ရုရှားစစ်တပ် ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် မြန်မာသို့ ရောက်လာပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် သွားရောက်တွေ့ဆုံသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို စက်တင်ဘာလတွင် လက်ခံတွေ့ဆုံပြီးနောက် ပထမဆုံးရောက်လာသည့် ၂ ဘက်အကြား အဆင့်အမြင့်ဆုံး တွေ့ဆုံမှုဖြစ်သည်။
ရုရှားကိုယ်စားလှယ်အဖွဲ့တွင် အဆင့်မြင့် စစ်အရာရှိ တဒါဇင်ကျော်ပါဝင်ပြီး ရုရှားမြေပြင်တပ်များ၏ ပထမ လက်ထောက်တပ်မှူး ဗိုလ်မှူးကြီးချုပ် ကင်မ် အလက်ဇီ ရော့စတီဆလက်ဗိုဗစ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး ဗိုလ်မှူးကြီး ဆာဂေး ကာချန်ကိုတို့ ပါဝင်သည်။
စစ်တပ် ၂ တပ်သည် ၎င်းတို့အကြား ကာကွယ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် အခြေခံများကိုဆွေးနွေးပြီး ထိုကိစ္စသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အကျိုးပြုမည်ဟု ပြောကြသည်။
ထို ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ပဋိပက္ခများ မည်သို့ ပြေလည်မည်ကို ဆက်လက် စောင့်ကြည့်ရဦးမည်။
ရုရှားသည် ယူကရိန်းကို ကျူးကျော်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီး ဖြစ်သလို မြန်မာ စစ်တပ်သည်လည်း နိုင်ငံတွင် အာဏာသိမ်းခြင်းနှင့် အရပ်သားများကို သွေးချောင်းစီး နှိမ်နင်းခြင်းဖြင့် နိုင်ငံငြိမ်းချမ်းရေးကို တစစီ ရိုက်ချိုးပြီးဖြစ်သည်။ မော်စကိုသည် မြန်မာစစ်ကောင်စီကို ဂျက်တိုက်လေယာဉ်များ အပါအဝင် လက်နက်များ ထောက်ပံ့နေပြီး စစ်ကောင်စီကလည်း ထိုလက်နက်နှင့် ဂျက်တိုက်လေယာဉ်များကို တော်လှန်ရေးနှင့် အရပ်သား ပစ်မှတ်များကို ပစ်ခတ်ရန် သုံးစွဲနေသည်။ ရုရှားသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြန်မာစစ်အရာရှိ ၇,၀၀၀ ကျော်ကို လေ့ကျင့်ပေးထားသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လက်ခံတွေ့ဆုံပြီး တရက်အကြာတွင် ထိုရုရှားများသည် မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် တွေ့ဆုံပြီး ထိုအစည်းအဝေးကို ဗိုလ်မှူးကြီးချုပ် ရော့စတီ ဆလက်ဗိုဗစ်နှင် မြန်မာမှ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ သဘာပတိ လုပ်ကြသည်။ မည်သည်တို့ ဆွေးနွေးသည်ကို မြန်မာစစ်ကောင်စီက မကြေညာပေ။

သို့သော် စစ်ကောင်စီသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်များ (PDF) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ထားသောကြောင့် ယင်းအစည်းအဝေးသည် မြန်မာမှ လူထုတော်လှန်ရေးကို ထပ်မံချေမှုန်းရေး ရုရှားက ကူညီရန် ရည်ရွယ်ကြောင်း ထင်ရှားသည်။
စစ်အုပ်စု အာဘော် မြဝတီရုပ်သံမှ စစ်တပ်လိုလားသူများ၏ အဖွဲ့လိုက်ဆွေးနွေးချက်အရ ရုရှားသည် မကြာမီ မြန်မာသို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးသင်တန်း၊ ကျွမ်းကျင်သူ အကြံဉာဏ်၊ ခေတ်မီလက်နက်များနှင့် နည်းပညာများကို မြန်မာသို့ထောက်ပံ့ကာ PDFs များကို တိုက်ဖျက်ရန် ကူညီမည်ဟု သိရသည်။
မြန်မာစစ်ကောင်စီသည် PDFs များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကရင်နီတပ်မတော်စသည့် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများကို စစ်မျက်နှာ များစွာတွင် တိုက်ခိုက်နေသည်။
ကမ္ဘာက ပစ်ပယ်ထားသောကြောင့် မြန်မာနှင့် ရုရှားသည် ယခင်မကြုံဖူးသည့် ချစ်ခင်မှုများ ပြသနေပြီး စီးပွားရေးနှင့် ပညာရေးမှသည် နျူကလီးယားနည်းပညာနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအထိ စည်းလုံးနေကြသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး၊ ဒုဝန်ကြီးနှင့် ကျွမ်းကျင်သူတဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်သည်။
နိုဝင်ဘာလ ဒုတိယပတ်တွင် Roscongress Foundation ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော Fund RC-Investments မှ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့တခုကို သမ္မတ ပူတင်က မြန်မာနှင့် စီးပွားရေး မြှင့်တင်ရန် အထူးခရီးစဉ်ဖြင့်စေလွှတ်ပြီး ထိုအဖွဲ့သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ သူ၏ဝန်ကြီးများနှင့် နေပြည်တော်တွင် တွေ့ဆုံသည်။
တချိန်တည်းတွင် ရုရှားမှ ပါမောက္ခချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တခုသည် နေပြည်တော်သို့ လွန်ခဲ့သောအပတ်တွင် ရောက်လာပြီး ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အလားအလာများကို စူးစမ်းရှာဖွေကြသည်။
You may also like these stories:
စစ်ကောင်စီ၏ လူသားစားကျားကို ရုရှားက Su-30s များဖြင့် တောင်ပံတပ်ပေး
NLD အစိုးရ ရပ်ဆိုင်းခဲ့သည့် သံမဏိစက်ရုံ စစ်တပ်နှင့် ရုရှားကုမ္ပဏီ လည်ပတ်ရန်ပြင်နေ
သားသတ်သမား မြန်မာနှင့် ရုရှားတို့၏ အထီးကျန်တွေ့ဆုံပွဲ
ရုရှားနှင့် မြန်မာ စီးပွားရေးအရှိန်မြှင့်ရန် ကြိုးပမ်းနေဟု ICG ပြော