ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် (တအာင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီလို့ သတင်းရရှိပါတယ်။
နမ့်ဆန်မြို့က စစ်ကောင်စီတပ်ရဲ့ လက်ကျန် ဗျူဟာကုန်း တပ်စခန်းကို TNLA ဘက်က ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီခွဲခန့်မှာ သိမ်းပိုက်ရရှိခဲ့ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ခိုင်လုံတဲ့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒေသခံက “ညနေ ကတည်းက ဗျူဟာကုန်းကို သိမ်းလိုက်ပြီ။ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ၁၀ ကြိမ်ကျော်တောင် လာပစ်သွားတယ်။ မြို့ကိုတော့ TNLA ဘက်က အားလုံးသိမ်းလိုက်ပြီလို့ ပြောနိုင်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
နမ့်ဆန်မြို့သိမ်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး TNLA က အတည်ပြု ထုတ်ပြန်ချက်မတွေ့ရသေးသလို သတင်းပြန်ကြားရေး တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
TNLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တဦးကတော့ နမ့်ဆန်မြို့မှာ ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေကြောင်း ဧရာဝတီကို အတည်ပြုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က နမ့်ဆန် ဗျူဟာ အနီးနဲ့ မြို့တွင်းထဲကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တာကြောင့် နေအိမ်အများအပြားနဲ့ TNLA သိမ်းပိုက်ထားတဲ့ ရွှေဖီဦး တပ်မတော် လက်ဖက်စက်ရုံတွေ ထိမှန် ပျက်စီးခဲ့ပါတယ်။
ဒီလ ၁၀ ရက်နေ့ကစတင်ပြီး နမ့်ဆန်မြို့ရှိ ပြည်သူ့ဆေးရုံအနီး တပ်စခန်း၊ ကဒိုင်းဖူးတောင် တပ်စခန်း၊ ပတ္တမြားစေတီ (ကောင်းမှုဆိုင်) တပ်စခန်းနဲ့ မြို့တွင်းက ရဲစခန်းတွေကို TNLA ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ဆုံးလက်ကျန် နမ့်ဆန် ဗျူဟာကို သိမ်းပိုက်နိုင်တာဟာ မြို့ကို ထိန်းချုပ်လိုက်နိုင်တာဘဲ ဖြစ်ပါတယ်။
TNLA ဘက်က တပ်မဟာ (၂) အဖြစ် သတ်မှတ်ထားတဲ့ နမ့်ဆန်မြို့ဟာ တအာင်း လူမျိုးတွေ အများဆုံးနေထိုင်တဲ့ မြို့ဖြစ်ပြီး TNLA အဓိက လှုပ်ရှားရာမြို့လဲ ဖြစ်ပါတယ်။
နမ့်ဆန်မြို့နဲ့ တဆက်ထဲ ရှိတဲ့ မန်တုံမြို့၊ မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့တို့မှာတော့ လက်ကျန်တပ်စခန်းတွေကို TNLA ဘက်က ဆက်လက်စီးနင်းတိုက်ခိုက်နေပြီး မြို့တွေကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
အလားတူ ဒီကနေ့ မနက်အစောပိုင်းမှာလည်း TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ တရုတ်-မြန်မာ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး ရှိရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။