အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူး သန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယနေ့ ပြည်တွင်းငွေကြေးဈေးကွက်၌ ၁ ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော်ထိ မြင့်တက်လာသည်။
အဆိုပါအရေးယူမှုသည် စစ်အာဏာရှင်များထံ နိုင်ငံခြားငွေ ဝင်ရောက်မှုအား ကန့်သတ်ရန်နှင့် စစ်ကောင်စီတပ်မှ ပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် စစ်ရေးဆင်နွှဲနိုင်သည့်စွမ်းရည်များကို လျှော့ချနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းပိတ်ဆို့ဒဏ်ခတ်မှုကို ဇွန် ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်ကို ကိုးကား၍ ထိုင်းသတင်းဌာန Thai PBS က ဖော်ပြခဲ့သည်။
ထိုသို့ သတင်းထွက်ပေါ်ပြီးနောက်ပိုင်း ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၂၉၀၀ ကျော် ရှိရာမှ ယနေ့ (ဇွန် ၂၁ ရက်) ကျပ် ၃၀၆၀ ဝန်းကျင်ထိ ဈေးတက်လာသောကြောင့် ၁ ဒေါ်လာလျှင် အနည်းဆုံး ကျပ် ၅၀ ခန့် မြင့်တက်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့မှ ဒေါ်လာငွေကြေးလဲလှယ်ရေး ကိုယ်စားလှယ်တဦးက “ဒီနေ့ ၁ ဒေါ်လာ ၃၀၆၀ ကျပ်ဝန်းကျင်မှာ ဈေးညှိပြီး အလုပ်လုပ်တယ်။ မနေ့ကထက် ကျပ် ၅၀ လောက် တက်တယ်။ ဒါပေမယ့် လူတိုင်းပေးရောင်းပေးမဝယ်ဘူး” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်၌ ဈေးကွက်လိုအပ်ချက်ဖြစ်သည့် ဒေါ်လာရှားပါးနေခြင်း၊ အမေရိကန်အစိုးရက စစ်ကောင်စီ၏ MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်အရေးယူမည်ဆိုသောသတင်းကြောင့် ပြင်ပဈေးတွင် ဈေးတက်လာသော်လည်း တဖက်တွင် စစ်ကောင်စီ၏ ညှိနှိုင်းထိန်းချုပ်ထားမှုကြောင့် အခြေအနေကြည့်၍ လှုပ်ရှားနေရ ကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “အခုကတော့ ပြင်ပထိုးနှက်မှုကလည်း ဘယ်လောက်ရှိလာမလဲ။ စစ်ကောင်စီရဲ့ အခြေအနေနဲ့လည်း ရှိသေးတော့ ဈေးကတော့ စောင့်ကြည့်ရအုံးမယ်။ သာမန်ဈေးကွက်အနေနဲ့ပြောရရင် ဈေးတက်နေတယ်။ လော လောဆယ် အလုပ်လုပ်လို့ မရသေးပါဘူး။ ဒီလိုပဲပြောရတာပေါ့” ဟု ဆိုသည်။
ပြီးခဲ့သည့် တပတ်အတွင်းကတည်းက စစ်ကောင်စီ၏ ဗဟိုဘဏ်သည် ရန်ကုန်မြို့ရှိ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် ဘဏ်လုပ်ငန်းရှင်များနှင့် ဒေါ်လာငွေလဲလှယ်သူတချို့ကို ခေါ်ယူတွေ့ဆုံပြီး ၁ ဒေါ်လာလျှင် ၂၈၈၅ ကျပ် ပတ်လည်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန် နှုတ်မိန့်ဖြင့် သတိပေးခြင်းများ ပြုလုပ်ထား ကြောင်းလည်း ဧရာဝတီက စုံစမ်းသိရှိရသည်။
သို့သော် အမေရိကန်အစိုးရက စစ်ကောင်စီ၏ MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်မည် ဆိုသောသတင်း ထွက်ပေါ်လာပြီးနောက် ဒေါ်လာဈေးမှာ အချိန်နှင့်အမျှ မြင့်တက်လာနေရာ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်အတွင်း ရိုက်ခတ်မှုကြီးမားလာနိုင်ကြောင်း ဒေါ်လာငွေကြေးလဲလှယ်ရေးလုပ်ကိုင်နေသူတချို့က ဆိုသည်။
အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံမျးာသည် မြန်မာစစ်ခေါင်းဆောင်များ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချကာ ဖြိုခွင်းမှုများအတွင်း အတိုက်အခံထောင်ပေါင်းများစွာကို သတ်ဖြတ်သောကြောင့် ၎င်းတို့ကို အရေးယူပိတ်ဆို့မှုအများအပြား ချမှတ်ထားသည်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ မည်သည့်အရေးယူပိတ်ဆို့မှုသစ်အတွက်မဆို မစိုးရိမ်ကြောင်း ပြောသည်။
ယခင်ကလည်း ထိုသို့အရေး ယူပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရကြောင်း၊ နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းကို စနစ်တကျဆောင်ရွက်နေပြီး အမေရိကန်နိုင်ငံတွင် အခြေစိုက်သည့်ဘဏ်များ၊ ဘဏ်ခွဲများ၌လည်း နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နေခြင်း မရှိသဖြင့် ငွေကြေးဆုံးရှုံးမှု မရှိနိုင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီ မီဒီယာ မြဝတီ ရုပ်သံသို့ အင်္ဂါနေ့တွင်ပြောသည်။
သို့သော် ထိုအရေးယူ ပိတ်ဆို့မှုများသည် ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်များဖြစ်သောကြောင့် နိုင်ငံတကာ ငွေပေးချေမှု လုပ်နေသော ထိုင်းနိုင်ငံနှင့်ဒေသတွင်း နိုင်ငံများကို ထိခိုက်စေမည်ဖြစ်ကြောင်း ထိုင်းသတင်းရင်းမြစ်များကို ကိုးကားပြီး ထိုင်းမီဒီယာသတင်းများအနက် Bangkok Business News သတင်းက ဖေါ်ပြသည်။
အမေရိကန်သံရုံးက ၎င်းတို့သည် ထိုင်း သို့မဟုတ် အခြားနိုင်ငံများအပေါ် မည်သည့်အရေးယူ ပိတ်ဆို့မှုမဆို၏ ရိုက်ခတ်မှု မည်သို့ လျှော့ချရမည်နှင့် ပတ်သက်ပြီး ထိုင်းအစိုးရနှင့် ပုံမှန် ဆွေးနွေးမှုများ ရှိကြောင်းပြောသည်။
ပြည်တွင်းရှိ မြန်မာ စီးပွားရေးပညာရှင်တဦးကမူ စစ်ကောင်စီက ပြီးခဲ့သည့် တပတ်အတွင်းက ငွေကြေးဈေးကွက်အတွင်းရှိ ဒေါ်လာငွေကြေးလုပ်ကိုင်သူများကို သတ်မှတ်ဈေးနှင့်ဆောင်ရွက်ရန်နှင့် အကယ်၍ ငွေကစားခဲ့လျှင် ဖမ်းဆီးမည်ဟု ပြောဆိုဖိအားပေးနေသဖြင့် ငွေဈေး အလှုပ်အယမ်း မများနိုင်ကြောင်း ဆိုသည်။
“ဈေးကွက်က မျက်လုံးပြူးမျက်ဆန်ပြူး မဖြစ်ဘူး။ သတိကြီးကြီးနဲ့ လုပ်နေတဲ့သဘောမျိုး။ တက်တော့တက်တယ်။ လုံးကနဲ ခုန်တက်တာမျိုး မဟုတ်ဘူး။ ဈေးကတော့ ဒီတိုင်းပဲ တက်မှာ။ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ ဈေးကွက်အခြေအနေအရတော့ ဈေးက ဆက်မာနေအုံးမယ်။ ဒီထက်လည်း တက်အုံးမယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ မဖြေရှင်းနိုင်သရွေ့စီးပွားရေး ကောင်းမွန်လာမည့် အခြေအနေမရှိကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုထားသည်။
You may also like these stories:
နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်
တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်
ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်
တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား














