ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်နဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံပြည်သူ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေး စယ်လန့်ကျေးရွာအုပ်စု ဂေါင်ရာကျေးရွာအနီးမှာ ဩဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပြည်သူ့စစ်တပ်ဖွဲ့တွေအပါအဝင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
TNLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တဦးက “မနေ့ည တညလုံး တိုက်တာ။ ဒီမနက် ၁ နာရီထိဘဲ။ အခုထိ မအိပ်ရသေးဘူး“ လို့ ဧရာဝတီကို ပြောပါတယ်။
စယ်လန့်ကျေးရွာအုပ်စုနားမှာရှိတဲ့ TNLA တပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ဆင်ရေး လုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂ ရက်နေ့မှာ TNLA ရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းခံလိုက်ရပြီး သေဆုံးမှုနဲ့ လက်နက်ခဲယမ်း အများအပြား ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အဲဒီတိုက်ပွဲမှာ အမှတ် (၉၉) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခလရ ၄၂၀၊ ၄၁၇ တပ်ရင်းတွေ အပြင် နမ်းခမ်းမြို့မ ပြည်သူ့စစ်နဲ့ ဒေသခံပူးပေါင်း ပြည်သူ့စစ်တပ်ဖွဲ့တွေကို အသုံးပြုခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
ရက်ဆက်ဖြစ်နေတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေကြောင့် စယ်လန်နဲ့ နမ့်ကပ်ကျေးရွာအတွင်းက လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသားတဦးလည်း သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် စယ်လန့်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ဂေါင်ရာရွာသစ်၊ မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ နမ့်ကတ်၊ ဖိုင်မောဝ်၊ စယ်လန့်၊ ဖိုင်ကျောင်းကျေးရွာ စတဲ့ ကျေးရွာ ၈ ရွာက ဒေသခံ ၂ ထောင်ကျော်ဟာ မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်၊ စွမ်စော်ရပ်ကွက်နဲ့ နမ့်ခမ်းမြို့နယ် တုန်ခွမ်ရွာတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
စစ်ရှောင်တွေ ခိုလှုံရာ နေရာအသီးသီးမှာ ဒေသတွင်းက လူမှုကူညီရေးအဖွဲ့တွေသာ နေထိုင်ဖို့ အကူအညီတွေပေးနေပြီး စားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေသေးတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက ပြောပါတယ်။
မြို့ပေါ်ရောက်လာတဲ့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက “လူက ထပ်တိုးနေတော့ ဆန်တွေ မလုံလောက်သေးဘူး။ အိပ်ယာခင်းတွေ စောင်တွေလည်း အားလုံးမရှိသေးဘူး။ အကူညီတော့ အများကြီးလိုနေသေးတယ်“ လို့ ဧရာဝတီကို ပြောပါတယ်။
စယ်လန့်ကျေးရွာအုပ်စု အနီးမှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ TNLA တို့အကြားမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေသေးတာကြောင့် စစ်ရှောင်တွေဟာ နေအိမ်တွေကို ပြန်သွားနေထိုင်ဖို့ အဆင်မပြေသေးဘူးလို့ သိရပါတယ်။
အလားတူ ဩဂုတ်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီခန့်ကလည်း ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်အကြား ခိုမုန်းကျေးရွာအနီးက လွယ်နောတောင်ကို စစ်ကောင်စီရဲ့ စကခ – ၁၇၊ ခမရ – ၅၇၇၊ ရမခ/ခရလ – ၄၅တပ်တို့ ထိုးစစ်ဆင်လာတာကြောင့် ၂ ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။