အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ပါတီမှတ်ပုံပြန်မတင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဆုံးဖြတ်လိုက်သည့်အတွက် ပါတီပိုင်ဆိုင်မှုများ သိမ်းဆည်းခံရဖွယ် ရှိနေ သည်။
မတ် ၂၁ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NLD ၏ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလ အစည်းအဝေး၌ ပါတီမှတ်ပုံမတင်ရေး အပါအဝင် ပါတီဗဟိုအလုပ်ကော်မတီက ဆုံးဖြတ်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအား အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောသည်။
၎င်းက “အာဏာသိမ်းပြီးကတည်းက NLD ဗဟိုဌာနချုပ် အပါအဝင် ရုံးပေါင်းများစွာ တိုက်ခိုက်ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်ကလည်း အမျိုးမျိုးသော ရန်ပြုခြင်းခံခဲ့ရတယ်။ တချို့ဆို အသက်ပါပေးခဲ့ရတာ။ အဲဒီလို အခြေအနေမှာ မြေပြင်မှာ လုံးဝ ရပ်တည်လို့မရနိုင်တဲ့ အခြေအနေ ရှိတယ်။ ပြည်သူတွေကို သတ်ဖြတ်၊ မီးရှို့ဖျက် ဆီးနေတဲ့ အခြေအနေမျိုးမှာ NLD အနေနဲ့ ပြည်သူနဲ့ပဲ တသားတည်း ရပ်တည်မှာပါ။ ဒါကြောင့် ပြည်သူရှိနေသ၍ ပါတီက ရှိနေမှာပါ” ဟု ဆိုသည်။
လက်ရှိ NLD ပါတီ ဗဟိုအလုပ်ကော်မတီ အနေဖြင့် စစ်ကောင်စီသည် တရားမဝင်အစိုးရ ဖြစ်သည့်အတွက် ၎င်းက ဖွဲ့စည်း ထားသည့် ရွေးကောက်ပွဲကော်မရှင်သည်လည်း တရားမဝင် အဖွဲ့အစည်းသာ ဖြစ်ကြောင်းနှင့် စစ်ကောင်စီက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည်လည်း တရာမဝင်သည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်သည့်အတွက် လက် မခံ ကန့်ကွက်ကြောင်း ကြေညာထားသည်။
NLD အနိုင်ရခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီဘက်က လည်း ရန်ကုန်မြို့ရှိ NLD ဌာနချုပ်ရုံး အပါအဝင် နိုင်ငံအနှံ့ရှိ ပါတီရုံးများအား တိုက်ခိုက်မီးရှို့ဖျက်ဆီးမှု အကြိမ် ၁၂၀ ခန့် ပြုလုပ်ခဲ့ပြီး ပါတီပိုင် ပစ္စည်းနှင့် စာရွက်စာတမ်းများအား သိမ်းဆည်းခဲ့သည်။
ထို့ပြင် စစ်ကောင်စီ အနေဖြင့် အာဏာသိမ်းကတည်းက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များအား ဖမ်းဆီးထောင်ချထားခဲ့သည့်အပြင် ပါတီအား အရေးယူဖျက်သိမ်းရန် ကြုံးဝါးခဲ့သော်လည်း တရုတ်နိုင်ငံ၏ NLD ပါတီအပေါ် တရားဝင်ဆက်ဆံမှုနှင့် ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲတွင် NLD ပါဝင်ရေး ကြိုးပမ်းမှုများကြောင့် အမှန်တကယ် အရေး ယူခြင်း၊ ဖျက်သိမ်းခြင်း မပြုနိုင်ခဲ့ပေ။
တဖက်တွင်လည်း အာဏာသိမ်းမှု ကာလအတွင်း နိုင်ငံတဝှမ်းရှိ NLD ပါတီဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ နေအိမ် ချိပ်ပိတ်ခံရခြင်းများ ရှိနေချိန်တွင် တစုံတရာ အရေးယူခံရခြင်းမရှိဘဲ ပေါ်ပေါ်တင်တင် ရှိနေသည့် NLD ပါတီဝင်ဟောင်း အချို့အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးသည်အထိ စစ်ကောင်စီက လိုက်လျောကာ ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်ပြုရေးအတွက် NLD ပါတီ ပါဝင်ရေးကို ကြိုးပမ်းခဲ့ပြန်သည်။
သို့သော် ပါတီမှ သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့သဖြင့် စစ်ကောင်စီ၏ အဆိုပါ ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ပေ။
ထို့အတွက် စစ်ကောင်စီက ၂၀၂၃ ဇန်နဝါရီ ၂၆ ရက်စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေသစ်တရပ် ပြဋ္ဌာန်းကာ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားရန်နှင့် လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ ပယ်ပျက်ပြီ ဖြစ်ကြောင်းနှင့် ပါတီပိုင်ပစ္စည်းများအား နိုင်ငံတော်ပိုင်အမည်ခံပြီး သိမ်းဆည်းမည် ဆိုကာ ထပ်မံ ကြိုးစား လာပြန်သည်။
အဆိုပါ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရမည့် နောက်ဆုံးရက်မှာ ယခု မတ်လ ၂၈ ရက် ဖြစ်ပြီး ထိုရက် အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားခြင်း မရှိသည့် ပါတီများသည် အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်သည်။
NLD ကဲ့သို့ပင် ရှမ်းပြည်နယ်အတွင်း အနိုင်ရပါတီ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) သည် လည်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်လျှောက်ထားမည် မဟုတ်ကြောင်း အထွေ ထွေအတွင်းရေးမှူး ဖြစ်သူ ဦးစိုင်းလိတ်က ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် စစ်ကောင်စီ လက်အောက်ခံ UEC ၏ မတ်လ ၂၀ ရက်ထိ စာရင်းများအရ ပါတီနာမည်အသစ်ဖြင့် မှတ်ပုံတင် လျှောက်ထားသည့် ၆ ပါတီနှင့် ယခင်နာမည်အတိုင်း ဆက်လက် မှတ်ပုံတင်လျှောက်ထားသည့် ၂၆ ပါတီ၊ စုစုပေါင်း ၃၂ ပါတီ ရှိပြီ ဖြစ်ကြောင်း သိရသည်။
ထိုအရေအတွက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော စုစုပေါင်း ၉၁ ပါတီ၏ သုံးပုံတပုံ အရေအတွက်သာ ရှိသေးသည်။
လတ်တလော စစ်ကောင်စီ လက်အောက် မှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ၃၂ ပါတီထဲတွင်လည်း NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိမှုအပေါ် လက်မခံနိုင်ဘဲ စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံပြီး အာဏာသိမ်းရန် တိုက်တွန်း ခဲ့သည့် နိုင်ငံရေးပါတီ ၁၄ ပါတီထက်မနည်း ပါဝင်လျက် ရှိသည်။
စစ်ကောင်စီ၏ ဥပဒေအရ မှတ်ပုံပြန်မတင်ပါက ပါတီဖျက်သိမ်းခံရမည့် အခြေအနေအောက်တွင် ပါတီတချို့က ဆက်လက် ရပ်တည်ရေးကြောင့်ဟုဆိုကာ မှတ်ပုံတင်လျှောက်ထားမှု ရှိသော်လည်း အချို့သော စစ်တပ်လိုလားသည့် ပါတီများ အနေ ဖြင့်မူ စစ်ကောင်စီလက်အောက်တွင် နေရာရရေး ကြိုးပမ်းနေကြခြင်းသာ ဖြစ်ကြောင်း လေ့လာသူအချို့က ဝေဖန်သည်။
လက်ရှိ စစ်ကောင်စီ လက်အောက်တွင် နိုင်ငံအနှံ့ ဖြစ်ပေါ်နေသည့် အခြေအနေများအရလည်း လွတ်လပ်မျှတသော ရွေးကောက်ပွဲတရပ် ကျင်းပရန် မဖြစ်နိုင်သကဲ့သို့ နိုင်ငံတကာနှင့် ပြည်သူများက ကန့်ကွက်နေချိန် စစ်ကောင်စီ လက် အောက်၌ ပါတီမှတ်ပုံတင်ရေး ကြိုးပမ်းနေသူများသည် ပြည်သူ့ဘက် မရပ်တည်သူများ ဖြစ်ကြောင်းလည်း ရခိုင်နိုင်ငံရေး သမားတဦး ဖြစ်သူ ဦးဖေသန်းက ဝေဖန်ပြောဆိုသည်။
၎င်းက “သွေးစွန်းတဲ့လက်တွေနဲ့လုပ်တဲ့ ရွေးကောက်ပွဲကို ပြန်ဝင်ပြီးတော့ လုပ်ချင်တဲ့ပါတီတွေဟာ ဒီအချိန်မှာ ပြည်သူ တွေဘက်က ရပ်တည်တာ မဟုတ်ဘူး။ သွေးစွန်းတဲ့လက်နဲ့လုပ်တဲ့ ရွေးကောက်ပွဲကို ဥပမာပေးရရင် မစင်ပုံထဲက တခုခု များ ရလာမလားဆိုပြီး ယက်ပြီးတော့ ရှာနေတဲ့သူတွေလို ကိုယ်ကိုယ်တိုင်ပဲ မစင်နံ့ပဲ နံသွားလိမ့်မယ်။ ဘာမှ ရှိမှာမဟုတ် ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ အနေဖြင့်လည်း အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း တိုင်းပြည်အား တည်ငြိမ်အောင် ထိန်း ချုပ်နိုင်စွမ်း မရှိဘဲ ပြည်သူအများအပြား သေကြေပျက်စီးမှုနှင့် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေချိန် နိုင်ငံရေးထွက်ပေါက် တခု အနေဖြင့်လည်းကောင်း၊ တရားဝင်အစိုးရတရပ် အနေဖြင့် အသိအမှတ်ပြုခံရရေးအတွက်လည်းကောင်း ရွေးကောက် ပွဲ ကျင်းပရန် ကြိုးပမ်းနေသော်လည်း မည်သည့်အချိန်တွင် ကျင်းပမည်ကိုပင် သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
မကြာသေးမီကလည်း စစ်ကောင်စီက လူဦးရေသန်းခေါင်းစာရင်း ကောက်ခံမှုအား ၂၀၂၄ အောက်တိုဘာလ၌ ကောက်ခံ ရန်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့်အတွက် ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း ၂၀၂၅ တွင်မှ ဖြစ်ပေါ်လာ ဖွယ် ရှိသကဲ့သို့ လုံးဝ ရွေးကောက်ပွဲကျင်းပခြင်းမရှိဘဲ စစ်တပ်က ချုပ်ကိုင်သွားမည့် အခြေအနေ ဖြစ်လာနိုင်ကြောင်းလည်း လေ့လာသူအချို့က သုံးသပ်ထားသည်။
သို့သော် NLD ပါတီဖျက်သိမ်းရေး မလိုလားကြောင်း ပြသသည့် အနေဖြင့် တရားဝင် ထိတွေ့ဆက်ဆံမှုနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အားလုံးပါဝင်သော ငြိမ်းချမ်းစွာဖြေရှင်းရေး အချက်များ ပါဝင်သည့် အာဆီယံဘုံသဘော တူညီချက်များအား ထောက်ခံသည့် တရုတ်နိုင်ငံသည် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်တစား လေ့လာလျက် ရှိသည်။
ယခုလ မတ် ၆ ရက်ကပင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် တိန့်ရှီကျင်းက အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လာရောက် တွေ့ဆုံခဲ့သည့်အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းသည်လည်း မတ် ၇ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် သွားရောက် တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံမှုအတွင်း တရုတ်သံအမတ်ကြီး ချန်ဟိုင်း အနေဖြင့် နိုင်ငံရေးပါတီဆိုင်ရာကိစ္စများ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ရေး ဥပဒေပြဋ္ဌာန်းမှုများနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ သည်။
ယခင်ကတည်းက NLD ပါတီအား အရေးယူရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည့် စစ်ကောင်စီသည် တရုတ်၏ သဘောထား နှင့် ဖိအားများကြောင့် ပါတီပိုင်ဆိုင်မှုစာရင်းများ စစ်ဆေးမခံသည့်ကိစ္စရပ်များထိ NLD ကို အရေးယူကြောင်း မကြေညာ နိုင်ခဲ့သော်လည်း ယခုတကြိမ်တွင်မူ ၎င်းတို့ ပြဋ္ဌာန်းသတ်မှတ်သည့် ဥပဒေအရ အလိုအလျောက် မှတ်ပုံတင် ပျက်ပြယ်မည့် NLD အပေါ် မည်သို့ကိုင်တွယ်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ ။
You may also like these stories:
NLD ပါတီ၊ CWC နှင့် နွေဦးတော်လှန်ရေး
ရွေးကောက်ပွဲ ဘယ်တော့ဆိုတာ မပြောဘဲ ပါတီတွေ မှတ်ပုံတင်ခိုင်းတာ တရားတယ်လို့ မမြင်ဘူး
ခင်ဦး NLD အမတ်၏ ဇနီးနှင့်သမီးအပါဝင် အဖမ်းခံရသူများ အဆက်အသွယ် ပြတ်နေ
လာမည့်နှစ်မှ သန်းခေါင်စာရင်း ကောက်တော့မည်














