ရွေးကောက်ပွဲ ဘယ်တော့ဆိုတာ မပြောဘဲ ပါတီတွေ မှတ်ပုံတင်ခိုင်းတာ တရားတယ်လို့ မမြင်ဘူး

ဧရာဝတီ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်

၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှ စကာ ဖွဲ့စည်းရပ်တည်ခဲ့သည့် အင်အားကြီးပါတီတခုဖြစ်သော ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် ယခုအခါ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ခြင်းက ပါတီနိုင်ငံရေးလောကတွင် စိတ်ဝင်စားစရာ ဖြစ်ခဲ့သလို SNLD၏ ခိုင်မာပြတ်သားသည့် ရပ်တည်ချက် မှာ တိုင်းရင်းသားပါတီများအကြား ထင်ရှားစွာ ထွက်ပေါ်လာသည်။

ထို့အတွက် စစ်ကောင်စီ ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ ကာလ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိသည့် ပါတီသည် နိုင်ငံရေးပါတီအဖြစ် အလိုအလျောက် ပျက်ပြယ်သွားရတော့မည့်အခြေအနေဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၄၂ နေရာအနိုင်ရရှိခဲ့ပြီး တနိုင်ငံ လုံးတွင် တတိယအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း ဒုတိယအများဆုံး အနိုင်ရခဲ့ သည်။

ခေါင်းဆောင်မှုအပိုင်းနှင့် သမိုင်းကြောင်းကို ပြန်ကြည့်ပါက ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် နအဖ စစ်အစိုးရ ပြုလုပ်သည့် အမျိုးသားညီလာခံမှ နှုတ်ထွက်ခဲ့သလို ပါတီဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့မှာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် သျှမ်းပြည်အတိုင်ပင်ခံကောင်စီ ဦးဆောင်ဖွဲ့စည်းသည့်ကိစ္စတွင် ပြည်ထောင်စု ဖြိုခွဲလိုမှု၊ ခွဲထွက်လိုမှု၊ မတရားအသင်းနှင့် ဆက်ဆံမှု၊ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အမှုပေါင်းများစွာဖြင့် ဖမ်းဆီးထောင်ချခံရခဲ့ရပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယင်းကဲ့သို့ စိန်ခေါ်မှုအကျပ်အတည်းများ ရှိနေသော အခြေအနေတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပြန်လည် မှတ်ပုံမတင်သည့် အကြောင်းရင်းများ အပါအဝင် နိုင်ငံရေးအခန်းကဏ္ဍများတွင် မည်သို့မည်ပုံ ဆက်လက်ပါဝင်သွားမည်ဆိုသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ SNLD ပါတီအနေနဲ့ ပါတီကို ပြန်ပြီး မှတ်ပုံမတင်ဘူးလို့ ကြားပါတယ်။ ဘာကြောင့် မတင်ဖြစ်တာလဲ။

ဖြေ။ ။ ပထမတချက်ကတော့ လုံခြုံရေး အခြေအနေကြောင့် ခရီးသွားရလာရ ခက်တယ်။ ပါတီဝင်တွေနဲ့ သွားတွေ့ပြီးတော့ သဘောထားရယူဖို့အတွက် အကန့်အသတ် အများကြီးရှိတယ်။ အချိန်လည်း မလုံလောက်ဘူး။ အထူးသဖြင့် ကယားပြည် နယ်နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ကျနော်တို့ ပါတီဝင်တွေနဲ့ သွားတွေ့ပြီး သဘောထား ရယူဖို့က တော်တော်လေးကို ခက် တယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပဲ။ ဒုတိယတချက်ကတော့ ရွေးကောက်ပွဲ ဘယ်တော့လုပ်မလဲဆိုတာ မပြော သေးဘဲနဲ့ ၊ မကြေညာသေးဘဲနဲ့ နိုင်ငံရေး ပါတီတွေကို မှတ်ပုံဆက်တင်ခိုင်းတဲ့ အနေအထားကလည်း တရားနည်းလမ်း ကျတယ်လို့ မမြင်ဘူး ။ အဲ့ဒီအကြောင်းရင်း ၂ ခုကြောင့် ဆက်လက်မှတ်ပုံ မတင်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်။

မေး။ ။ ပါတီက ပြန်မှတ်ပုံမတင်ဘူးဆိုတဲ့အခါ နိုင်ငံရေးပါတီ ဥပဒေအရ ပါတီဖျက်သိမ်းရတော့မယ် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတဲ့အခါ ပါတီဝင်တွေ ဖမ်းဆီးခံရမှုတွေ ဖြစ်လာ နိုင်တယ်။ နောက်တခါ ပါတီပိုင် ပစ္စည်းတွေ လည်း သိမ်းဆည်းခံရတာတွေနဲ့ ကြုံလာရနိုင်တယ်ဆိုတော့ ဒီလိုမျိုး စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားမလဲ။

ဖြေ။ ။ ရွေးကောက်ပွဲဥပဒေကတော့ ထွက်ကို မလာသေးဘူး။ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကလည်း ဘယ်နေ့ ဘယ် အချိန်ဆိုတာ ဘာမှ မကြေညာသေးဘူး။ သာမန်အခြေအနေမဟုတ်ဘူးဆိုပြီး စစ်တပ်က အာဏာ ဆက်ယူထားတယ်။ ဆိုတော့ သာမန်အခြေအနေမဟုတ်တဲ့ ကာလမှာ ရွေးကောက်ပွဲ ဥပဒေ ဆိုတာကလည်း ထွက်လာစရာ ရှိပါ့မလားပေါ့။

အဲဒီတော့ ကျနော်တို့ မြင်တာကတော့ ပါတီဆက်လက် မှတ်ပုံတင်ခြင်း မတင်ခြင်းကြောင့်မို့လို့ မှတ်ပုံတင်တော့ ပျက်ပြယ် သွားမယ်။ သို့သော် ဒါဟာ သူ့ရဲ့ ရပ်တည်ပိုင်ခွင့်မို့လို့ ပါတီမှတ်ပုံမတင်တာနဲ့ အရေးယူတာမျိုးက ရှိကောင်းမှ ရှိလာမယ်လို့ ကျနော်တို့ မြင်ပါတယ်။ သာဓကတွေ ရှိတာ တွေ့ပါလိမ့်မယ်။ နိုင်ငံရေးပါတီတွေကို ငွေကြေး အစစ်အဆေးခံပါ ပြောပြီး တော့ နောက်ဆုံးကျတော့ အစစ်ခံဖို့အတွက် အဆင်မပြေဘူးဆိုပြီး တင်းခံတဲ့ ပါတီတွေကိုလည်းပဲ ဒီအတိုင်းပဲ ကြည့်နေရာပဲလေ။

သာမန်မဟုတ်တဲ့ အခြေအနေမို့လို့ သာမန်မဟုတ်သော အဖြစ်အပျက်များလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့လည်း အတတ်နိုင်ဆုံး ရင်ဆိုင်ဖြေရှင်းဖို့ ပြင်ဆင်ထားပါတယ်။

မေး။ ။ တချို့ တိုင်းရင်းသားပါတီတွေကတော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီရဲ့ အခြေခံတခုဖြစ်တယ်။ နိုင်ငံရေးထွက် ပေါက်တခုဖြစ်တယ်။ ဘာပဲ ဖြစ်ဖြစ် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွားဖို့ ရွေးကောက်ပွဲ လိုအပ်တယ်ဆိုပြီး ပါတီပြန်လည် မှတ်ပုံတင်ကြတာရှိတယ်။ အဲ့ဒီ အပေါ်မှာရော ဘယ်လို သဘောရလဲ။

ဖြေ။ ။ လက်ရှိအကျပ်အတည်းကို ကျော်လွှားဖို့ ရွေးကောက်ပွဲ ဖြတ်သန်းရမယ် ဆိုတာကတော့ ယေဘူယျကောက်ချပါ။ သို့သော် အဲဒီရွေးကောက်ပွဲ ဘယ်တော့လုပ်မှာလဲ ဘယ်လိုပုံစံနဲ့ လုပ်မှာလဲ ရွေးကောက်ပွဲ ဥပဒေက ဘယ်လို ပြဌာန်း ထားသလဲ ဘာတခုမှကို အဆင်သင့် မဖြစ်သေးဘူး။ နောက် အရေးအကြီးဆုံးတခုက ဒီရွေးကောက်ပွဲဟာ အပြောင်းအလဲ ကို ဖော်ဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်မလား ဆိုတာ သေချာဖို့ လိုအပ်ပါတယ်။

နိုင်ငံအပြောင်းအလဲကို မဖြစ်စေဘူး တိုင်းပြည်ကို ကောင်းရာကောင်းကျိုး အတွက် အရွေ့တခုကို မတွန်းပို့နိုင်ဘူး ဆိုရင် ဒီရွေးကောက်ပွဲဟာ အဖြေဖြစ်ဖို့ ဘယ်လိုမှ မျှော်လင့်စရာမရှိပါဘူး။ ကျနော်တို့ဘက်က မျှော်လင့်တာက ရွေးကောက်ပွဲကို အဆောတလျင် လုပ်တယ်။ တဖက်သတ် လုပ်တယ်ဆိုတာထက် လူထုလက်ခံပြီး အားလုံးအကျိုးရှိမယ့် နိုင်ငံတကာ ကလည်း အသိအမှတ်ပြုမယ့် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီပြီးတော့မှ တိုင်းပြည်အတွက် ဒီမိုကရေစီ အပြောင်းအလဲ ကို သေချာပေါက် ဖြစ်စေမယ့် အခင်းအကျင်းမျိုးကို ဝိုင်းဝန်းလုပ်ဆောင်တာက ပိုပြီး အဓိပ္ပာယ်ရှိလိမ့်မယ်လို့ ယူဆပါတယ်။

မေး။ ။ အခုလို SNLD ပါတီ ပြန်လည်မှတ်ပုံမတင်တဲ့အခါ ရှေ့ဆက်ပြီး နိုင်ငံရေး အခန်းကဏ္ဍတွေကို ဘယ်လို ဆက်သွား မလဲ။

ဖြေ။ ။ ကျနော်တို့ SNLD ပါတီက ရှမ်းပြည်ညီညွတ်ရေးကော်မတီ (Committee For Shan State Unity – CSSU ) အဖွဲ့ ဝင်ဖြစ်တယ်။ CSSU အဖွဲ့အစည်းဆက်ပြီး အားကောင်းမောင်းသန် အလုပ်လုပ်နေစဉ်ကတည်းက ကျနော်တို့ ကြေညာ ချက်တရပ် ထွက်ခဲ့ဖူးပါတယ်။ တိုင်းပြည်သားတွေ ပြည်ထောင်စုသားတွေ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ လက်တွဲယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ မူတခုရှိပါတယ်။ အဲဒီလုပ်ငန်းကတခု ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းတွေပဲ ဖြစ်ဖြစ် လူထု ကို တိုက်ရိုက် အကူအညီပေးတဲ့ လုပ်ငန်းတွေပဲ ဖြစ်ဖြစ် သုတေသနလုပ်ငန်းတွေပဲ ဖြစ်ဖြစ် နိုင်ငံအတွက် အကျိုးရှိရာ ရှိကြောင်း ကျနော်တို့ဆက်လုပ်စရာတွေ အများကြီးကျန်တယ်။ အများကြီး လုပ်နိုင်တယ်လို့ပဲ မြင်ပါတယ်။

မေး။ ။ ပါတီရဲ့ အောက်ခြေ ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံတဲ့ ပြည်သူတွေကိုရော ဘာများ ပြောချင်တာရှိလဲ။

ဖြေ။ ။ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအတွက် ပြည်သူလူထု အကျိုးရှိရာရှိကြောင်းအတွက် ကျနော်တို့ SNLD က တထောင့်တနေရာကနေ အမြဲ ရပ်တည်ပြီးတော့ လူထုကို ကိုယ်စားပြုပြီးတော့မှ လူထုကို အကူအညီပေးလျက်ရှိတယ်။ ဆက်လက် အကူအညီတွေပေးသွားမယ်။ ဆက်လက် လုပ်ဆောင်သွားဦးမယ်ဆိုတာ ပြည်သူကို အသိပေးလိုပါတယ်။

You may also like these stories:

ဦးအောင်မင်း၏ သား USDP မဲဆွယ်ပွဲတွင် တွေ့ရ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်ပါတီတွေ မှတ်ပုံတင်ကြပြီလဲ

စစ်ကောင်စီ မဲပေးစက်များသည် မဲလိမ်စက်များဖြစ်ဟု လေ့လာသူများ ပြော

တိုင်းရင်းသားပါတီတွေ ပြည်ထောင်စုအဆင့်မှာ ရပ်တည်မရအောင် တင်းကျပ်လိုက်တာ

စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား

Loading