မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများကြောင့် စစ်ရှောင်လာသည့် အမျိုးသား ၆ ဦးကို စစ်ကောင်စီက မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်အစပ်ရှိ သရက်ကိုင်းကျေးရွာအနီးတွင် နိုဝင်ဘာ ၁၇ ရက်က ဖမ်းဆီးပြီးသတ်ဖြတ် ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အသတ်ခံရသူများမှာ မတ္တရာမြို့နယ် အရှေ့ခြမ်းကင်းကျေးရွာမှ ၂၅ နှစ်အရွယ် ကိုမင်းငယ်တာ၊ အသက် ၄၀ ဝန်းကျင်ရှိ ကိုသောင်းရင်၊ ကိုဖိုးထောနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းရွာမှ ကိုထွန်း(၁၈နှစ်)၊ ကိုပြုံး(၂၂နှစ်) ကိုမုန်း(၂၅နှစ်) တို့ ညီအကိုတစုဖြစ်ကြောင်း၊ ၎င်းတို့အလောင်း များကို နိုဝင်ဘာ ၁၈ ရက်တွင် အောင်သပြေရွာရှိ အယ်လ်ဖာဘိလပ်မြေ စက်ရုံသို့သွားရာ ကွန်ကရစ်လမ်းဘေးရှိ သရက်ကိုင်းကျေးရွာအနီး၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။
မတ္တရာမျိုးမှန်တပ်ဖွဲ့မှ ကိုဒေါင်းလမ်းက “ကင်းကျေးရွာသားတွေက သူတို့ရွာမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ သရက်ကိုင်း ဘက်က သစ်စက်လုပ်ငန်းဘက်ကို စစ်ရှောင်ရင်းရောက်နေကြတဲ့သူတွေ ဖြစ်တယ်။ အဲဒါကို အယ်လ်ဖာဘိလပ်မြေ စက် ရုံမှာ အထိုင်ချထားတဲ့ စစ်သားတွေက ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်သွားကြတာပါ” ဟု ပြောသည်။
သတ်ဖြတ်ခံရသူများထဲမှ ကင်းကျေးရွာသားများသည် ရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် သရက်ကိုင်းကျေး ရွာအနီးရှိ သစ်စက်ဝင်းအတွင်းသို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်နေသူများဖြစ်ကြောင်း ဒေသခံများကလည်း ပြောဆိုသည်။
ထို့ပြင် သတ်ဖြတ်ခံရသည့် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာသားများမှာလည်း စိုက်ခင်းမှလုပ်ငန်းသိမ်းပြီးအပြန် ဆိုင်ကယ်တစီးတည်း ၃ ယောက်စီးသည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
၎င်းတို့အား အောင်သပြေကျေးရွာရှိ အယ်ဖာဘိလပ်မြေစက်ရုံတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များ နိုဝင်ဘာ ၁၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
သရက်ကိုင်းရွာသားတဦးက “ကင်းရွာနဲ့ သရက်ကိုင်းက တောလမ်းအတိုင်း ဖြတ်ချလာမယ်ဆိုရင် ၅ မိုင် လောက်ပဲ ဝေးတာပါ။ ကင်းရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ဒီဘက်ကို မိသားစုလိုက် ရှောင်လာကြတဲ့သူတွေပါ။ သူတို့ကို ဘယ်ကလဲလို့ မေးတော့ ကင်းရွာကလို့ ပြောလိုက်တာကြောင့် PDF ရွာကဆိုပြီး ဖမ်းပြီး အခုလိုသတ်လိုက်တာ၊ သရက်ကိုင်းက ကလေး ၃ ယောက်ကတော့ စိုက်ခင်းကနေအပြန် ဆိုင်ကယ်တစီးကို ၃ ယောက်စီးလို့ ဆိုပြီး ဖမ်းတာ ကနေ အသတ်ခံလိုက်ရတာ။ နောက်ရက်ကျတော့ အလောင်းတွေ အကုန်လုံး တနေရာတည်းမှာပဲ တွေ့တာ”ဟု ပြောသည်။
အသတ်ခံရသည့် အလောင်းများကို ဒေသခံရွာများက နိုဝင်ဘာ ၁၉ ရက်နေ့တွင် သဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
မတ္တရာနယ်မြို့နယ် အရှေ့ခြမ်းတွင် နိုဝင်ဘာ ၁၃ ရက်နေ့မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်များက မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ “တောင်သမန် စစ်ဆင်ရေး” ကို ဆင်နွှဲလျက် ရှိရာ ယနေ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ တော်လှန်ရေးအင်အားစုများထံ သိရသည်။
မတ္တရာမြို့နယ်ရှိ ကင်းကျေးရွာသည် အိမ်ခြေ ၁ ထောင်ကျော်ရှိသော ကျေးရွာကြီး တရွာဖြစ်ကာ PDF တပ်ဖွဲ့ဝင်များရှိ သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက် စီးနင်းလေ့ရှိသဖြင့် ကင်းရွာမှ ဒေသခံများမှာ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောအုပ်စုရှိ အောင်သပြေ၊ သရက်ကိုင်း ကျေးရွာများဘက်သို့ စစ်ဘေးရှောင်ကြသလို တချို့ မှာ မန္တလေး၊ မတ္တရာမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြကာ ဘေးကင်းမည့် လယ်တဲ၊ တောင်ယာတဲများသို့ ရွာလုံးကျွတ် ရွှေ့ပြောင်းနေထိုင်ကြကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက်က မတ္တရာ- စဉ့်ကူးမြို့နယ်အစပ် ပတ်လည်အင်းရွာထိပ် ဘိုးတော်တောင်ခေါ် ယက္ကန်းစင်တောင် အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုတွင် စစ်ကူပေးရန်လာသည့် အင်ကြင်းမြိုင် လေကြောင်း ရန် ကာ ကွယ်ရေးတပ်မှ မတ္တရာ-စဉ့်ကူးမြို့နယ်အစပ် အောင်ကန်သာကျေးရွာ မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ လက်ဖက် ရည်ဆိုင်ကို စီးနင်းကာ ဆိုင်ရှင်မိသားစု အပါအဝင် အရပ်သား ဒေသခံ ၁၁ ဦးကို ပစ်သတ်ခဲ့သည်။
ကင်းရွာအနီးဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့်၊ လေကြောင်း ပစ်ခတ်ခြင်းများ ကြောင့် ကင်းကျေးရွာ မှ အသက် ၇၈ နှစ်အရွယ် ဒေါ်အုန်းကြည်မှာ ကျည်စထိမှန် ဒဏ်ရာရပြီး နိုဝင်ဘာ ၁၅ တွင် သေ ဆုံးခဲ့သလို အရပ်သား အမျိုးသားတဦး ထိမှန်ဒဏ်ရာရခဲ့သဖြင့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးထားကြောင်း၊ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာများမှ နွား ၈ ကောင်ခန့်လည်း သေဆုံးခဲ့ရသည်ဟု သိရသည်။
ယခုအခါ မတ္တရာအရှေ့ခြမ်းရှိ ထုံးဘို၊ တောင်ကန်၊ ကင်း၊ အောင်ချမ်းသာ၊ မန်ကျီးကုန်း၊ မြောင်းဦး၊ လက်ဝဲကြီး၊ ကျောက်တံတား စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသလို တိုက်ပွဲများကြောင့် ကျေးရွာ ၈ ရွာခန့်မှ စစ်ရှောင် ၈ ထောင်ကျော်ခန့်ထိရှိပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် နေထိုင်ရန် အတွက် မိုးကာများ၊ ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံက သိရ သည်။
မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများကြောင့် တိုက်ပွဲဧရိယာအတွင်းနှင့် အနီးဝန်းကျင်ရှိ ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းရန်၊ ဗုံးခိုကျင်းများတူးထားကြရန် မတ္တရာမျိုးမှန်တပ်ဖွဲ့က သတိပေးထားသည်။
မတ္တရာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ အုပ်စု၊ ကျေးရွာပေါင်း ၂၈၆ ရွာရှိပြီး အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူး မြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်တခုဖြစ်သလို လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသော မတ္တရာမြို့ နယ် အရှေ့ခြမ်းနှင့် မတ္တရာမြို့များသို့ မန္တလေးမြို့မှ ကား၊ ဆိုင်ကယ်တို့နှင့် သွား ပါက ၁ နာရီခန့်သာ မောင်းနှင်ရသည့် အကွာအဝေး၌ တည်ရှိသည်။
You may also like these stories:
တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာရှောင်ရန် မတ္တရာ PDF သတိပေး
ဘုတလင်ဆေးရုံအုပ်နှင့် ကျန်းမာရေး ဝန်ထမ်းများ ထွက်ပြေး၍ ဆေးရုံပိတ်ထားရ














