မန္တလေးအနီး ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးတခု ယမန်နေ့ နေ့လယ်ပိုင်း၌ လှုပ်ခတ်ရာ မန္တလေး၊ စစ်ကိုင်းသာမက လူနေအိမ်ခြေကျဲပါးသည့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်လည်း မလွတ်ပေ။
ဘာသာရေးအဆောက်အအုံ၊ စေတီပုထိုး၊ လူနေအိမ်၊ လမ်း၊ တံတားများ ပြိုကျပျက်စီးခဲ့ပြီး ရဟန်းရှင်လူ ပြည်သူများစွာ သေဆုံးခဲ့ရကာ လက်ရှိအချိန်ထိ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။
တဒင်္ဂအတွင်းဖြစ်ပေါ်လာသည့် ငလျင်အတွင်း သေဘေးမှလွတ်မြောက်ခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့နေ ဒေသခံ အမျိုးသမီးတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ မနေ့က ငလျင်လှုပ်တဲ့အချိန် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေ ပြောပြပေးပါအုံး။
ဖြေ ။ ။ မနေ့ နေ့လယ် ၁ နာရီလောက်မှာ စပြီး ရိပ်ရိပ်ဖြစ်လာတော့ ငလျင်ဆိုပြီး ကိုယ်က အော် သတိပေးပေမယ့် ကိုယ်တိုင် အိမ်ထဲက ချက်ချင်းထွက်ဖို့ မကြိုးစားလိုက်မိဘူး။ ငလျင်က တအားပြင်းတော့ အိမ်ထဲမှာ ဝုန်းဝုန်းနဲ့ ဘယ်လိုမှ ထမရဘူး။ ပစ္စည်းတွေ ဟိုကပြုတ်ကျ ဒီကပြုတ်ကျ။ ထလိုက် ပြန်ပစ်လဲလိုက်၊ လုံးဝထလို့မရဘူး၊ ကလေးကလည်း အတူမရှိဘဲ အပြင်မှာဆိုတော့ သားကို စိုးရိမ်စိတ်နဲ့ ကုန်းရုန်းထလိုက်ချိန်မှာ မြင်လိုက်ရတာက ရေကန်က ရေတွေက တဝုန်းဝုန်းနဲ့ ရမ်းခါနေတာ၊ လျှံကျတာ၊ ရေပိုက်ထဲက ရေတွေ ပွက်ပွက်နဲ့ ထွက်လာ၊ အိမ်ကြီးကလည်း ဝီဝီနဲ့ ဖြစ်နေတာတွေပဲ။
အန္တရာယ်ကြားက အတင်းထွက်လိုက်ချိန်မှာ မီးဖိုချောင်ကြီးက ဝုန်းဆိုပြိုကျ၊ အဲဒီအချိန်မှာ တကယ့်အရူးမီးဝိုင်းပဲ။ ကလေး က ကိုယ့်သားလေး တယောက်ထဲမဟုတ်ဘူး။ တူတွေ၊ တူမတွေက ရွာကနေ နွေရာသီ ကျောင်း ပိတ်ရက် အိမ်လာပြီး နွေအကြိုသင်တန်းတွေ၊ အင်္ဂလိပ်စာသင်တန်းတွေ လာတက်နေကြတာ၊ ကလေးက အားလုံးပေါင်း ၆ ယောက်၊ ကလေး တွေက ကုတင်အောက်မှာ ပြားပြားဝပ် မှောက်နေကြတာ။
ကလေးတွေနဲ့ လွတ်လောက်မယ့်နေရာမှာ ဝမ်းလျားထိုးသာနေ နေရတာ ဘေးနှစ်ဖက်မှာ အုတ်တံတိုင်းကြီး၊ သေကံ မရှိ လို့သာ သေဘေးက လွတ်လာတာ။ ကိုယ့်အတွက်က ပစ္စည်းဆုံးရှုံးမှုထက် အခုလိုပြန်ပြီး အသက်ရှင်ခွင့်ရတာကပဲ ပိုပြီး တန်ဖိုးကြီးနေသလိုတောင် ခံစားရတယ်။ လေးနှစ်တောင် မပြည့်သေးတဲ့ ကျမသားလေးဆို မေမေ သားသားအိပ်မက် မက်နေတာလားဆိုမေးတာ။ ဒီအကြောင်းပြန်ပြောပြရင် ငိုနေရော။
မေး ။ ။ လက်ရှိရော အခြေအနေ ဘယ်လိုရှိလဲ၊ ငလျင် ထပ်လှုပ်သေးလား။
ဖြေ ။ ။ ညတုန်းက ၁၀ နာရီခွဲလောက်မှာ တချက်၊ မနက် ၅ နာရီ၊ ၅ နာရီခွဲ၊ ည ၁၂ နာရီထိုးဖို့အလိုမှာ တချက်လှုပ်တာ။ လှုပ်နေတာကို သိတယ်။ အသံက ဝူးဝူးနဲ့ဆိုတော့ တညလုံး နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရ ဘူးပေါ့။
မေး ။ ။ ငလျင်လှုပ်ပြီးတော့ နေပြည်တော် အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ ။ နေပြည်တော်အခြေအနေက ပျဉ်းမနားမြို့ထဲကို ဝင်လိုက်တာနဲ့ တိုက်အဟောင်းအများစု အကုန်ပြိုတော့ ဘေးအိမ်တွေပါ ထိပြီးပြိုတယ်။ ပြိုတဲ့အိမ်တွေမှာ တယောက်သေ၊ နှစ်ယောက်သေ၊ သုံးယောက်သေပဲ။ လောလောဆယ် ဆွဲမထုတ်နိုင်သေးတာရှိတယ်။ အိမ်တအိမ်ဆို တခြမ်းပဲပြိုတာကို မနေ့ညနေ ၆နာရီအထိ အဲဒီအိမ်က အမျိုးသား တယောက် အလောင်းကို ဆွဲထုတ်မရသေးဘူး။
ပျဉ်းမနားဈေးကြီးမှာ ဆိုင်ခန်းတွေ အကုန်ပြို၊ လူတွေအတုံးအရုန်း သေတာပဲ။ လူနာတင်ယာဉ်တွေဆို သွေးသံတရဲရဲ၊ ဆေးရုံသွားတဲ့လမ်းလည်း အကုန်ပိတ်ဝင်မရဘူး။ အုတ်တံတိုင်းပြို၊ ဓာတ်တိုင်ကျိုး လမ်းတွေပိတ်၊ ဆိုင်ကယ်မောင်း မရ ဘူး၊ ဒါက ပျဉ်းမနား အခြေအနေ။
နေပြည်တော် အခြေအနေက ဝန်ထမ်းအိမ်ရာတွေဆို တိုက်လေးလွှာမှာ အောက်ဆုံး အလွှာတွေ မြေကြီးထဲဝင်သွားတာ။ သုံးလွှာပဲ ကျန်တယ်။ အပေါ်အလွှာတွေက ကယ်လို့ရတဲ့သူတွေဆိုရင် သူတို့ မိသားစုဝင်အချင်းချင်းကယ်လို့ လွတ်လာတာ တွေရှိသလို ဆင်းလို့မရလို့ ပိတ်မိပြီး တခုခုနဲ့ ထိခိုက်သေဆုံးသွားတဲ့သူတွေလည်း အများကြီးပဲ။ အဲဒီတော့ ဘယ်သူက တော့ ဘယ်လိုသေတယ်ဆိုပြီး တိတိကျကျ မရသေးတာမျိုးလည်းရှိတယ်။
အခုက ဖုန်းလိုင်းတွေက မရသေးတော့ တယောက်နဲ့တယောက် ဆက်သွယ်လို့လည်း မရသေးတဲ့ အနေအထားမျိုးဖြစ်နေ တာ။

မေး ။ ။ အခုချိန်ထိ နေပြည်တော်မှာတောင် ကူညီကယ်ဆယ်ရေးတွေ တော်တော်ကြီး လိုအပ်နေသေးတာပေါ့။
ဖြေ ။ ။ ကူညီကယ်ဆယ်ရေးက တကယ်ဖြစ်နေတဲ့နေရာကို မရောက်နေဘူး၊ မနေ့က ကျမတို့ ရှေ့အိမ်ကဝန်ထမ်းတွေ သူတို့အမေ ပိတ်မိနေတာ ညနေ ၆ နာရီလောက်အထိကို ကယ်ဆယ်ရေးတယောက်မှ မရောက်သေးဘူး။ သူတို့ရုံးက သူတို့ဟာနဲ့သူတို့ ဖြေရှင်းနေရတာ။ ဒီနေ့မနက် ၅ နာရီခွဲလောက်မှာမှ လူနာတင်ယာဉ်သွားနေတာ တွေ့ရတယ်။
ရှိတဲ့ကယ်ဆယ်ရေးတွေတော့ အလုပ်လုပ်ကောင်း လုပ်နေပါလိမ့်မယ်။ ဒါပေမယ့် တကယ်ဖြစ်နေပြီး လိုအပ်နေတဲ့၊ နေရာတွေကို စေ့ငှအောင် ရောက်မနေသေးဘူး။ ဘာလို့ဆို ကိုယ့်ဘာသာ ရုန်းကန်နေရတဲ့ အနေအထားမျိုး ဖြစ်နေတာ။
မေး ။ ။ ဒါဆိုရင် နေပြည်တော်မှာတင် သေဆုံးတာက ရာကျော်တောင် မကလောက်ဘူးထင်တယ်။
ဖြေ ။ ။ ကိုယ်လက်လှမ်းမီသလောက်ဆိုရင် ဟိုလူဆုံးသွားပြီ၊ ဒီလူဆုံးသွားပြီ ဖြစ်နေတာ။ မနေ့ကဆိုရင် သူငယ်ချင်း အရင်းကြီး ပျဉ်းမနားဈေးလမ်းထဲကပဲ လင်မယားနှစ်ယောက် အပေါ်ထပ်မှာ သူ့ညီမလေးက အောက်ထပ်မီးဖိုချောင်ဘက် ပန်းကန်ဆေးနေတာ။ နှစ်ထပ်တိုက်ပြိုတာ သူတို့လင်မယားက ပိသွားတယ်လို့ သိရတယ်။ အခုသတင်းတွေက ဆက်သွယ် လို့မရသေးတဲ့ အခြေအနေမှာ အသေအပျောက်နှုန်းက တိတိကျကျကြီး မပြောနိုင်ပေမယ့် လက်လှမ်မီသလောက် သိရ တာ မနည်းတော့ဘူး။
မေး ။ ။ အခု ငလျင်ပြီးတဲ့နောက် ဘယ်လိုမျိုး နေနေရလဲရှင့်။
ဖြေ ။ ။ အိမ်က နောက် ၂ခါလောက် ခပ်ပြင်းပြင်းလှုပ်ရင် ပြိုမယ့်အနေအထားဆိုတော့ လိုတဲ့ပစ္စည်း အိမ်ထဲကို အမြန်ပြေးယူ အိုးတွေ၊ ခွက်တွေယူ အပြင်မှာ ချက်ပြုတ်စား။ ဆန်၊ ဆီ၊ ဆေး၊ ဆားကအစ အကုန်မှောက်။ ရေခဲသေတ္တာကအစ ပိန်လိမ်ပြီး ဘာမှသုံးမရတော့ဘူး။
ညတုန်းကလည်း အိမ်ခြံတခါးပဲ ပိတ်ပြီးတော့ ဟင်းလင်းပြင်မှာ ခြင်ထောင်တွေထောင်ပြီး ကလေးတအုပ်နဲ့ အကုန်လုံးစုပြီး အိပ်ကျရတာပေါ့။
မေး ။ ။ အခု လျှပ်စစ်မီးတို့၊ ရေတို့ရော ဘယ်လို အခြေအနေရှိလဲ။
ဖြေ ။ ။ မီးမလာ ရေမရှိ၊ ချက်တာက မီးသွေးမွှေးလို့ရတယ်။ ရေမရှိတာက ပြဿနာ။ အခု ဘယ်လိုလုပ်ရမလဲ စဉ်းစားနေရတာ။ ဒါကြီးက ဘယ်လိုမှမျှော်လင့်မထားတာ၊ ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး။ မသေလို့သာ ဒီနေ့ မိုးလင်း ပြန်တွေ့ရသလို အိပ်မက်ကြီးလား ပြန်တွေးရတာကိုပဲ ပြန်ကြောက်နေရတဲ့ အနေအထားကြီး ဖြစ်နေတာ။ မိနစ်ပိုင်းလေးဆိုပေမယ့် အိမ်ရာမဲ့သလိုကြီး ချက်ချင်းဖြစ်သွားတာ။ မနေ့ညကဆိုရင် ကိုယ့်အိမ်ထဲကိုတောင် မဝင်ရဲတော့ဘူး။ ဒီစုတ်ပြတ်သွားတဲ့ အိမ်ကလည်း ကိုယ့်အတွက် မလုံခြုံတော့ဘူးပေါ့နော်။ တကယ်ဆို အိမ်က နွေးထွေးတယ်ဆိုတဲ့ဟာကြီးက ချက်ချင်းဆန့်ကျင်ဘက်ကြီးလို ခံစားလိုက်ရတယ်။ ဘာက နွေးထွေးတာလဲ၊ ဒီဟင်းလင်းပြင်ကြီးက နွေးထွေးနေတာလား။ ဟင်းလင်းပြင်ကြီးမှာနေရတာက ကိုယ့်အတွက် လုံခြုံနေတာလား ဆိုတာမျိုးတောင် တွေးမိတယ်။














