• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖောင်းပွနေသည့် ကျပ်ငွေနှင့် ပျက်သုဉ်းသွားသည့် ဈေးကွက်စီးပွားရေး

by ဝေမင်းထွန်း
15 August 2023
in ဆောင်းပါး
A A
ဖောင်းပွနေသည့် ကျပ်ငွေနှင့် ပျက်သုဉ်းသွားသည့် ဈေးကွက်စီးပွားရေး

ရန်ကုန်မြို့တွင် ဈေးသက်သာစွာ ရောင်းချပေးသော စားအုန်းဆီကို တန်းစီစောင့်ဆိုင်း ဝယ်ယူနေသူများ/AFP

4.5k
VIEWS
Share on FacebookShare on Twitter

ငွေကြေးဖောင်းပွမှု

မြန်မာစစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ယခု ၂၀၂၃ ခုနှစ်အထိ နှစ်စဉ် ငွေကြေးဖောင်းပွမှု မြင့်တက်လာသည်ကို တွေ့ရ၏။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး လပိုင်းတွင်ပင် မြန်မာငွေဈေး ဖောင်းပွ၏။ အာဏာသိမ်းစဉ်က တဒေါ်လာ ၁,၃၀၀ ကျပ်ခန့်မှသည် တဒေါ်လာ ၁,၉၀၀ အထိ တက်သွားသည်မှာ ပြန်မဆင်းတော့ပေ။

၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်တက်သည်။ တဒေါ်လာ ၃,၀၀၀ ကျော်အထိ ဈေးခုန်တက်သွားသော်လည်း နောက်ပိုင်းတွင် တဒေါ်လာ ၂,၈၅၀ ကျပ်ခန့်တွင် ပြန်လည်တည်ငြိမ်သွား၏။ တတိယအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်မှ စတက်ပြန်ရာ ယခုအခါ တဒေါ်လာ ၃,၆၀၀ ခန့်ထိ တအိအိတက်နေသည်။ မြန်မာ့ဈေးကွက် သဘောအရ ခုန်ပေါက်၍ ဈေးတက်လျှင် ပြန်ကျတတ်သည်မှာ ထုံးစံဖြစ်ပြီး တအိအိတက်သော ဈေးကတော့ ပြန်ကျလေ့ မရှိပေ။

ငွေကြေးဖောင်းပွမှုမှာ တိုင်းပြည်တိုင်းတွင် ဖြစ်သည်။ ထိုဖောင်းပွမှုကို ဈေးကွက်စီးပွားရေး ကျင့်သုံးသော နိုင်ငံများတွင် လွတ်လပ်သော ဗဟိုဘဏ်တို့က ထိန်းကျောင်းလေ့ရှိ၏။ ဗဟိုမှချုပ်ကိုင်သော နိုင်ငံများတွင်လည်း အစိုးရဗဟိုဘဏ်က ထိန်းကျောင်းရ၏။ မိမိငွေကြေးခိုင်မာမှုအရ ငွေကြေးတန်ဖိုးရှိ၏။ မခိုင်မာလျှင်တော့ ငွေကြေးဖောင်းပွမည်သာ ဖြစ်၏။

စစ်ကောင်စီလက်ထက် ငွေကြေးဖောင်းပွသည်မှာ နှစ်ဆ နီးပါးခန့် ရှိလာပြီဖြစ်၏။ ဤငွေကြေးဖောင်းပွမှုကြောင့် အစစအရာရာ ကုန်ဈေးနှုန်းများ တက်လာသကဲ့သို့ မှားယွင်းသောမူဝါဒများကြောင့် ပို၍ဈေးတက်လာခဲ့၏။

စစ်ကောင်စီလက်ထက် ငွေကြေးဖောင်းပွသည်မှာ နှစ်ဆ နီးပါးခန့် ရှိလာပြီဖြစ်၏။ ဤငွေကြေးဖောင်းပွမှုကြောင့် အစစအရာရာ ကုန်ဈေးနှုန်းများ တက်လာသကဲ့သို့ မှားယွင်းသောမူဝါဒများကြောင့် ပို၍ဈေးတက်လာခဲ့၏။

တိုင်းပြည်အစိုးရ၏ ဘတ်ဂျက်သည် အစိုးရ၏ ဝင်ငွေ၊ အခွန်ငွေအပေါ် မူတည်ရေးဆွဲကြလေ့ရှိ၏။ အစိုးရဘတ်ဂျက် အသုံးစာရင်းကို အစိုးရ ရသုံးငွေစာရင်းထက် ကျော်လွန်ရေးဆွဲပါက နိုင်ငံခြားချေးငွေ၊ ပြည်တွင်းချေးငွေများဖြင့် ဖြည့်တင်းကြသည်။ ဤသို့မဟုတ်ပါက ငွေစက္ကူအသစ်များ ရိုက်ထည့်ပြီး သုံးစွဲကြ၏။ ဤသို့ဖြင့် ငွေကြေးဖောင်းပွမှုကို ရှောင်လွှဲ၍ မရနိုင်တော့ပေ။

မူဝါဒအလွဲ

ငွေကြေးဖောင်းပွခြင်း၊ ကျပ်ငွေတန်ဖိုးကျခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ထုံးစံအတိုင်း ပြည်ပနိုင်ငံများကြောင့်၊ မီဒီယာများကြောင့်ဟု လက်ညိုးထိုးသကဲ့သို့ ပြည်တွင်းရှိ ကုန်သည်အမြတ်ကြီးစားများကြောင့်ဟု ဆိုကာ ဖမ်းဆီးခြင်းများ ပြုလုပ်သည်ကို တွေ့ရ၏။ စစ်ကောင်စီသည် သူ၏ အမှားများကိုတော့ ပြန်လည်သုံးသပ်ခြင်း မရှိပေ။ တကယ်တမ်းတွင် အကြောင်းအရင်းခံမှာ စစ်ကောင်စီက လွတ်လပ်သော ငွေကြေးလဲလှယ်မှုကို ထိန်းချုပ်လိုက်သဖြင့် ငွေကြေးဈေးကွက် ပျက်သွားခြင်းဖြစ်၏။

အာဏာသိမ်းပြီး မကြာခင်တွင် ဘဏ်များမှ ပုဂ္ဂလိကပိုင်ငွေကြေးများ ထုတ်ယူခွင့်ကို ထိန်းချုပ်လိုက်၏။ ဒုတိယအနေနှင့် နိုင်ငံခြားငွေလဲလှယ်မှုအား နှုန်းရှင်မျှောထားရာမှ သတ်မှတ်ဈေးဆိုသည်ကို ပြောင်းလဲလိုက်၏။

ဤအချက်နှစ်ချက်မှ အစပြု၍ ပြည်တွင်းရှိ လူထုကြား ဘဏ်နှင့်ငွေကြေးကို ယုံကြည်မှု စတင်ကျဆင်းသည့်အပြင် နိုင်ငံခြားငွေလဲနှုန်းအား နှုန်းသေ သတ်မှတ်သည်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လက်တွန့်သွားကြ၏။ ပို၍ဆိုးဝါးသွားသည်မှာ ဘဏ်တွင်ရှိသည့် နိုင်ငံခြားငွေအားလုံးကို အစိုးရသတ်မှတ်ဈေးနှင့် နာရီပိုင်းအတွင်း လဲယူလိုက်ခြင်းဖြစ်၏။

ပြင်ပဈေးကွက်ပေါက်ဈေးနှင့် တဒေါ်လာလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ကွာခြား၍ လဲယူလိုက်သဖြင့် ဘဏ်တွင် အပ်နှံထားသူများ ကျပ်ငွေသန်းပေါင်း ထောင်ပေါင်းများစွာ မြန်မာစစ်တပ်၏ “အေးဓားပြ” တိုက်ခြင်းကို ခံလိုက်ရ၏။ အကျိုးဆက်အဖြစ် ပြည်တွင်းရော၊ ပြည်ပကပါ မြန်မာစစ်ကောင်စီ၏ ငွေကြေးနှင့် ငွေကြေးစီမံခန့်ခွဲမှုကို အယုံအကြည် မရှိကြတော့ခြင်း ဖြစ်၏။

ပြင်ပဈေးကွက်ပေါက်ဈေးနှင့် တဒေါ်လာလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ကွာခြား၍ လဲယူလိုက်သဖြင့် ဘဏ်တွင် အပ်နှံထားသူများ ကျပ်ငွေသန်းပေါင်း ထောင်ပေါင်းများစွာ မြန်မာစစ်တပ်၏ “အေးဓားပြ” တိုက်ခြင်းကို ခံလိုက်ရ၏။

ထိုသို့ နိုင်ငံခြား ငွေလဲလှယ်မှုအား နှုန်းရှင်သတ်မှတ်ခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်က ပြုလုပ်ခဲ့သော ဘဏ္ဍာနှင့်ငွေကြေး ပြုပြင်ပြောင်းလဲမှုကို မြန်မာစစ်တပ်က ရပ်တန့်ခဲ့ပြီး ဖျက်ဆီးလိုက်ရာ ပြည်တွင်းရှိ လူထုသည် ပိုလျှံစုဆောင်းငွေများကို မြန်မာကျပ်ငွေဖြင့် မထားရဲကြတော့ဘဲ နိုင်ငံခြားငွေ လဲလှယ်ထားခြင်း၊ ရွှေ၊ အိမ်ခြံမြေ ဝယ်ယူထားခြင်း၊ နိုင်ငံခြားတွင် ငွေစာရင်း ဖွင့်လှစ်ထားရှိခြင်းတို့ ပြုလုပ်ကြသောကြောင့် မြန်မာကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းလာတော့၏။

နိုင်ငံခြားငွေ လိုငွေပြမှု မရှိစေရ

စစ်ကောင်စီသည် နိုင်ငံခြားငွေ လိုအပ်မှု မရှိအောင် စီမံချက်ချသည်ဟုဆို၍ ပို့ကုန်ဝင်ငွေနှင့် သွင်းကုန်ထွက်ငွေ ညီမျှမှုရှိရမည်ဆိုသည့် မူဝါဒချထား၏။ နိုင်ငံတိုင်းတွင် ရှိကြသည့် သွင်းကုန်၊ ထုတ်ကုန် လိုငွေ၊ ပိုငွေပြမှုကို စစ်ကောင်စီက လိုငွေပြမှု မရှိစေရဆိုသည့် ပုံသေနည်းကို ကျင့်သုံးရန် ညွှန်ကြား၏။ ထို့ပြင် ယခင်က သွင်းကုန်ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်း၊ ယခုအခါ ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီ သတ်မှတ်နှုန်းထားနှင့် ကျပ်ငွေ လဲလှယ်ပေးရမည်ဟု သတ်မှတ်ခဲ့၏။ သို့ဖြစ်ရာ ဈေးကွက်စီးပွားရေးစနစ် ပျက်စီးသွားတော့၏။

မြန်မာပြည်တွင် ရိက္ခာမှအပ မြန်မာပြည်၏ အခြေခံလိုအပ်ချက် အများစုကို နိုင်ငံခြားမှ တင်သွင်းနေရ၏။ သယ်ယူပို့ဆောင်ယာဉ်များ အားလုံးနှင့် လောင်စာဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်း၊ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၊ အီလက်ထရောနစ် ပစ္စည်းအားလုံး စသည်ဖြင့် မရှိမဖြစ် အရာအားလုံး နိုင်ငံခြားမှ တင်သွင်းနေရ၏။

စစ်အာဏာသိမ်းအပြီး ကျပ်ငွေတန်ဖိုးကျဆင်း အကြီးအကျယ် ကျဆင်းသွားသည်

အချို့က လိုအပ်ချက်ဟု မရှုမြင်ကြသော်လည်း တကယ်က လိုအပ်ချက် ဖြစ်၏။ ဥပမာ မော်တော်ယာဉ်များနှင့် ပတ်သက်၍ တင်သွင်းခွင့်ကို ချုပ်ကိုင်လိုက်၏။ အများသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော ကုန်ကားကြီးများ၊ ဘတ်စ်ကားများကိုသာ ခွင့်ပြုပေးမည်ဟု စဉ်းစား၍မရပေ။ လက်တွေ့ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ၊ ထပ်ဆင့်ဖြန့်ဖြူးသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဆူဇူကီး ပစ်ကပ်ကဲ့သို့၊ တောင်းအေ့စ်ကဲ့သို့ လိုက်ထရပ်များ၊ ကားငယ်များ လိုအပ်သည်။

လမ်းကြမ်းဆိုးဝါးသည့် တောင်တန်းဒေသများတွင် လေးဘီးယက် ကားငယ်များသည် မရှိမဖြစ် လိုအပ်၏။ ယခု မော်တော်ယာဉ်တင်သွင်းခွင့် ပိတ်သောအခါ အခြားကားများသာမက ထိုကားငယ်များ၏ ဈေးသည်လည်း ကြောက်ခမန်းလိလိ တက်သွားသည့်အထဲတွင် ပါ၏။ ထို့ပြင် မော်တော်ကား ဈေးတက်ခြင်းသည် နှစ်စဉ် မော်တော်ယာဉ် လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားဘဲ ရေတိုတွင် ရှိတာနှင့်သုံးဟူသည့် စဉ်းစားချက်ဖြင့် ယာဉ်တင်သွင်းမှု ပိတ်ပင်ခြင်းကြောင့် နှစ်စဉ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိတော့ပေ။

ငွေကြေးဖောင်းပွ၍၊ ပြည်ပမှ ရေနံဈေးတက်၍ လောင်စာဆီဈေးများ တက်၏။ သယ်ယူပို့ဆောင်ရေး ယာဉ်များလည်း ဈေးတက်၏။

ငွေကြေးဖောင်းပွ၍၊ ပြည်ပမှ ရေနံဈေးတက်၍ လောင်စာဆီဈေးများ တက်၏။ သယ်ယူပို့ဆောင်ရေး ယာဉ်များလည်း ဈေးတက်၏။

ထို့ကြောင့် သယ်သူပို့ဆောင်ရေး စရိတ်တက်ပြီး ကုန်ပစ္စည်းဈေးများ တက်၏။ ပြည်တွင်းရှိ စိုက်ပျိုးရေးသီးနှံ၊ မွေးမြူရေး ထုတ်ကုန်များသည်လည်း ပြည်ပက တင်သွင်းရသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဆေးဝါးများကြောင့် သာမက သယ်ယူပို့ဆောင်ရေး စရိတ်ထောင်း၍ ဈေးတက်သည်။

ပြည်တွင်းလိုအပ်ချက်များကို လျှော့ချ တင်သွင်းခွင့် မပြုခြင်းကြောင့် ပစ္စည်းများရှားပါးသည့် အကျိုးဆက်ဖြစ်လာသည်။ လောင်စာဆီ ရှားပါးသဖြင့် ဓာတ်ဆီဆိုင်များတွင် ကားများတန်းစီနေကြပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာသဖြင့် လောင်စာဆီကိစ္စတွင် ပြန်လည် အလျှော့ပေးသွားသော်လည်း ကျန်ကိစ္စရပ်များတွင် တင်းကျပ်စွာ ကိုင်ထား၏။

နိုင်ငံခြားမှ တင်သွင်းရသည်အထဲတွင် ဆေးဝါးသာမက၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ အီလက်ထရောနစ် ပစ္စည်းများလည်းပါ၏။ အီလက်ထရောနစ် ပစ္စည်းများတွင် ကွန်ပြူတာ၊ လက်ပ်တော့၊ တက်ဘလက်၊ ဖုန်း စသည်တို့သည် ယခုအခါ မရှိမဖြစ်ပစ္စည်းများ ဖြစ်လာသကဲ့သို့ လျှပ်စစ်ထမင်းပေါင်းအိုးမှအစ ပန်ကာအလယ် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်အဆုံး အီလက်ထရောနစ်ပစ္စည်းများသည် နေ့စဉ်သုံးပစ္စည်းများ ဖြစ်လာ၏။

ထိုပစ္စည်းများကို တင်သွင်းခွင့်မပြု။ လိုင်စင်ချမပေး။ နိုင်ငံခြားငွေ ချမပေးဘဲထားသော်လည်း ဈေးကွက်လိုအပ်ချက်အရ မှောင်ခိုတင်သွင်းကြ၏။ အဓိက တရုတ်နှင့် ထိုင်းတို့မှ ကြေညာသည့် ကုန်သွယ်မှု အစီရင်ခံစာများတွင် ပါဝင်သော ကုန်သွယ်မှုတန်ဖိုးနှင့် စစ်ကောင်စီကြေညာသည့် ကုန်သွယ်မှုတန်ဖိုးများ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကွာခြားရခြင်းမှာ မှောင်ခိုကုန်သွယ်ရေးကြောင့်ဖြစ်၏။

၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း လောင်စာဆီပြတ်လပ်မှုနှင့် ကြုံခဲ့ရစဉ်

သို့နှင့် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် တရားဝင်ကုန်သွယ်မှုအပြင် မှောင်ခိုကုန်သွယ်မှု ဝင်ရောက်လာ၏။ ထိုမှောင်ခိုကုန်သွယ်မှုများသည် ပမာဏ မသေးလှပေ။ အီလက်ထရောနစ်ပစ္စည်း ပေ ၂၀ ကုန်သေတ္တာတလုံးစာ မှောင်ခိုတင်သွင်းသူများအဆိုအရ တရားဝင်တင်သွင်းသည့်အခါ ကုန်ကျသည့် အခွန်အခထက် သက်သာသည်ဟု သိရ၏။ မှောင်ခိုဆိုသည်မှာ အဓိက လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်များကို ကြီးကြပ်နေသည့် တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူးအဆင့်ဆင့်ကို လိုင်းကြေးပေး၍ သယ်ကြခြင်း ဖြစ်၏။ အကျင့်ပျက်လာဘ်စားမှု များပြားသည့် စစ်ကောင်စီ၏ ယန္တယားကြောင့် မှောင်ခိုလုပ်ငန်းသည် ကြီးထွားလာ၏။

သွင်းကုန်ထုတ်ကုန် ကန့်သတ်သည့် စစ်ကောင်စီ၏ မူဝါဒအမှားကြောင့် ပြည်တွင်းဈေးကွက်၌ ကုန်ပစ္စည်းလိုအပ်ချက် ရှိလာသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် မှောင်ခိုလမ်းကြောင်း ပေါ်လာပြီး မှောင်ခို ငွေကြေးဈေးကွက်နှင့် ပြင်ပ ဟွန်ဒီငွေလွှဲလုပ်ငန်များ ထွန်းကားလာ၏။ သို့ဖြစ်ရာ ငွေကြေးဈေးနှုန်း အစစ်အမှန်ကို မှောင်ခိုငွေကြေးဈေးကွက်က ဆုံးဖြတ်တော့၏။

စစ်ကောင်စီ၏ သတ်မှတ်ငွေဈေး၊ သတ်မှတ်ရွှေဈေးတို့သည် အပေါစားပျက်လုံးသဖွယ် ဖြစ်နေ၏။ တဖက်ကလည်း တရားဝင်တင်သွင်းသည် မဟုတ်၍ အစိုးရလည်း အခွန်အခ လျော့နည်းသွား၏။ သို့ဖြစ်ရာ စစ်ကောင်စီ၏ ပေါ်လစီအမှားသည် ဆိုးကျိုးများစွာ သက်ရောက်သွား၏။

ထိုအချက်ကို စစ်ကောင်စီက ပိုမိုတင်းကြပ်စွာ ကိုင်တွယ်ပါက ပိုမို ဆိုးဝါးသည့်အကျိုးဆက်ကို ကြုံရမည်ဖြစ်၏။ ထိုပြဿနာမှာ ကုန်ပစ္စည်း ဈေးတက်သည်ထက် ပိုမိုဆိုးဝါးသည့် ကုန်ပစ္စည်းပြတ်လပ်မှု ဖြစ်သည်။

မဆလခေတ်ကလည်း မြန်မာစစ်တပ် စစ်ဗိုလ်များ၏ မူဝါဒအမှားကြောင့် ကုန်ပစ္စည်းပြတ်လပ်မှု ကြုံခဲ့ပြီဖြစ်၏။ ယခုအခါလည်း မြန်မာစစ်ခေါင်းဆောင်များ အမှားဟောင်း ထပ်မှား၊ မမှား စောင့်ကြည့်ရပေမည်။

မဆလခေတ်ကလည်း မြန်မာစစ်တပ် စစ်ဗိုလ်များ၏ မူဝါဒအမှားကြောင့် ကုန်ပစ္စည်းပြတ်လပ်မှု ကြုံခဲ့ပြီဖြစ်၏။ ယခုအခါလည်း မြန်မာစစ်ခေါင်းဆောင်များ အမှားဟောင်း ထပ်မှား၊ မမှား စောင့်ကြည့်ရပေမည်။

သေချာသည်ကတော့ မြန်မာစစ်ခေါင်းဆောင်များသည် သူတို့အမှားများကို သမိုင်းတလျှောက် ဝန်ခံလေ့မရှိပေ။

ပြဿနာတခုမှာ နိုင်ငံခြားငွေသုံးစွဲရသော သွင်းကုန်များအား ထိန်းချုပ်သည့် စစ်ကောင်စီ ဖုံးကွယ်ထားသော အချက်တခုမှာ ရှိသည့်နိုင်ငံခြားငွေ အများအပြားကို စစ်လက်နက်ဝယ်ယူနေခြင်း ဖြစ်သကဲ့သို့ စစ်သုံးစရိတ်ဘတ်ဂျက်များစွာ တိုးမြှင့်ထား၍ ငွေစက္ကူသစ်များ ရိုက်ထုတ်ရပြီး ငွေဖောင်းပွမှု ပိုတိုးလာခြင်းဖြစ်၏။

ဘဏ်များပိတ်ဆို့ခံရမှု

တကယ်တော့ စစ်ကောင်စီ၏ ငွေကြေးအကျပ်အတည်းသည် သူ၏မူဝါဒအမှားများကြောင့် ဖြစ်သည့်အပြင် ဘူးလေးရာ ဖရုံဆင့်သည်မှာ အမေရိကန်၏ ပိတ်ဆို့မှုဖြစ်၏။၂၀၂၃ ခုနှစ် နှစ်လယ်တွင် နိုင်ငံခြားငွေကြေးနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ တွင် ကြေညာခဲ့ပြီး ဩဂုတ်လ ၅ ရက်မှစ၍ အသက်ဝင်နေပြီဖြစ်၏။

စစ်ကောင်စီအတွက် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးပို့ရာတွင် စင်ကာပူအခြေစိုက် ကုမ္ပဏီများ ပါဝင်သည်ဟူသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူး၏ အစီရင်ခံစာ မေလ ၁၇ ရက်တွင် ထွက်လာခဲ့သည်။

ထိုအစီရင်ခံစာ၏ သက်ရောက်မှုအဖြစ် စင်ကာပူ ဘဏ်အာဏာပိုင်များကလည်း မြန်မာပြည်၏ ငွေကြေးလွှဲပြောင်းမှုများကို ထိန်းချုပ်လာခဲ့၏။ စင်ကာပူ၏ အကြီးဆုံးဘဏ်တခုဖြစ်သည့် UOB က မြန်မာငွေစာရင်းများထံ ပေးပို့သော ငွေပေးချေမှု အားလုံးကို တားမြစ်လိုက်ကြောင်း အသိပေးထားပြီး UOB အကောင့်အချင်းချင်းသာ ငွေလွှဲဝန်ဆောင်မှု ရရှိနိုင်တော့မည်ဟု အသိပေးထား၏။ ထို့ပြင် မြန်မာအစိုးရ အဖွဲ့အစည်းအချို့၏ ငွေစာရင်းများ ပိတ်သိမ်းမည်ဟု ကြေညာလာ၏။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် အသက်ဝင်မည် ဖြစ်၏။

စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံသည် နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်ပျက်စာရင်း အသွင်းခံထားရသည်၊ အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူမှုများ ချမှတ်ထားသည်။ ထို့ကြောင့် မြန်မာနှင့်ဆိုင်သည့် ငွေကြေးလွှဲပြောင်းမှုများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်လာသည်။

ယခု မြန်မာနိုင်ငံမှ နိုင်ငံခြားငွေကြေး လွှဲပြောင်းမှုအား အဓိကလုပ်ပေးသည့် စင်ကာပူ UOB ဘဏ် ပါဝင်လာ၍ စစ်ကောင်စီအတွက် ငွေကြေးလွှဲပြောင်းရန် ခက်ခဲလာပြီ ဖြစ်၏။ UOB သည် မြန်မာစစ်ဗိုလ်ချုပ်များ၊ ကော်ပိုရေးရှင်းကြီးများနှင့် ချမ်းသာကြွယ်ဝသော ပုဂ္ဂလိကများသာမက နိုင်ငံတကာအဖွဲ့အစည်း အများအပြားနှင့် ရင်းနှီးမြှုပ်နှံသူများ၊ အထူးသဖြင့် မြန်မာမှ လုပ်ငန်းများကို စင်ကာပူမှ စီမံသူများ စိတ်တိုင်းအကျဆုံး ရေခြားမြေခြားဘဏ် ဖြစ်သည်ဟု ထင်ရှားသည်။ စင်ကာပူ ဘဏ္ဍာရေး အင်စတီကျူးရှင်းများတွင် ယခင်က မလုပ်ဖူးသည့် အရေးယူ ဆောင်ရွက်မှုဟု ဆိုရမည်။ UOB ဘဏ်အပြင် အခြားသော စင်ကာပူဘဏ်များလည်း ဤသို့ ဆောင်ရွက်လာတော့မည်ဟု ဆို၏။

သို့ဖြစ်ရာ စစ်ကောင်စီအတွက် နိုင်ငံတကာငွေကြေးစနစ်တွင် အကျပ်အတည်းဆိုက်နေပြီဖြစ်ရာ ရုရှား၊ တရုတ်၊ UAE ၊ ထိုင်းတို့မှတဆင့် လျှို့ဝှက် နိုင်ငံခြားငွေစာရင်းများဖြင့် ထိုးဖောက်ရန် ခက်ခဲစွာ ကြိုးစားရတော့မည် ဖြစ်သကဲ့သို့ အချိန်ယူရမည် ဖြစ်၏။ ကြန့်ကြာတော့မည် ဖြစ်၏။ ကုန်ကျစရိတ် ပိုများလာမည်ဖြစ်၏။

စစ်ကောင်စီအတွက် နိုင်ငံတကာငွေကြေးစနစ်တွင် အကျပ်အတည်းဆိုက်နေပြီဖြစ်ရာ ရုရှား၊ တရုတ်၊ UAE ၊ ထိုင်းတို့မှတဆင့် လျှို့ဝှက် နိုင်ငံခြားငွေစာရင်းများဖြင့် ထိုးဖောက်ရန် ခက်ခဲစွာ ကြိုးစားရတော့မည်

တဖက်တွင်လည်း နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်ငွေ၊ ယွမ်ငွေများကို အသုံးပြုမည်ဟုဆိုသည်။ နယ်စပ်ကုန်သွယ်ရေး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သော်လည်း မြန်မာငွေ တန်ဖိုးကျမှု ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ လက်ရှိ ဘတ်ငွေဈေးမှာ တဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ရှိပြီး တရုတ်ငွေဈေးမှာလည်း တယွမ်ကို မြန်မာကျပ်ငွေ ၅၀၀ ကျပ်နီးပါး ရှိနေသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်သတ်မှုကြောင့် ကုန်သွယ်မှုတန်ဖိုး ကျဆင်းနေ၏။ အိန္ဒိယနယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေးမှာလည်း မြန်မာပြည်ဘက်မှ တိုက်ခိုက်မှုများကြောင့် တမူး-ကလေး ကားလမ်းပိတ်နေသကဲ့သို့ အိန္ဒိဘက်ခြမ်း မဏိပူရပြည်နယ်တွင်လည်း ကသည်းနှင့် ကူကီးချင်းများအကြား ပဋိပက္ခကြောင့် မငြိမ်မသက်ဖြစ်နေ၏။

တရုတ်နယ်စပ် လွယ်ဂျယ်ကုန်သွယ်ရေးဂိတ်အား မြန်မာစစ်တပ်က ကုန်စည်သယ်ဆောင်မှု ပိတ်ပင်ထား၏။ KIA အား ဖြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် ပိတ်ဆို့သည်ဟု ဆိုကြ၏။ တဖန် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင်လည်း ထီးခီ၊ မောတောင် နယ်စပ်ကုန်သွယ်ရေးများ စစ်ပွဲကြောင့် ပိတ်ဆို့မှုများ ဖြစ်နေသည့်အပြင် မြဝတီကုန်သွယ်ရေးလမ်းမှာလည်း မိုးများပြီး လမ်းပိုင်းလိုက် ပြိုကျများကြောင့် ပြင်ဆင်ရန် အနည်းဆုံး တလခန့်ကြာမည်ဟု သိရ၏။ ယခုလများကတော့ မြန်မာစစ်တပ်အတွက် တပူပေါ် နှစ်ပူဆင့်သည့် လများဖြစ်၏။

WFP က ဆန်ဝေမှုကို တန်းစီစောင့်ဆိုင်းထုတ်ယူကြသူများ

ထို့ပြင် ဩဂုတ်လဆန်းပိုင်း ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်များမှာ ပြင်းထန်လာ၏။ နယ်စပ်ကုန်သွယ်ရေးလိုင်စင် လျှောက်ရန် ကုန်သည်၏ ဘဏ်စာရင်းတွင် ငွေအမှန်တကယ်မရှိဘဲ ဘဏ်များမှ ပြငွေ (show money) အနေဖြင့် ပေးကြသည်ကို လုံးဝခွင့်မပြုတော့ပေ။

ဘဏ်များကို ဝင်ရောက်စစ်ဆေး၍ တွေ့ရှိက အရေးယူမည်ဟု လည်းကောင်း၊ ငွေလဲနှုန်းများကို ပုဂ္ဂလိကဘဏ်များက ထိန်းသိမ်းပေးရန်၊ အချို့ကုမ္ပဏီ ကြီးများမှ ဗဟိုဘဏ် သို့မဟုတ် ကုန်သည် အချင်းချင်းမှ သော်လည်းကောင်း ပေါက်ဈေးထက် ပိုပေးဝယ်ခြင်း၊ သွင်းကုန်သမားနှင့် ထုတ်ကုန်သမားများကို ချိတ်ပေးကြောင်း သိရပါက ဘဏ်လိုင်စင်သိမ်းမည်ဟု လည်းကောင်း၊ ပို့ကုန် နိုင်ငံခြားငွေ ပြန်မဝင်သူများကို အရေးယူမည်ဟု လည်းကောင်း၊ နိုင်ငံခြားငွေ ရောင်းဝယ်မှုစာရင်းများကို နေ့စဉ်တင်ရမည်ဟူ၍ လည်းကောင်း တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်လာသည်ကို တွေ့ရရာ မှောင်ခိုလမ်းကြောင်းကို ပိုအားပေးသကဲ့သို့ ဖြစ်၏။ စီးပွားရေးအရ မှောင်ခိုဈေးကွက် ကြီးလာလေ ငွေကြေးမှောင်ခိုဈေးကွက်သည်လည်း ကြီးလာမည်သာ ဖြစ်၏။

နှစ်သောင်းကျပ်တန် နှင့် ရွှေဈေး

ဤအကျပ်အတည်းများကြား နှစ်သောင်းကျပ်တန် အသစ်ထွက်မည်ဆိုသည့် သတင်းကြောင့် လူထုကြား လှုပ်ခတ်မှုကြီး၏။ ငွေစက္ကူများ တရားမဝင် သုံးကြိမ် ကြေညာသည်ကို မြန်မာလူထုကြုံခဲ့ဖူးသည်။ ငွေစက္ကူများ အသစ်များ အကြိမ်ကြိမ် ထပ်မံရိုက်ထုတ်၍ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည်ကို မြန်မာလူထုကြုံခဲ့ဖူးသည်။

ဘဏ်ထဲက နိုင်ငံခြားငွေများကို ကြိုက်ဈေးနှင့် ဖြတ်လဲပြီး အေးဓားပြတိုက်သည်ကို လည်းကြုံခဲ့ရသည်။ ဤအခြေအနေများသည် ဘာမဆို လုပ်ရဲသော၊ ရမ်းကားသော၊ ဆင်ခြင်တုံတရား ကင်းမဲ့သော စစ်ဗိုလ်များ အုပ်ချုပ်စဉ်ကာလတလျှောက် ကြုံခဲ့ရသော ဖြစ်ရပ်များဖြစ်သဖြင့် လူထုက မြန်မာစစ်ကောင်စီကို အယုံအကြည် မရှိကြ။ သို့နှင့် မြန်မာငွေတန်ဖိုးက ပို၍ကျဆင်းလာသည်။

အထိမ်းအမှတ်အဖြစ် အနည်းငယ် ထုတ်ဝေပါသည်ဆိုသည့် စစ်ကောင်စီ၏ ဖြေရှင်းချက်ကို မည်သူမျှ အယုံအကြည် မရှိကြပေ။ အထူးသဖြင့် စစ်သုံးစရိတ် ကျပ်ငွေ ဘီလီယံ ၅,၇၀၀ အထိ မြှင့်တင်ထားသည့် ကာလမျိုးတွင် ပို၍လက်ခံရန် ခက်ခဲ၏။ အချိန်မရွေး ဈေးကွက်တွင်းသို့ လမ်းကြောင်းမျိုးစုံမှ ဝင်လာနိုင်သဖြင့် ကျပ်ငွေကို ယုံကြည်မှု ကျဆင်းပြီး ငွေတန်ဖိုးပို၍ ကျဆင်း၏။

အထိမ်းအမှတ်အဖြစ် အနည်းငယ် ထုတ်ဝေပါသည်ဆိုသည့် စစ်ကောင်စီ၏ ဖြေရှင်းချက်ကို မည်သူမျှ အယုံအကြည် မရှိကြပေ။ အထူးသဖြင့် စစ်သုံးစရိတ် ကျပ်ငွေ ဘီလီယံ ၅,၇၀၀ အထိ မြှင့်တင်ထားသည့် ကာလမျိုးတွင် ပို၍လက်ခံရန် ခက်ခဲ၏။

၂၀၂၁ ခုနှစ် အာဏာသိမ်းခါစက ရွှေဈေး ၁၁ သိန်းခန့်သာ ရှိသော်လည်း ယခုအခါ ၃၇ သိန်း ရှိ၏။ ရွှေဈေးတက်၍ ရွှေကုန်သည်များကို ဖမ်းသဖြင့် ရွှေဈေးကွက်လည်း မှောင်ခိုဈေးကွက် ဖြစ်သွား၏။ ပြည်တွင်း၌ ရွှေဈေးမြင့်လျှင် လိုအပ်ချက်ရှိလျှင် နိုင်ငံခြားမှရွှေများ ပြည်တွင်းသို့ မှောင်ခိုစီးဝင်ပြီး ပြည်တွင်း၌ ရွှေဈေးနိမ့်လျှင် ပြည်ပသို့ မှောင်ခိုထွက်သည်ဖြစ်ရာ စစ်ကောင်စီ မထိန်းနိုင်ပေ။ ပြည်တွင်းထွက်သည့်ရွှေသည် ပြည်တွင်း ဖူလုံရမည်ဟုဆိုပြီး စစ်ကောင်စီသည် ရွှေနှင့် ဆန် မှားနေပုံရ၏။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
527

ထို့ပြင် ငွေကြေးဈေးကွက်၊ ရွှေဈေးကွက်သာမက အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်ကိုပါ ထိန်းချုပ်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။ မဆလ ခေတ်အတွေ့အကြုံများအရ ချုပ်ကိုင်မှုများလေ မှောင်ခိုများလေဖြစ်ပြီး ကိုင်တွယ်ပုံကြမ်းလျှင် ပစ္စည်းဈေးတက်သည်ထက် ပစ္စည်းရှားပါးပြတ်လတ်မည် ဖြစ်သည်။

အရင်းခံပြဿနာ

တိုင်းပြည်တပြည်၏ ပြုပြင်ပြောင်းလဲမှု ဆိုကြရာတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသာမက စီးပွားရေး ပြုပြင်ပြောင်းလဲမှုလည်း ပါဝင်၏။ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသာမက စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့၏။ ငွေကြေးနှင့် ဘဏ်စနစ်များ ပြောင်းလဲခဲ့၏။ နိုင်ငံခြားငွေလဲနှုန်းအား နှုန်းရှင်သတ်မှတ်ခဲ့၏။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာခဲ့၏။ ဈေးကွက်စီးပွားရေးစနစ် စတင်ခဲ့၏။

လက်ရှိ စစ်ကောင်စီလက်ထက်တွင်မူ ဦးသိန်းစိန် လက်ထက်က စတင်ခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ရပ်ဆိုင်း၊ ဖျက်ဆီးခံခဲ့ရပြီး ဈေးကွက်စီးပွားရေးလည်း ပျက်စီးသွားခဲ့၏။ ဤအချက်ကို စစ်ကောင်စီလည်း ဝန်ခံခဲ့ရပြီဖြစ်၏။

လက်ရှိ စစ်ကောင်စီလက်ထက်တွင်မူ ဦးသိန်းစိန် လက်ထက်က စတင်ခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ရပ်ဆိုင်း၊ ဖျက်ဆီးခံခဲ့ရပြီး ဈေးကွက်စီးပွားရေးလည်း ပျက်စီးသွားခဲ့၏။ ဤအချက်ကို စစ်ကောင်စီလည်း ဝန်ခံခဲ့ရပြီဖြစ်၏။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ထပ်မံ သက်တမ်းတိုးခဲ့သော စစ်ကောင်စီသည် ၎င်းအာဏာသိမ်းစဉ်က ထုတ်ပြန်ခဲ့သော ဦးတည်ချက်များထဲမှ “ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည်ကို ဖယ်ရှားခဲ့ပြီး မည်သည့်စနစ်နှင့် ဆက်သွားမည်ကို တိတိပပ မပြောနိုင်တော့ဘဲ ဈေးကွက်စီးပွားရေးစနစ် အကောင်အထည် မဖော်နိုင်တော့သည်ကို ဝန်ခံလိုက်ရပြီ ဖြစ်၏။

ဦးသိန်းစိန်လက်ထက် ဈေးကွက်စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေခံပေါ်မှ လာသည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမရှိဘဲ စီးပွားရေး ပြုပြင်လဲမှု ရှိနိုင်မည် မဟုတ်ရာ မြန်မာစစ်ကောင်စီအဖို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မရှိဘဲ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ဘဲ စီးပွားရေး အကြပ်အတည်းနှင့် ငွေကြေးဖောင်းပွမှု နွံထဲမှ ရုန်းထွက်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် အပေါ်ယံ နိုင်ငံရေးပြောင်းလဲမှုမျိုးဖြင့်လည်း စီးပွားရေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

Hyperinflation ဖြစ်ဖို့ကို ဦးတည်နေတယ်

“ကျမတို့ အငတ်ခံကြတယ်”

ကျပ်နှစ်သောင်းတန်ကြောင့် အခြေခံစားသောက်ကုန်များ အတက်ကြမ်း

မြန်မာ့စီးပွားရေးတွင် အထိနာကျန်ခဲ့မည်

Your Thoughts …
Tags: MFTBMICBSliderUOBကုန်ဈေးနှုန်းငွေကြေးဈေးကွက်ငွေကြေးဖောင်းပွမှုစစ်သုံးစရိတ်စီးပွားရေးဈေးကွက်စီးပွားရေးလောင်စာဆီဈေး
ဝေမင်းထွန်း

ဝေမင်းထွန်း

ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ

မြန်မာ့အရေးကြောင့် အာဆီယံသို့ အရှေ့တီမော ဝင်ရောက်ရေး ဆုံးဖြတ်ရ ခက်နေ

ဖားကန့်မြေပြိုမှု အလောင်း ၂၅ လောင်း ပြန်တွေ့ထား

ဖားကန့်မြေပြိုမှု အလောင်း ၂၅ လောင်း ပြန်တွေ့ထား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved