မြန်မာစစ်ကောင်စီသည် နိုင်ငံတဝန်းမှ စစ်မျက်နှာ အများအပြားတွင် သိက္ခာကျစေသည့် စစ်ရေးချေမှုန်းများ ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီ လုံခြုံရေးအကြံပေးနှင့် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးတို့သည် လုံခြုံရေးနှင့် စစ်ရေးကိစ္စများ ညှိနှိုင်းတိုင်ပင်ရန် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသည်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးညှိနှိုင်းတိုင်ပင်ခြင်းကို စစ်ကောင်စီ လုံခြုံရေးအကြံပေးနှင့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင် ပက်ထရူရှက်ဗ်တို့ နေပြည်တော်တွင် ကျင်းပသည်။
ရုရှားနှင့် မြန်မာစစ်ကောင်စီတို့သည် နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ သတင်းအချက်အလက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြား အပြန်အလှန် ဆက်သွယ်ရေး၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြောင်း စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြသည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပက်ထရူရှက်ဗ်တို့သည် မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စစ်ကောင်စီ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ရုရှားလုံခြုံရေး အတွင်းရေးမှူးတို့သည် နိုင်ငံတကာသတင်းအချက်အလက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည်ဟု စစ်ကောင်စီ သတင်းစာမျက်နှာတခုက ဖော်ပြသည်။ သို့သော် ထိုသတင်းစာမျက်နှာက နားလည်မှု စာချွန်လွှာများကို အသေးစိတ် ဖော်ပြခြင်း မရှိပေ။
အောက်တိုဘာလ နှောင်းပိုင်းတွင် စတင်သည့် နိုင်ငံတဝန်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၎င်းတို့မဟာမိတ်များ၏ အောင်မြင်သော ထိုးစစ်ကြောင့် စစ်ကောင်စီအတွက် ဆုံးရှုံးမှုများဖြစ်နေစဉ် စစ်ကောင်စီကို လက်နက် အဓိက ရောင်းချသည့် နိုင်ငံဖြစ်သော ရုရှားတို့ ညှိနှိုင်းတိုင်ပင်ခြင်းနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။
ကျယ်ပြန့်လာသည့် ခုခံတော်လှန်ရေး ထိုးစစ်အတွင်း စစ်ကောင်စီသည် မြို့ပေါင်း ၂၀ နီးပါးနှင့် စခန်းပေါင်း ၃၀၀ ကျော်ကို လက်ရှိအချိန်အထိ ဆုံးရှုံးသည်။ တပ်ရင်းတခုလုံး လက်နက်ချခြင်း အပါအဝင် စစ်ကောင်စီ စစ်သာရာပေါင်းများစွာ လက်နက်ချသည်။
မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံမှ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချသောကြောင့် နိုင်ငံတကာက ဝိုင်းကျဉ်ခံရသော်လည်း ရုရှားသည် တရုတ်နှင့်အတူ စစ်ကောင်စီ၏ နိုင်ငံတကာမိတ်ဖက် အနည်းငယ်အနက် တနိုင်ငံဖြစ်သည်။ ထိုနှစ်နိုင်ငံလုံးသည် စစ်ကောင်စီနှင့် စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးအရ ဆက်ဆံနေသလို လက်နက်ရောင်းချမှုနှင့် အခြားနယ်ပယ်များတွင်လည်း ထိတွေ့ဆက်ဆံနေသည်။
သို့သော် တရုတ်သည် လက်ရှိထိုးစစ်များတွင် နယ်စပ်အနီးမှ တိုင်းရင်းသား လက်နက်ကိုင်များကို ထောက်ခံနေသည်ဟု စစ်ကောင်စီက သံသယရှိသောကြောင့် တရုတ်ကို စိတ်ပျက်ကြောင်း ဖော်ပြသည့်အနေဖြင့် စစ်ကောင်စီ ထောက်ခံသူများက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရန်ကုန်၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် ပြုလုပ်ခဲ့သည်။
စစ်ကောင်စီနှင့် ရုရှားအကြား ဆက်ဆံရေး ပိုမိုနွေးထွေးလာသည့် လက္ခဏာတခုမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို Order of Alexander Nevsky ဆု ပေးပြီး ဒုခေါင်းဆောင် စိုးဝင်းကို Order of Friendship ဆု ပေးခြင်းဖြစ်သည်။
ထိုဆုများကို ပက်ထရူရှက်က ၎င်းတို့ နှစ်ဦးထံ နေပြည်တော်တွင် ဒီဇင်ဘာလ ၄ ရက်နေ့က ပေးသည်။
ယခင်ကလည်း စစ်ကောင်စီခေါင်းဆောင်သည် ရုရှားစစ်ဘက်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့နှင့် ရုရှားသိပ္ပံအကယ်ဒမီ အရှေ့တိုင်းလေ့လာရေးဌာနမှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ရခဲ့သည်။
ရုရှားနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် အဖိုးမဖြတ်နိုင်သည့် မင်းအောင်လှိုင်၏ အားထုတ်မှုများအတွက် Order of Alexander Nevsky ဆုကို သူ့ကိုပေးကြောင်း စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta, Russian Officials Meet for Security, Military Consultations ကို ဘာသာပြန်သည်။)
You may also like these stories:
စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း
စစ်ကောင်စီပါမည့် ရုရှား- အာဆီယံစစ်ရေးလေ့ကျင့်မှု JFM ရှုတ်ချ
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးသစ် ရုရှားသွား
စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်