ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကွတ်ခိုင်မြို့နယ်အကြားက ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်စခန်းကို စစ်ကောင်စီက ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီကို အတည်ပြုပါတယ်။
နယ်စပ် ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာနဲ့ ၃ မိုင်ကျော်သာကွာဝေးတဲ့ တောင်ကုန်းပေါ်က TNLA တပ်စခန်းကို စက်တင်ဘာ လဆန်းပိုင်းကတည်းက အာဏာသိမ်း စစ်တပ်က ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့ကတော့ ရဟတ်ယာဉ်တွေသုံးပြီး ချေမှုန်းဖို့ ကြိုးစားခဲ့တာလို့ သိရပါတယ်။
ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “မနေ့ကတော့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိတယ်။ ကျနော်တို့ တပ်စခန်းတွေ ထိခိုက်ပျက်စီးမှု ဘာမှမရှိခဲ့ဘူး။ သူတို့ဘက်က ဒီတိုင်း တောထဲမှာ လေကြောင်းနဲ့ ရမ်းသမ်းပစ်ခတ်သွားတာ။ ကျနော်တို့ လူတွေလည်း ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူး“ လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) လက်အောက်ခံ အမှတ် (၁၇) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၄ ရင်း အပြင် စစ်တပ် ဩဇာခံ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်တွေရဲ့ စစ်ကူရယူပြီး ပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့ ထိုးစစ်ဆင်ခဲ့သလို အဝေးထိန်း ဒရုံန်းတွေနဲ့ပါ (၆၀) မမ ဗုံးသီးတွေချိတ်ဆွဲပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ တိုက်ပွဲဟာ ညနက်တဲ့ အထိဖြစ်ပွားခဲ့ပြီး TNLA ဘက်က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ လက်နက်ငယ်တချို့ကို သိမ်းဆည်းရမိခဲ့တာ ရှိတယ်လို့ တားအိုက်ကျော်က ပြောဆိုထားသလို စက်တင်ဘာ ၂၁ ရက်နေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့ကြောင်း မြေပြင် တပ်ဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးက ခိုမုန်းကျေးရွာထဲမှာတော့ တစုံတရာ ထိခိုက်ပျက်စီးတာ မရှိခဲ့သလို ဒီတိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးတော့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပါဘူး။
ဒါအပြင် မူဆယ်-နမ့်ခမ်းလမ်းမကြီးအနီး နမ့်ကပ်ကျေးရွာအုပ်စု TNLA တပ်စခန်းရှိရာ လွယ်တေမှိုင်းတောင်ကို စစ်ကောင်စီတပ်နဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ဒီနေ့အချိန်ထိ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပါတယ်။
လွယ်တေမှိုင်းတောင်ဟာ မူဆယ်-နမ့်ခမ်း-ကွတ်ခိုင်စတဲ့ မြို့ ၃ ခုရဲ့ နယ်စပ်ကျရာ တောင်ကုန်းတခုဖြစ်ပြီး စစ်ရေးအရ နယ်မြေစိုးမိုးမှုရယူနိုင်ဖို့ စစ်ကောင်စီတပ်က အကြိမ်ကြိမ် ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အမည်မဖော်လိုတဲ့ မိုင်းဆတ်ရွာခံတဦးက “ဒီနေ့ တိုက်ပွဲ ပိုပြင်းထန်မယ်လို့ ပြောနေကြတယ်။ မိုင်းဆတ်ရွာခံတွေလည်း ကား ၄ စီးနဲ့ ဒီမနက်ကဘဲ ပြေးကုန်ကြပြီ။ စစ်ကောင်စီက ဂေါင်ရာရွာထဲမှာ နေပြီးပစ်နေတာ“ လို့ ဒီကနေ့မနက်ပိုင်းက ဧရာဝတီကို ပြောပါတယ်။
ဒီနှစ် ဩဂုတ် လဆန်းပိုင်းကနေ စတင်ပြီး စစ်ကောင်စီရဲ့ ဝင်ငွေအများအပြားရရှိနေတဲ့ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်မှာ TNLA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း နမ့်ကပ်ကျေးရွာအနီးက တိုက်ပွဲကြောင့် မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ စယ်လန့်နဲ့ နမ့်ကတ်ကျေးရွာတို့က ရွာခံ လူဦးရေ ၁ ထောင်ကျော်ဟာ မူဆယ်-နမ့်ခမ်းလမ်းမကြီးဘေးက တုန်ခွမ်ရွာနဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာတွေထဲ တိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။