စစ်ကောင်စီတပ်များသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဇူလိုင်လ ၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး အဆင့်မြင့်အရာရှိများကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးသွားကြောင်း ထိုရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ထိုသို့ စီးနင်းခြင်းသည် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန် ထိုရုံးက ဖွင့်ထားသည့် လျှို့ဝှက်ဘဏ်အကောင့် ပေါက်ကြားခြင်းကြောင့် ဖြစ်သည်ဟု အချို့သတင်းရင်းမြစ်များက ပြောသည်။ MOGE သည် ပြည်ပသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်းခြင်းဖြင့် စစ်ကောင်စီကို ဝင်ငွေပေးနေသည့် တခုတည်းသော ရင်းမြစ်ဖြစ်သည်။ ထိုလုပ်ငန်းကို ဥရောပသမဂ္ဂ (EU) က အရေးယူပိတ်ဆို့ထားပြီး ဖြစ်သည်။
ထိုရုံးမှ အဆင့်မြင့်အရာရှိနှင့် ၎င်းတို့ဝန်ထမ်းများ အပါအဝင် အနည်းဆုံး ၁၀ ဦးကို ထပ်မံစစ်မေးရန် ခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် ထိုသူများနှင့် အဆက်အသွယ် မရတော့ကြောင်း ၎င်းတို့မိသားစုဝင်များက ပြောသည်။ မိသားစုဝင်များသို့ ဖုန်းဖြင့်ဆက်သွယ်မှုများကို ဖြေကြားခြင်း မရှိကြောင်းနှင့် ထိုရုံးကို သောကြာနေ့နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်များက စောင့်ကြပ်နေကြောင်း ၎င်းတို့က ပြောသည်။
“ကျနော်က အရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့၊ ကျနော်နဲ့သိတဲ့ ဝန်ထမ်းလေးတွေကို ဖုန်းဆက်ပေမယ့် ဘယ်သူမှ ဖုန်းမကိုင်ဘူး။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တဦးရဲ့ မိသားစုကို ဖုန်းဆက်တော့ သူတို့ကို မနေ့ညကစပြီး အိမ်ပြန်ခွင့်မပေးဘူးလို့ သိရတယ်” ဟု MOGE ကို စီမံသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစားတဦးက ပြောသည်။
လွန်ခဲ့သောနှစ်တွင် ဥရောပသမဂ္ဂက MOGE ကို ပိတ်ဆို့အရေးယူသည့် နောက်ပိုင်းတွင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် သိမ်းဆည်းခံရကြောင်း Myanmar Now က မကြာသေးမီက ဖော်ပြသည်။ ထိုသို့ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရပြီးနောက် စစ်ကောင်စီ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတကာ ငွေပေးငွေယူများကို ကိုင်တွယ်ရန် မြန်မာ့စီးပွားရေးဘဏ်တွင် သီးခြားငွေစာရင်းဖွင့်ရန် မြန်မာဗဟိုဘဏ်ကို ပြောဆိုကြောင်း Myanmar Now က ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးဌာနကလည်း စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ နိုင်ငံပိုင်ဘဏ်၂ ခုသည် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုကို အဆင်ပြေချောမွေ့စေရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း ထိုထုတ်ပြန်ချက်က ဆိုထားသည်။
ထို့ပြင် အာဏာသိမ်းစစ်ကောင်စီအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများသည် အဆိုပါဘဏ် ၂ ခု၏ ငွေစာရင်းများကို အသုံးပြုပြီး နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးနေလျက် ရှိသည်။
စစ်ကောင်စီ၏ ဝင်ရောက်စီးနင်း စုံစမ်းစစ်ဆေးမှုများသည် အမေရိကန်နှင့် အခြားနိုင်ငံများက အရေးယူပိတ်ဆို့မှုများ ချမှတ်နေသည့် ကာလအတွင်း MOGE မှ နောက်ထပ် သတင်းပေါက်ကြားမှုများကို တားဆီးရန် စစ်ကောင်စီက အားထုတ်မှုဖြစ်နိုင်ကြောင်း အထက်ပါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစားအရာရှိက ပြောသည်။
ဧရာဝတီသတင်းဌာနသည် MOGE ရုံးကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း ထိုဆက်သွယ်မှုများကို ပြန်လည်ဖြေကြားခြင်းမရှိပေ။
နိုင်ငံပိုင်လုပ်ငန်းတခု အနေဖြင့် MOGE သည် နိုင်ငံပိုင်ဘဏ်များနှင့်သာ အများအားဖြင့် အလုပ်လုပ်သည်။ ၎င်း၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝင်ငွေများသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) အပါအဝင် ထိုဘဏ်များမှ ၎င်းတို့ ငွေစာရင်းများသို့ ဝင်ငွေများ စီးဝင်စေသည်။ ထိုဘဏ် နှစ်ခုလုံးကို အမေရိကန် ပြည်ထောင်စုက မေလ ၂၁ ရက်နေ့တွင် အရေးယူ ပိတ်ဆို့ထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို စစ်ကောင်စီ၏ သွေးချောင်းစီး ဖြိုခွဲမှုများကို သာမက အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများကို တုန့်ပြန်သည့်အနေဖြင့် လူ့အခွင့်အရေးအဖွဲ့များက MOGE ကို အခြားအစိုးရများက အရေးယူရန် တောင်းဆိုနေသည်။
MOGE ကို အရေးယူရန် Burma Campaign UK က တောင်းဆိုနေပြီး စစ်ကောင်စီ စီးပွားရေး လုပ်ငန်းများကို စောင့်ကြည့်နေသည့် လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM) ကလည်း အမေရိကန်နှင့် ဂျပန် အပါအဝင် အစိုးရများအနေဖြင့် အလားတူလုပ်ဆောင်ရန် တောင်းဆိုနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Forces Raid State-Owned Oil, Gas Company ကို ဘာသာပြန်သည်။)
You may also like these stories:
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ
စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး မိသားစုကို ပိတ်ဆို့အရေးယူရန် တောင်းဆို
တရုတ်သို့ ရေနံတင်ပို့ရန် ရုရှားက မြန်မာပိုက်လိုင်း အသုံးပြု
MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး














