မန္တလေးမြို့နှင့် မိုင် ၃၀ အကွာ မတ္တရာမြို့နယ်အရှေ့ဘက်ရှိ စစ်ကောင်စီစခန်းကုန်းတခုအား ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး (MDY-PDF) တို့က နိုဝင်ဘာ ၂၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း MDY-PDF ၏ စစ်ဦးစီးအဖွဲ့ဝင် ကိုအော်စမွန်က ဧရာဝတီကို ပြောသည်။
တောင်သမန်စစ်ဆင်ရေးအဖြစ် ယင်းစခန်းကုန်းအား ပူးပေါင်းတပ်များက နိုဝင်ဘာ ၂၇ ရက် နံနက် ၈ နာရီတွင် စတင် တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၁၀ နာရီခွဲ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းက “မနေ့ကဖြစ်ခဲ့တဲ့ မတ္တရာမြို့နယ်အတွင်းက တိုက်ပွဲက တောင်သမန်စစ်ဆင်ရေးအနေနဲ့ပဲ မဟာမိတ်အဖွဲ့ TNLA နဲ့ပူးတွဲပြီး ဖော်ဆောင်ခဲ့တာဖြစ်တယ်။ စခန်းကုန်းကတော့ ဂျိုပင်ကျေးရွာနဲ့ သဖန်းကိုင်းကျေးရွာအနီးမှာရှိတဲ့ စခန်း ကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၁၅ လောင်းနှင့် လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့သလို ၄ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း MDY-PDF က တယ်လီဂရမ်ချန်နယ် တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသလို TNLA ကလည်း သတင်းထုတ်ပြန်ထားသည်။
ကိုအော်စမွန်က “ကျနော်တို့ စစ်ရေးရည်မှန်းချက်တွေကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော် လုပ်ဆောင်နေပါ တယ်။ ကျနော်တို့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို ဒဏ်ရာရသူတွေကို ဆေးကုသပေးထားတယ်။ ကောင်းကောင်းမွန်မွန် ပဲ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်” ဟု ပြောသည်။
အဆိုပါ စခန်းသိမ်းခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီစခန်းရှိရာ သဖန်းကိုင်းကျေးရွာသည် မတ္တရာမြို့အရှေ့ဘက် ၁၀ မိုင်ဝန်းကျင်အကွာ မန္တလေးမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိပြီး လက်ရှိတွင် မတ္တရာမြို့အတွင်း တိုက်ပွဲများ ငြိမ်သက်လျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့ ဒေသခံတဦးက “မတ္တရာမြို့ပေါ်မှာတော့ ကင်းပုန်းတွေချထားတယ်။ စစ်ကောင်စီက အဖွဲ့တွေခွဲပြီး စစ်ကြောင်းဝင်တာလည်း ရှိတယ်” ဟု ပြောသည်။
မန္တလေး PDF နှင့် မဟာမိတ် TNLA ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ အခြေစိုက်စခန်းများကို တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်နေသလို မန္တလေးတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ဗျူဟာမြောက်တိုက်ပွဲများ ဖော် ဆောင်လျက်ရှိကြောင်း MDY-PDF က အသိပေးထုတ်ပြန်ထားသည်။
ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး မစခင်ကတည်းက TNLA၊ MDY-PDF ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါ စစ်ဆင်ရေးစတင်ချိန်၌ MDY-PDF က “တောင်သမန် စစ်ဆင်ရေး” ကြေညာကာ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့တွင် စစ်ကောင်စီတပ်များကို တိုက် ခိုက်လျက်ရှိသည်။
အောက်တိုဘာ ၂၆ ရက်တွင် တောင်သမန်စစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် ၁ လအတွင်း မတ္တရာ၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်တို့အတွင်း TNLA၊ MDY-PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၃၇ ကြိမ် ဖြစ်ပွားခဲ့ကာ မတ္တရာမြို့နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲအရေအတွက် ၈ ကြိမ် ပါဝင်ကြောင်း MDY-PDF ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၉၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ၁၁ ဦးကို အရှင်ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ သေဆုံးစာရင်းများနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
၁ လတာတိုက်ပွဲများအတွင်း မန္တလေး PDF ဘက်ကလည်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ ၃၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
မတ္တရာမြို့နယ်အရှေ့ခြမ်း တိုက်ပွဲများကြောင့် တိုက်ပွဲဧရိယာအတွင်းနှင့် အနီးဝန်းကျင်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းရန်၊ ဗုံးခိုကျင်းများ တူးထားကြရန်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသိပေးနှိုးဆော်ထားသည်။
You may also like these stories:
နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်
ဒိုးပင်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများကြောင်း မန္တလေး PDF ပြော
ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်














