မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) က “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၎င်းတို့သိမ်းပိုက်လိုက် သည့် ချင်းရွှေဟော်နယ်စပ်ဂိတ်ကို မတ်လ ၁၁ ရက်နေ့က ပြန်ဖွင့်ပေးခဲ့သော်လည်း ကုန်သွယ်မှု မပြုနိုင်သေးကြောင်း သိရ သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ မှ မတ်လ ၃ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန် ချင်းရွှေဟော်ဂိတ်ကို လူဝင်လူထွက် ဖြတ်သန်း ခွင့်နှင့် ကုန်သွယ်မှုအတွက် ဖွင့်ပေးခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီက လာရှိုးမြို့နားမှစ၍ ပိတ်ထားသဖြင့် လတ်တလော ကုန်သွယ်မှု ပြုလုပ်နိုင်သည့်အခြေအနေမရှိကြောင်း ကုန်သည်များ က ပြောသည်။
တရုတ်နိုင်ငံသို့ ကုန်တင်ပို့နေသည့် လုပ်ငန်းရှင် တဦးက “ချင်းရွှေဟော်ကတော့ ကိုးကန့် အာဏာပိုင်တွေကတော့ ဖွင့်ပေး တယ်။ ဒါပေမယ့် ဒီဘက်က စကစဘက် လုံးဝမဖွင့်ပေးတဲ့အတွက် ဘယ်လိုမှ သွားလို့ မရဘူးဖြစ်နေတယ်။ ပြောရမယ် ဆိုရင်တော့ လားရှိုးကနေ စပိတ်ထားတာ။ လမ်းအခြေအနေလည်း မကောင်းဘူး။ ကားကြီးတွေလည်း သွားလို့မရဘူး။ မူဆယ်ကတော့ လက်ရှိ သွားလို့ မရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအခြေအနေများကြောင့် လတ်တလော တောင်ကြီး- ကျိုင်းတုံ- မိုင်းလားလမ်းနှင့် ကချင်ပြည်နယ် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှသာ ကုန်သွယ်မှုလုပ်နေပြီး ချင်းရွှေဟော်ဂိတ်နှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တရုတ် နိုင်ငံ ဘက်မှ တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးသဖြင့် တနိုင်တပိုင် ဒေသတွင်းကုန်သွယ်မှုသာ လုပ်ကိုင်နိုင်မည့် အခြေအနေသို့သာ ဆိုက်ရောက်သွားသည်။
ထို့ပြင် စစ်ကောင်စီဘက်မှ ပို့ကုန်/သွင်းကုန် မူဝါဒများကို တလလျှင် အနည်းဆုံး နှစ်ကြိမ်ခန့် အပြောင်းအလဲ ပြုလုပ် နေသောကြောင့်လည်း ကုန်သည်၊ လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်ဂိတ်များမှ တင်ပို့ရန် အခက်အခဲများ ရှိနေသည်။
နယ်စပ်ကုန်သည်ကြီးတဦးက “ဒီနှစ် တောင်သူ တော်တော်ရှုံးတယ်။ တရုတ်ပို့နေတဲ့ ငရုတ်သီး တကီလို ၂၅၀၀ လောက်မှ မြတ်မှာ အခုက ၆၀၀ လောက်ပဲ ရှိတော့ တော်တော့်ကို ရှုံးကြတယ်။ မူဆယ်တို့ ချင်းရွှေဟော်တို့ ပိတ်တော့ ဖရဲတွေဆို လည်း ပိုးဆိုးပက်စက်ပဲ၊ ချင်းရွှေဟော်ဖွင့်တယ် ဆိုပေမယ့် မနေ့ကအထိတော့ မသွားရသေးဘူး။ လာအိုနဲ့ တရုတ်နယ်စပ် ကလည်း လမ်းဖွင့်လိုက်တော့ လာအိုကလာတဲ့ ဖရဲက အနာအစာမရှိ ကျနော်တို့ဘက်က သွားတဲ့ ဖရဲက လမ်းခရီး အခက် အခဲနဲ့ ပျက်တာ ရှိတော့ တရုတ်တွေက လာအိုဘက်ပဲ ဆင်းဝယ်ကြ တာ၊ အဲဒီလို ဖြစ်နေတာ”ဟု ကုန်သွယ်ရေး အခြေအနေ ကို ဧရာဝတီသို့ ပြောသည်။
ထိုအခြေအနေများကြောင့်လည်း ယခုနှစ်တွင် သစ်သီးဝလံ စိုက်ပျိုးပြီး တရုတ်သို့ တင်ပို့သည့် ကုန်သည်၊ တောင်သူ များမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖြစ်သော မူဆယ်နယ်စပ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးဇုန်တို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA နှင့် TNLA က သိမ်းပိုက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ထို့ပြင် MNDAA က ချင်းရွှေဟော်မြို့၊ ကြူကုတ်(ပန်ဆိုင်း) မြို့နှင့် သိန္နီ၊ မုံးကိုး၊ ကွတ်ခိုင်၊ လောက်ကိုင်နှင့် ကုန်းကြမ်း မြို့များကို သိမ်းပိုက်ထားပြီး TNLA က မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အပါအဝင် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူနှင့် ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ထားသည်။
လက်ရှိ တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီနှင့် ညီနောင် ၃ ဖွဲ့အကြား အပစ်ရပ်နေသော်လည်း ပြီးခဲ့သော မတ်လ ၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့တွေ့ဆုံပွဲ၌ နယ်စပ် ကုန်သွယ်ရေးဇုန်များ ပြန်လည်ဖွင့်လှစ်ရေးနှင့် အခွန်ကောက်ခံမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်စပ် ဂိတ်များ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုတို့သည် တရုတ်နှင့် စစ်ကောင်စီ စီမံခန့်ခွဲမှုအောက်တွင်သာ ရှိကြောင်း တုံ့ပြန်ထားပြီး ကူမင်း၌ ညီနောင်သုံးဖွဲ့နှင့် တွေ့ဆုံသည့် အချက်များကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပါ။
ယင်းနယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်သည့်အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် ဧရာဝတီမှ MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ကုန်သည်များအနေဖြင့် လုပ်ငန်းခွန်နှင့် သွင်းကုန်ခွန်များတွင် ဆီ၊ မီးရှုးမီးပန်း၊ စီးကရက်နှင့် အရက်မှ လွဲ၍ အခွန် ကင်းလွတ်ခွင့်ပြုထားပြီး လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကောက်ခံမည်ဖြစ်ကြောင်း၊လုပ်ငန်းလိုင်စင် မလျှောက်ထားရသေးသော ကုန်သည်များအနေဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုနှင့် ကူးသန်းရောင်းဝယ် ရေးစီမံခန့်ခွဲမှုဌာနသို့ သွားရောက် လျှောက်ထားရန် ကြေညာထားသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး တွင် ပို့ကုန်တင်ပို့မှုမှာ ယခု ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ်လ ၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၉၇၂ ဒသမ ၃၅၈ သန်း တင်ပို့ထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် ဒေါ်လာ ၂၂၈၀ ဒသမ ၅၀၅ သန်း တင်ပို့ထားသောကြောင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၀၈ ဒသမ ၁၄၇ သန်း ကျဆင်းနေကြောင်း သိရသည်။
လက်ရှိ ဒေသတွင်း စိုက်ပျိုးရေးထွက်ကုန်များကို ရှမ်းပြည်အရှေ့ပိုင်း မိုင်းအထူးဒေသ ၄ မှ တဆင့် တရုတ်နိုင်ငံသို့ စစ်ကောင်စီနှင့် မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) တို့ ထံသို့ အခွန်နှစ်ထပ်ပေးဆောင်၍ တင်ပို့နေရခြင်း ဖြစ်သည်။
You may also like these stories:
ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား