ရှမ်းပြည်တောင်ပိုင်း၌ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရန် တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ရဲတပ်ဖွဲ့ မပါဝင်ဘဲ ကျန်ဝန်ထမ်းအင်အား စာရင်းအား သြဂုတ် ၁၈ ရက် နောက်ဆုံးတင်ပြရန် ရှမ်းပြည်နယ်အစိုးရ နယ်လုံဝန်ကြီးက ညွန်ကြားထားကြောင်း သတင်းရရှိသည်။
စစ်ကောင်စီ၏ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း လက်မှတ်ထိုး၍ ညွှန်ကြားထားသော အကြောင်းကြားစာတွင် ရှမ်းပြည်နယ် တောင်ပိုင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရန် ဌာနဆိုင်ရာ စာရင်းပြုစုပေးပို့ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရန်အတွက် စစ်တပ်၏ အရန်အင်အားများ ကို ပြည်သူ့စစ်တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အားအခြေအနေပေါ် မူတည်၍ တာဝန်ခွဲဝေပေးခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်မည့် စီမံချက်များ ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားစာတွင် ရေးသားထားသည်။
အမည်မဖော်လိုသည့် ညွန်ကြားရေးမှူးချုပ်တဦးက “ရှမ်းတောင်နဲ့ ကယားမှာ စစ်တပ်က အကျအဆုံးများတယ်။ အင်အား သိသိသာသာ လျော့သွားပြီ။ အဲဒီတော့ လိုအပ်ရင် လုပ်မယ်ဆိုတဲ့သဘောပေါ့။ ပြည်သူ့စစ်ထဲ ဝန်ထမ်းတွေကို ထည့်ဖွဲ့မယ့် သဘော” ဟု ပြောသည်။
အရပ်ဖက်ဝန်ထမ်းများအား စစ်တပ်၏အရန်အင်အားဖြစ်သော ပြည်သူ့စစ်အဖွဲ့တွင် လိုအပ်လာပါက ထည့်သွင်း ဖွဲ့စည်း တာဝန်ပေးမည့်စစ်တပ်၏အစီအစဉ်သည် ဝန်ထမ်းများက လိုလိုလားလား ပူးပေါင်းဆောင်ရွက်မှသာ လုပ်ဆောင်၍ ရနိုင်မည်ဖြစ်ကြောင်း အဆိုပါ ညွန်ကြားရေးမှူးချုပ်က ဆိုသည်။

CDM တပ်မတော်အရာရှိတဦးက “စစ်တပ်က အင်အားလျော့လာပြီ။ အသစ်ဝင်တဲ့သူလည်း မရှိသလောက် နဲလာပြီ။ အဲဒီတော့ ဝန်ထမ်းတွေကိုစည်းရုံးပြီး အရန်အင်အားလုပ်မယ့် အစီအစဉ်ပေါ့။ လက်တွေမှာတော့ ဖြစ်လာမယ်မထင်ဘူး၊ စာရွက်ပေါ်မှာပဲ ဖွဲ့လို့ရမယ်ထင်တယ်။ ဒါမျိုးက ဝန်ထမ်းတွေက လိုလိုလားလား လုပ်ချင်မှ အကောင်အထည်ဖော်လို့ရမှာ” ဟု ပြောသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာသည့်စစ်သားများ များလာခြင်း၊ တပ်ပြေးများ များလာခြင်း၊ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်လာရသည့်အတွက် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရသူများလာခြင်း စသည့် အကြောင်းများ ကြောင့် အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်တပ်၏အင်အားမှာ သိသိသာသာ လျော့နည်းလာခဲ့သည်။
ထိုကဲ့သို့လျော့နည်းလာသော စစ်သည်အင်အားကို စုဆောင်းရန်အတွက် ရာဇဝတ်မှုကျူးလွန်သော ခိုးဆိုးလုနှိုက်ထဲမှ အချို့အား စစ်ထဲဝင်ရန် စည်းရုံးဆောင်ရွက်ခဲ့သော်လည်း စစ်သင်တန်းမှ ထွက်ပြေးသူ အများအပြားရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် လျော့နည်းလာသော စစ်သည်အင်အားကို အရပ်ဘက်ဝန်ထမ်းများဖြင့် ဖြည့်ဆည်းရန် ပြင်ဆင်ဆောင်ရွက်လာခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုကြသည်။

မြန်မာစစ်တပ်သည် ၁၉၆၄ခုနှစ် တပ်မှူးညီလာခံမှစ၍ ပြည်သူ့စစ်အခြေခံသဘောတရားကို ဆွေးနွေးပြီး အကောင်အထည် ဖော်ရန် သဘောတူခဲ့ကြပြီးနောက် ဒေသအလိုက် သောင်းကျန်းသူဆန်ကျင့်ရေးအဖွဲ့များ ဖွဲ့ကာ လုပ်ဆောင်ခဲ့သော်လည်း တနေရာနှင့် တနေရာ လုပ်ထုံးလုပ်နည်း ကွဲပြားသဖြင့် ၁၉၆၈ခုနှစ် တပ်မတော်ညီလာခံတွင် ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်သူ့စစ်ဖွဲ့စည်းရေး၊ ပြည်သူ့စစ်ဆင်နွဲရေး၊ သောင်းကျန်းသူ အမြစ်ပြတ် နှိမ်နင်းရေး ဆိုကာ ချမှတ်ပေးပြီး ပြည်သူ့စစ်လမ်းညွှန် အမှတ် ၁ကို ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးဆိုကာ လူထုကို အခြေခံ၍ စစ်ကြောင်းကြီး ၅ကြောင်း ကို ဖွဲ့စည်ကာ မြစ်ဝကျွန်းပေါ်ဒေသတွင် ရွှေလင်းယုန်၊ မိုးဟိန်း၊ တိုင်းလုံးအောင် စစ်ဆင်ရေးကြီးများကို ဆင်နွဲကာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNUP)တို့ကို နှိမ်နင်းခဲ့သည်။
သို့သော် ပြည်သူ့စစ်ဌာနေများ ဖွဲ့စည်းရာတွင် ချွင်းချက်အနေဖြင့် မိမိစည်းရုံးရေး မခိုင်မာသော၊ စိတ်မချရသော နယ်မြေ၊ မယုံကြည်ရသော နေရာများတွင် ပြည်သူ့စစ်ဖွဲ့စည်းပါက အံဝင်ဂွင်ကျဖြစ်မည်မဟုတ်ဟု ဆိုထားသည်။
၁၉၈၈ခုနှစ်နောက်ပိုင်း စစ်တပ်က ဖွဲ့စည်းပေးခဲ့သည့် ပြည်သူ့စစ်များမှာ ဒေသလူထုကို အခြေခံသည့် နိုင်ငံရေးသဘော ထက် မူးယစ်ဆေးဝါးနှင့် လောင်းကစားနှင့် တရားမဝင်စီးပွားရေး လုပ်ငန်းများကိုသာ လုပ်ကိုင်သဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အဖွဲ့များဖြစ်လာခဲ့သည်။