပ်ပို့ရန် လေကြောင်းတခုတည်းသာ အသုံးပြုနိုင်၏။ ကွမ်းလုံကို ပြန်လည် သိမ်းပိုက်ရန် အင်အားရာဂဏန်းသာ စေလွှတ်ပါက လုံးဝ မဖြစ်နိုင်ပေ။
ထို့ပြင် ကွမ်းလုံကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ကောင်စီတပ်အတွက် များစွာ ခက်ခဲသွားပြီဖြစ်သည်။ လက်ရှိ ကွမ်းလုံကို စစ်ဆင်ရေးပြုလုပ်ရေး တပ်ပို့ရန် လေကြောင်းတခုတည်းသာ အသုံးပြုနိုင်၏။ ကွမ်းလုံကို ပြန်လည် သိမ်းပိုက်ရန် အင်အားရာဂဏန်းသာ စေလွှတ်ပါက လုံးဝ မဖြစ်နိုင်ပေ။ ချေမှုန်းခံရမည်သာ ဖြစ်၏။ အင်အားထောင်ချီသည့် တပ်နှင့် လက်နက်ခဲယမ်း ပို့ရန်ဆိုလျှင် ထို့သို့သော လေကြောင်းပို့ဆောင်နိုင်သည့် အခြေအနေ စစ်ကောင်စီတပ်တွင် မရှိပေ။ ကြည်းကြောင်း စစ်ဆင်ရေးသာ စစ်တပ်က ပြုလုပ်နိုင်မည်ဖြစ်၏။
သို့သော် စစ်ကောင်စီတပ်အတွက် ပြဿနာများမှာ တပ်အင်အား ထုတ်နုတ်စုစည်းရန် အခက်အခဲရှိနေ၏။ ဒုတိယအနေဖြင့် ကွမ်းလုံအထိ ချီတက်ရန် လက်ရှိ နောင်ချိုမှ ကွမ်းလုံကြား ဖြတ်တောက်ထားသည်များကို လနှင့်ချီ၍ ကျော်လွှားရမည်။
တတိယအနေဖြင့် ကွမ်းလုံကို ပြန်လည် စစ်ဆင်ပါက စစ်ကောင်စီတပ် အကျအဆုံးမှာ ထပ်မံ၍ ထောင်နှင့်ချီ ရှိနိုင်မည်ဖြစ်ရာ စစ်ကောင်စီတပ် ခံနိုင်ရည်ရှိရန် ခက်ခဲ၏။ သို့ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေး အစောပိုင်းက စစ်ကောင်စီတပ်က လက်လွှတ်ခဲ့သည့် စခန်းနှင့် မြို့များကို ၎င်းတို့ ပြန်လည် သိမ်းပိုက်နိုင်လိမ့်မည်ဟူသည့် မျှော်လင့်ချက်လည်း ပြိုကွဲသွား၏။
၁၀၂၇ စစ်ဆင်ရေးသည် နိုဝင်ဘာလ ၁၃ ရက်အထိ ၁၈ ရက်အတွင်း မြန်မာစစ်တပ်စခန်းပေါင်း ၁၅၀ ခန့် သိမ်းပိုက်နိုက်ခဲ့ရာ အနိမ့်ဆုံးအားဖြင့် စခန်းတခုလျှင် စစ်အင်အား ၁၀ ယောက်နှင့် တွက်လျှင်ပင် ၁,၅၀၀ ခန့်အား ချေမှုန်းနိုင်ခဲ့ပြီး ချင်းရွှေဟော်၊ ကြူကုတ် ပန်ဆိုင်း၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကွမ်းလုံတို့ကို အပြည့်အဝ၊ နမ့်ခမ်းနှင့် သိန္နီကို တစိတ်တပိုင်း ချုပ်ကိုင်ထားနိုင်သည့် စစ်ဆင်ရေးကြီးဖြစ်၏။
ရှမ်းမြောက်ရှိ မြို့အများစု၏ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တယားအား ပျက်ပြားစေသည့်အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေးလည်း ရပ်ဆိုင်းသွား၏။ ယခုအချိန်အထိ ထိုစစ်ဆင်ရေးအတွင်း ကွမ်းလုံတိုက်ပွဲသည် တပြည်လုံးအား နိုင်ငံရေး၊ စစ်ရေးအရ အလှည့်အပြောင်းတရပ် ဖြစ်စေခဲ့၏။
ကွမ်းလုံတိုက်ပွဲ အလှည့်အပြောင်း

ကွမ်းလုံမြို့ကို သိမ်းပိုက်ပြီး နောက်တနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် AA က ရခိုင်တွင် စစ်မျက်နှာ ဖွင့်လိုက်ရာ ရခိုင်ရှိ AA တပ်ဖွဲ့ဝင် ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့်သည် စစ်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ဤသည်မှာလည်း တိုက်ဆိုင်မှု ဖြစ်ပုံမရပေ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ကြိုတင်ရေးဆွဲထားသည့် စစ်ဆင်ရေးစီမံချက်သာ ဖြစ်ပေမည်။ အနောက်ဘက် ရခိုင်စစ်မျက်နှာသည် ရခိုင်တွင်သာမက ရခိုင်ရိုးမ အရှေ့ခြမ်းရှိ ဧရာဝတီတိုင်း၊ ပဲခူးနှင့် မကွေးစစ်မျက်နှာများသို့ပါ သက်ရောက်ပေလိမ့်မည်။
၁၀၂၇ စစ်ဆင်ရေး၏ ကွမ်းလုံတိုက်ပွဲ အောင်ပွဲအရှိန်နှင့်အတူ ရခိုင်စစ်မျက်နှာသစ် ဖွင့်လှစ်လိုက်သကဲ့သို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း စစ်မျက်နှာများ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ စစ်မျက်နှာများတွင်လည်း စစ်ရှိန်မြှင့်လာကြ၏။ မြို့များကို သိမ်းလာနိုင်သည်။ စစ်ကောင်စီတပ်ကို အနိုင်တိုက်နိုင်သည်ဟူသည့် စိတ်ဓာတ်ရေးရာအရလည်း ပို၍ မြင့်တက်လာစေခဲ့၏။
၁၀၂၇ စစ်ဆင်ရေး၏ ကွမ်းလုံတိုက်ပွဲ အောင်ပွဲအရှိန်နှင့်အတူ ရခိုင်စစ်မျက်နှာသစ် ဖွင့်လှစ်လိုက်သကဲ့သို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း စစ်မျက်နှာများ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ စစ်မျက်နှာများတွင်လည်း စစ်ရှိန်မြှင့်လာကြ၏။ မြို့များကို သိမ်းလာနိုင်သည်။ စစ်ကောင်စီတပ်ကို အနိုင်တိုက်နိုင်သည်ဟူသည့် စိတ်ဓာတ်ရေးရာအရလည်း ပို၍ မြင့်တက်လာစေခဲ့၏။ စစ်ကောင်စီတပ် ပြိုကွဲနိုင်သည်၊ မြန်မာစစ်တပ် အရေးနိမ့်နိုင်သည်ကို ကွမ်းလုံတိုက်ပွဲက လက်တွေ့ပြသလိုက်၏။
ကွမ်းလုံတိုက်ပွဲသည် တပြည်လုံးရှိ နွေဦးတော်လှန်ရေး တပ်ဖွဲ့များကို စိတ်အားတက်ကြွစေသည့်အပြင် စစ်ရေးတိုက်ပွဲများ မြင့်တက်လာစေ၏။ စစ်ကောင်စီတပ်အတွက်မူ တပ်အင်အား ပိုမို၍ မလုံလောက်တော့။ မြို့တမြို့၊ စခန်းတခု၊ စစ်ကြောင်းတခု တိုက်ခိုက်ခံရပါက မြေပြင်စစ်ကူ ပေးပို့နိုင်ခြင်း မရှိတော့။
အစွန်အဖျားစခန်းများ၊ အင်အားနည်းသောစခန်းများ ပြန်ရုပ်၍ ပူးပေါင်းရသည်။ ဆုံးရှုံးသွားသော စခန်းများအား ပြန်လည် ရယူရန် စစ်အင်အား မသုံးနိုင်တော့။ လေကြောင်းပစ်ကူ ဆိုသည်မှာလည်း မြေပြင်တိုက်ပွဲများ အနှံ့အပြားဖြစ်လေ၊ ပေးနိုင်စွမ်းနည်းလေ ဖြစ်ပေတော့မည်။ စစ်လေယာဉ်များမှာလည်း ပျံသန်းရသည့် အကြိမ်ရေများလေ ပျက်စီးမှု ပိုဖြစ်လေဖြစ်၏။
၁၀၂၇ စစ်ဆင်ရေး အစပိုင်းက စစ်ဆင်ရေးရည်ရွယ်ချက်သည် လောက်ကိုင်သို့သာ ဦးတည်လိမ့်မည်ဟူသည့် ယူဆချက်များသည် မှားယွင်းကြောင်း၊ တရုတ်က ရပ်ခိုင်းလျှင် ခဏနှင့်ရပ်သွားမည်ဆိုသည့် အချက်များသည် မှားယွင်းကြောင်း ကွမ်းလုံတိုက်ပွဲက ပြသလိုက်သကဲ့သို့ ဤစစ်ဆင်ရေးသည် ယခုမှ အစမျှသာ ရှိသေးကြောင်းလည်း ပြသလိုက်သည်။
ကွမ်းလုံတိုက်ပွဲသည် နေပြည်တော်အား ကိုင်လှုပ်လိုက်ပြီ ဖြစ်၏။ ထို့အတူ ယခင်က မြို့သိမ်းတိုက်ပွဲဟုပြောလျှင် လှောင်ပြောင်သရော်ခဲ့သူများလည်း ပါးစပ်ပိတ်သွားကြ၏။
ကွမ်းလုံတိုက်ပွဲသည် စစ်ကောင်စီတပ် ပြိုကွဲသည့်လမ်းကြောင်းကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြသလိုက်၏။ မြန်မာစစ်တပ်ကို ဗဟိုပြုပြီး မြန်မာ့နိုင်ငံရေးအဖြေရှာရန် ကြိုးပမ်း၊ စဉ်းစားနေကြသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင် အားလုံးကိုလည်း ထိုစဉ်းစားချက်သည် မြေပြင်အခြေအနေနှင့် ကိုက်ညီမှု မရှိတော့ကြောင်း ပြသလိုက်၏။
ကွမ်းလုံတိုက်ပွဲသည် စစ်ကောင်စီတပ် ပြိုကွဲသည့်လမ်းကြောင်းကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြသလိုက်၏။ မြန်မာစစ်တပ်ကို ဗဟိုပြုပြီး မြန်မာ့နိုင်ငံရေးအဖြေရှာရန် ကြိုးပမ်း၊ စဉ်းစားနေကြသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင် အားလုံးကိုလည်း ထိုစဉ်းစားချက်သည် မြေပြင်အခြေအနေနှင့် ကိုက်ညီမှု မရှိတော့ကြောင်း ပြသလိုက်၏။
၁၀၂၇ စစ်ဆင်ရေး ၏ ကွမ်းလုံတိုက်ပွဲ အောင်ပွဲသည် မြန်မာပြည် စစ်ရေး အလှည့်အပြောင်းတရပ်ကိုသာမက နိုင်ငံရေးအလှည့်အပြောင်းကိုလည်း ဖော်ဆောင်လိုက်ပြီဖြစ်၏။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး
စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး
မြန်မာ့လက်နက်ကိုင် ပဋိပက္ခသည် လိပ်ခဲတည်းလည်း မဟုတ်တော့
မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ
လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့