မကွေးတိုင်း ထီးလင်းမြို့မှ ဂန့်ဂေါမြို့သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေး အင်အားစုများက ၇ကြိမ် ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ခန့် သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ပဲခူးအခြေစိုက် ခြေမြန်တပ်မ ၇၇၏ အမှတ် ၇၇၃ နည်းဗျူဟာမှ အင်အား ၂၀၀ ခန့် ပါ စစ်ကြောင်းသည် မတ်လ ၁၅ ရက် စစ်ကား ၃၂ စီးဖြင့် ဂန့်ဂေါမြို့သို့ ဦးတည်ကာ တက်လာခြင်း ဖြစ်ပြီး လမ်းခရီးတွင် ဒေသကာကွယ်ရေးများနှင့် ၄ရက်ကြာ တိုက်ပွဲဖြစ်ကြောင်း ယောတော်လှန်ရေးတပ် (YRA) ထီးလင်းဘက်က ပြောသည်။
YRA ခေါင်းဆောင်တဦးဖြစ်သူ သခင်ဇော်က “ဂန့်ဂေါ – ထီးလင်းလမ်းပေါ်မှာ စခတွေကို ကျနော်တို့က အသင့်ထောင်ထား တဲ့ ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်တာပါ၊ စစ်ကောင်စီဘက်က အစုလိုက်ရှိနေတဲ့ ရှေ့ ပွိုင်လိုနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ တာပေါ့၊ အဲဒီနေရာမှာ ရန်သူဘက်က ကျဆုံးမှုလည်း အတော်များခဲ့တယ်။ ၂၀ လောက်အထိ ကျဆုံးခဲ့တယ်”ဟုဆိုသည်။
စစ်ကောင်စီ၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များမှာ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇၊ YRA ထီးလင်း ၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၈ YNRF၊ ယောကာကွယ်ရေးတပ် (YDF) နှင့် မြန်မာ့တော်ဝင်နဂါးတပ်(MRDA) တို့ဖြစ်ကြောင်း YRA ထီးလင်းထံမှ သိရသည်။
စစ်ကောင်စီတပ်သားများ ကျဆုံးသည်ဆိုသောသတင်းနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ကြားဖြတ်တိုက်ခိုက်မှုများကြောင့် တရွေ့ရွေ့သာ သွားရသည့် စစ်ကောင်စီယာဉ်တန်းသည် ထီးလင်းမြို့နယ်ထဲမှ ရွှေခုံတိုင်၊ ထိန်တိုင်း၊ ဆေးမင်တော စသည့် ရွာများအတွင်း ဝင်ရောက်မွှေနှောက်၍ ဒေသခံများ၏ပစ္စည်းများယူခြင်း၊ နေအိမ်မီးရှို့ခြင်း နှင့် သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး မတ်လ ၁၉ ရက်တွင် ဂန့်ဂေါမြို့နယ်ထဲဝင်ရောက် သွားကြောင်း YRA ထီးလင်းက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် ထီးလင်းမြို့မြောက်ဘက်ရှိ ရွှေခုံတိုင်ရွာတွင် နေအိမ် ၈ လုံးမီးရှို့ခဲ့ပြီး ရွှေခုံတိုင်၊ ထိန်တိုင်း၊ ဆေးမင်တော စသည့်ရွာများမှ ဒေသခံ ၅ ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း၊ လက်ရှိ စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ဂန့်ဂေါမြို့နယ်တောင်ဘက်ရှိ မောလယ်ရွာတွင် ရောက်ရှိနေပြီး ဂန့်ဂေါနယ်ထဲမှ တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက် ခိုက်မှုကို ခံနေရကြောင်း သိရသည်။

YRA ထီးလင်းခေါင်းဆောင် သခင်ဇော်က“ဂန့်ဂေါနယ်ထဲမှာလည်း တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့မှုတွေ ဖြစ်နေ တယ်လို့ သိရပါတယ်။ ဒါကြောင့်သူတို့က လက်ရှိအချိန်အထိ မောလယ်ကျေးရွာမှာပဲ ရှိနေသေးတယ်ပေါ့။ ဒါပေမယ့် ကား ၂စီးကတော့ မောလယ်ကနေ မင်းရွာကို ရောက်သွားတယ်လို့ ကြားပါတယ်။ ရှေ့ကတစီး က စက်လတ်ကို ကားပေါ် တင်ပြီး တရပ်စပ်ပစ်ပြီး ဒုန်းစိုင်းမောင်းသွားတာပေါ့။ ဒါဘာကြောင့်လဲလို့ ကျနော်တို့ စုံစမ်းတဲ့အခါမှာ ထရပ်ကား ၂ စီးဟာ လူနာအများအပြား ပါတယ်ဆိုတာ သိရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ အဆိုပါ ယာဉ်တန်းကို ကြိုရန် ဂန့်ဂေါမြို့နယ်မှ ထွက်လာသည့် အမှတ် (၅၀) ခြေလျင်တပ်ရင်းမှ အင်အား ၁၀၀ခန်ပါ စစ်ကား ၄စီး ကို ဂန့်ဂေါမြို့နယ်တွင် လှုပ်ရှားသည့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က မတ်လ ၁၉ ရက်တွင် ဂန့်ဂေါမြို့တောင်ဘက်ရှိ ရှောက်ပင်နှင့် ခေါက်ခူရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း YPDF ဗဟိုဦးဆောင် ကော်မတီ ဥက္ကဌ ရဲဘော် ယောလေးက ဆိုသည်။
၎င်းက “ဂန့်ဂေါဘက်က ထွက်ကြိုတာက စကစနဲ့ ပျူစောထီးပေါင်း အင်အားက ၁၀၀ လောက်ရှိပါတယ်။ ကား ၄ စီးနဲ့သွား ကြိုတာပေါ့။ အဓိကတော့ သူတို့က ဂန့်ဂေါက ဆေးဆိုင်တဆိုင်က ဆေးပစ္စည်းတွေအကုန်ယူပြီးမှ မင်းရွာကို သွားပို့တာ ပေါ့။ အဲဒါ သူတို့အသွားကို ကျနော်တို့က မိုင်းဆွဲတိုက်ခိုက်တယ်။ မနေ့ညကအထိ သတင်းအရ သူတို့ဘက်က စစ်ကြောင်း မှူး သေတယ်လို့ သိရတယ်။ ၁ ပွင့်နဲ့ ဗိုလ်တယောက်လည်း သေတယ်လို့သိရတယ်။ ထိခိုက်ဒဏ်ရာရသူ ၂၀ ထဲမှာ သေဆုံးသူက ၇ ဦးရှိသွားပါပြီ” ဟု ဧရာဝတီကို ပြောသည်။
ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရသူနှင့် သေဆုံးသူများကို ရှောက်ပင်ရွာတွင်း ခေါ်သွင်းကာ ညအမှောင်ကို အကာအကွယ်ယူကာ တောင်ဘက်ရှိ မင်းရွာသို့ ဆက်လက် ချီတက်သွားကြောင်း ရဲဘော် ယောလေးက ဆိုသည်။
၎င်းက “မင်းရွာမှာက ရဲကင်းစခန်းတခုရှိတယ်။ သူတို့အစကတည်းက ထိုင်နေတာ။ အခုထိလည်း ထိုင်နေတုန်းပဲ။ အဲဒီရွာ က လမ်းဆုံပေါ့။ လမ်းတထောက်ဝင်နားလို့ရတဲ့ပုံစံပေါ့။ အဲဒီမှာ သွားကြိုတာပေါ့။ ဒီနေ့အထိကတော့ ထိတွေ့တိုက်ပွဲ ထပ်ဖြစ်တယ်လို့ မကြားရသေးပါဘူး” ဟု ပြောသည်။
မတ်လ ၁၃ရက်က စစ်ကောင်စီယာဉ်တန်း ၈၃ စီးပါ စစ်ကြောင်းသည် ပခုက္ကူမြို့မှ တဆင့် မကွေးတိုင်း ယောဒေသရှိ ကျောက်ထုမြို့သို့ ရောက်လာပြီး မတ်လ ၁၄ ရက်တွင် အင်အားဖြန့်ခွဲကာ စစ်ကား ၃၂ စီးက ထီးလင်းမြို့သို့ ချီတက် လာခြင်းဖြစ်သည်။
ကျန်အင်အားများထဲမှ ၁၀၀ ခန့်သည် ကျောက်ထုမှတဆင့် မင်းတပ်သို့ ခြေလျင် စစ်ကြောင်းထိုး ရှေ့ပြေးထွက်ခွာခဲ့ပြီး မတ် ၁၆ ရက်တွင် စစ်အင်အား ၁၀၀ခန့် ပါသော စစ်ကား ၃၅ စီးက မင်းတပ်မှ မတူပီမြို့ဘက်သို့ ဆက်လက်ဦးတည် လာနေ ကြောင်း မင်းတပ်မြို့နယ်ထဲမှ ချင်းဒေသကာကွယ်ရေးတပ် (CDF) နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် လပေါင်း ၂၀ ခန့် ယောဒသသို့ မလာဘဲ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် မတ်လဒုတိယပတ် တွင် စစ်ယာဉ်တန်းများဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထိုသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းကို တော်လှန်ရေးတပ်များဘက်က ကြားဖြတ် တိုက်ခိုက်မှုများ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း တော်လှန်ရေးတပ်များဘက်က ဆိုထားသည်။
You may also like these stories:
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
ရေစကြိုနယ် ရေလယ်ကျွန်း၌ ရက်ဆက်တိုက်ပွဲဖြစ်နေ
အစုလိုက်သတ်ဖြတ်မှုဖြစ်ပွားရာ ဒေသများသို့ စစ်ခေါင်းဆောင်များ လှည့်လည်ဂုဏ်ပြု
ဂန့်ဂေါ ဒေသခံ ၂ ဦးအား စစ်တပ်နှင့် ပျူစောထီးများ နှိပ်စက် သတ်ဖြတ်














