စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ စခန်းများ တိုက်ခိုက်ဖျက်ဆီးခံရပြီးလျှင် အနီးဝန်းကျင်ကျေးရွာများအား လေကြောင်းဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ပြီး ဒေသခံလူထုကို လက်တုံ့ပြန် တိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက် ညနေပိုင်းတွင် ဆာလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က Mi-35 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို စခန်းဖျက်ဆီးခံရပြီးနောက်ပိုင်း၌လည်း ညောင်ပင်ကြီးရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပ.က.ဖ) တဦးက “ညောင်ပင်ကြီးရွာနဲ့ ပတ်ဝန်းကျင်က ရွာပေါင်း လေးရွာလောက်က ပြာပုံထဲရောက်သွားပြီ။ ရွာကောင်းရွာကြီးတွေကို သူတို့ မီးရှို့ပစ်လိုက်ပြီ။ ဇွန်လ ၁၃ ရက် မနက်က ထန်းတောရွာရဲ့ လက်ကျန်အိမ်တွေကို မီးရှို့နေတယ်။ ပြီးတော့ ချင်းတွင်းမြစ်ကို တိုက်ရိုက်မြင်နိုင်အောင်ဆိုပြီးတော့ ရဲစခန်းကနေ တောက်လျှောက်ကြီးကို တိုက်ခံအိမ်တွေ၊ မီးရှို့ပြီးသားပြာပုံတွေကို ဘူဒိုဇာနဲ့ထိုးချပစ်လိုက်တယ်။ ပြောင်သလင်း သွားပြီ။ ဘာမှ မရှိတော့ဘူး၊ ကျေးရွာတရွာဆိုတာ ဘယ်လိုမှပြောလို့မရတဲ့အနေအထား ဖြစ်သွားပြီ” ဟု ပြောသည်။
ညောင်ပင်ကြီးရွာသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့အနောက်ဘက်ခြမ်းရှိ စစ်တောင်းမြစ်ကမ်းနဖူးတွင် တည်ရှိပြီး တရုတ်ဝမ်ပေါင်ကြေးနီးစီမံကိန်းနှင့်လည်း နီးကပ်စွာ တည်ရှိနေသည့် ကျေးရွာဖြစ်သည်။
ထို့ပြင် မုံရွာမြို့နှင့် ဝမ်ပေါင်ကုမ္ပဏီတို့၏ လုံခြုံရေးနှင့် ထောက်ပံ့ရေးတွင် အရေးပါသည့်နေရာတွင်ရှိနေသည့် ကျေးရွာဖြစ်သည့်အတွက် စစ်ကောင်စီဘက်က အင်အားတိုးချကာ ပြန်လည်နေရာယူထားပြီး ကျေးရွာနှင့် ဆက်သွယ်ထားသည့် လမ်းအချို့ကိုလည်း ဘူဒိုဇာများဖြင့်ထိုးကာ ဖျက်ဆီးထားကြောင်း၊ ယင်းကဲ့သို့ လမ်းပိုင်းများအား ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်းလည်း ဒေသခံများကပြောသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တဦးက “ညောင်ပင်ကြီးစခန်းက တောင်ဘက်မှာဆိုရင် မြောက်ဘက်ကိုပြေးတဲ့ စစ်ဘေးရှောင်တွေကို မဆီမဆိုင် ပစ်တယ်။ ရွာတွေကိုလည်းပစ်တယ်။ အဲဒါကတော့ မျက်မြင်ကိုယ်တွေ့ပဲ။ လက်နက်ကြီးကလည်း တိုက်ပွဲစတော့ နှစ်ဖက်ညှပ်ပြီးတော့ကို ပစ်နေတာ။ အပေါ်ကနေလည်း လေယာဉ်နဲ့ထပ်ပစ်တဲ့အခါကျတော့ အတော်ကြီးကို ဆိုးဆိုးဖြစ်သွားတဲ့အနေအထား ရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့တပ်စွဲထားရာ စခန်းများ တိုက်ခိုက်ဖျက်ဆီးခံရပြီး ပတ်ဝန်းကျင်ရှိ ပြည်သူများအား လက်တုံ့ပြန်တိုက်ခိုက်သည့်ဖြစ်စဉ်မှာ ယခုလဆန်းပိုင်းအတွင်း ကြာအင်းဆိပ်ကြီးမြို့ရဲစခန်းနှင့် ကျောက်ကြီးမြို့နယ် နတ်သံကွင်း ရဲစခန်းများ တိုက်ခိုက်ဖျက်ဆီးခံရသည့် ဖြစ်စဉ်တွင်လည်း ဒေသခံပြည်သူများအား တုံ့ပြန်တိုက်ခိုက်မှုကြောင့် သေဆုံးရသူများလည်း ရှိခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များက ဇွန်လ ၂ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့ နယ်ရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံရုံးများအား ဝင်ရောက်စီးနင်း တိုက်ခိုက်ဖျက်ဆီး ခဲ့သည့်အပြင် ဇွန်လ ၆ ရက်နေ့တွင်လည်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းရဲစခန်းအပါအဝင် စစ်တပ်ကင်းစခန်းငါးခုအား တပြိုင်နက် တိုက်ခိုက်ဖျက်ဆီးခဲ့ရာ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၅၀ ဦးခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်နိုင်ခဲ့ကြောင်း KNLA ပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်ခံရစဉ် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဘုန်းကြီးတပါးအပါအဝင် ဒေသခံသုံးဦးသေဆုံးရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြောထားသည်။
ယင်းအပြင် နတ်သံကွင်းရဲစခန်းနှင့် ကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပြည်သူများနေထိုင်ရာ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ဒေသခံ လေးဦးထက်မနည်းသေဆုံးခဲ့ရပြီး နေအိမ်အချို့ မီးရှို့ခံရမှုနှင့် လက်နက်ကြီးထိမှန် ပျက်စီးမှုများရှိကာ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စုကျေးရွာများအပါအဝင် ကျေးရွာ ဆယ်ရွာခန့်မှ ဒေသခံပြည်သူ ၄,၅၀၀ ကျော်မှာ စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်း KNU တပ်မဟာ-၃ ဘက်က ထုတ်ပြန် ပြောဆိုထားသည်။
ကြာအင်းဆိပ်ကြီးရဲစခန်းတိုက်ရာတွင် ပါဝင်ခဲ့သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F တာဝန်ခံ ကိုအောင်စံရှားက “တိုက်ပွဲဖြစ်တိုင်းမှာ ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေ သုံးတယ်၊ လက်နက်ကြီးတွေ သုံးတယ်၊ အဲဒါတွေက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့အချိန်မှာတင် သုံးတာ မဟုတ်ဘဲနဲ့ အနီးအနားမှာရှိတဲ့ ရွာတွေ၊ ပြည်သူတွေရှိနေတဲ့ ရပ်ကွက်တွေ၊ ဘာသာရေး အဆောက်အဦလိုဟာတွေကို ပစ်မှတ်ထားပြီးတော့ လုပ်တာ၊ အဲဒါကတော့ အဆိုးဆုံး ကြုံတွေ့ရတဲ့အခြေအနေ၊ စစ်ကောင်စီရဲ့ တုံ့ပြန်မှု အကြမ်းဖက်မှု သက်သက်လို့ပြောလို့ ရတယ်။ ဒီလိုမျိုးလုပ်ရပ်တွေက စစ်ကိုင်း၊ မကွေးလိုနေရာတွေမှာရော လုပ်နေတာ၊ ဒါတွေက နိုင်ငံတကာ စစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘဲ တကယ့်ကို စစ်ရာဇဝတ်မှုချိုးဖောက်တဲ့ လုပ်ရပ်သက်သက်ပဲဆိုတာ မြေပြင်မှာ တော်တော်ကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေရတဲ့ အခြေအနေပဲ” ဟု ပြောသည်၊
စစ်ကောင်စီအနေဖြင့် တိုက်ခိုက်ခံရပြီးနောက် ယခုကဲ့သို့ ပြည်သူများအား ပစ်မှတ်ထား တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူများမှ အမြင်လွဲစေရန်နှင့် ပြည်သူများအား ပိုမို အခက်အခဲ ဖြစ်စေကာ တော်လှန်ရေးတွင် မပါဝင်နိုင်စေရန် ဖိနှိပ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပ.က.ဖ) တဦးက ပြောသည်။
၎င်းက “သူတို့က (စစ်ကောင်စီ) ပြည်သူကို အကြောက်တရားနဲ့အုပ်ချုပ်ချင်တာ၊ ပြည်သူကိုပဲဖိနှိပ်မယ်၊ ပြည်သူတွေမှာ နောက်ဆုံးနေစရာမရှိတော့ဘူး၊ စားစရာ မရှိတော့ဘူး၊ ဘဝပျက်သွားပြီ၊ ဒါပေမယ့် ပြည်သူတွေ ထိတယ်၊ ပြည်သူတွေ နာတယ်ဆိုပြီးတော့ ကျနော်တို့တွေ အရှံးပေးလိုက်ရင် ကျနော်တို့ဘဝတွေ၊ အနာဂတ်တွေဟာ အာဏာရှင်လက်အောက်မှာ အကြောက်တရားနဲ့နေထိုင်သွားကြရမှာဖြစ်လို့ အလျော့ပေးဖို့ အစီအစဉ် မရှိပါဘူး၊ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေရှိတဲ့ နေရာအနီးကနေ ရှောင်ရှားကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။
You may also like these stories:
စခန်းတိုက်ခိုက်ခံရသည့် ပျူစောထီးများနှင့် စစ်တပ် ကျေးရွာများကို မီးလိုက်ရှို့
မတ္တရာနယ် စိန်ပန်းကုန်းရွာအား စစ်တပ်ဝင်စီးကာ ဖမ်းဆီးမှုများ လုပ်နေ
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
အရှိန်မြင့်လာတဲ့ လက်တုံ့ပြန် သတ်ဖြတ်မှုများ














