ရှမ်းမြောက်ဒေသ နောင်ချိုမြို့အား သိမ်းပိုက်ထားသည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်များသည် တောင်ဘက် တောင်းခမ်းရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂) အား ဦးတည် ထိုးစစ်ဆင်လာရာ တိုက်ပွဲများဖြစ်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်တဦးက ပြောသည်။
နောင်ချိုမြို့နှင့် တောင်းခမ်းကြားရှိ ရေဖြူ၊ ကံကြီး၊ ရွှေမုဌောကျေးရွာတို့တွင် ဇူလိုင်လကုန်ပိုင်းက စတင်၍ TNLA ပူး ပေါင်းတပ်များနှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက် ရှိသည်။
ဩဂုတ် ၆ ရက်ကလည်း ရွှေမုဌောရွာသို့ စစ်အင်အား ဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA ပူးပေါင်းတပ် များ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်း ထုတ်ပြန်သည်။
ကျောက်မဲခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ ဘက်ကနေပြီးတော့ သူတို့ (စစ်တပ်)ကို ထိုးစစ် ဆင်နေတာပါ။ TNLA နဲ့ ကျနော်တို့ ပူးပေါင်းတပ်တွေ ၉၀၂ တပ်ဘက်ကို ထိုးစစ်ဆင်နေတာ” ဟု ပြောသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌တည်ရှိပြီး တောင်းခမ်းမြို့တွင် အမြောက်စခန်း ကွပ် ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့်အတူ ၎င်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်း (အမတ ၃၅၄၊ အမတ ၂၀၆၊ အမတ ၄၀၆) လည်း အခြေစိုက်ထားသည်။
မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေအတွင်း တခုတည်းသော အမြောက်တပ် ကွပ်ကဲမှု ဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်း ရှိသည်။
လက်ရှိ TNLA တပ်များ ထိုးစစ်ဦးတည်နေသည့် တောင်းခမ်းမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဆက်စပ်နေသည့် အတွက် တောင်းခမ်းမှတဆင့် ကျောက်ဂူ၊ အင်တော၊ ရပ်စောက်လမ်းကြောင်းတလျောက် တိုက်ပွဲများဖြစ်လာနိုင် ကြောင်းလည်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
ထိုလမ်းကြောင်းသည် ရပ်စောက်မှတဆင့် ရပ်စောက်- တောင်ကြီး၊ ရပ်စောက်- ပင်းတယ၊ အောင်ပန်း၊ ကလောအထိ လည်း ဆက်သွယ် သွားလာနိုင်သည်။
TNLA ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ရှမ်းမြောက်ဒေသအတွင်း ထိုးစစ်ဆင်ရာ နောင်ချို၊ ကျောက်မဲမြို့တို့အား သိမ်းပိုက်ပြီးနောက် ထိုမြို့များသို့ ရှမ်းပြည်တောင်ပိုင်းဘက်မှ စစ်ကူများစစ်တပ်က ပို့ဆောင်မှု များရှိနေသည့်အတွက် တောင်းခမ်းနှင့် နမ့်လန်ဒေသများမှာ စစ်မျက်နှာသစ်များဖြစ်လာနိုင်ကြောင်းလည်း CDM ဗိုလ် ကြီး ဇင်ယော်က သုံးသပ်ထားသည်။
TNLA အနေဖြင့် နောင်ချိုတောင်ပိုင်း တောင်းခမ်းဘက်တွင် စစ်ဆင်ရေးလုပ်ဆောင်နေချိန်နှင့်တပြိုင်နက် နောင်ချိုမြို့ အနောက်မြောက် သဲခေါ်ရွာတွင်လည်း စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
သဲခေါ်ရွာသည် TNLA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မိုးကုတ်- ပြင်ဦးလွင်လမ်းကြောင်းပေါ်တွင် ရှိပြီး ပြင်ဦး လွင်မြို့နယ်၊ ဘန်ဘွေးရွာအခြေစိုက် စစ်တပ်က လက်နက်ကြီးများဖြင့် သဲခေါ်ရွာဘက်သို့ ပစ်ကူပေးလျက်ရှိကြောင်း လည်း PDF အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “သဲခေါ်နဲ့ ရွှေမုဌောရွာဘက်တွေမှာ ထိတွေ့မှုဖြစ်ပွားနေတယ်။ ပြီးတော့ ဘန်ဘွေး၊ အင်ဝိုင်းဘက်ကိုလည်း သူတို့က ဒီနေ့ မနက်တင် အင်အား ၃၀၀ ကျော်လောက် ထပ်ဖြည့်ထားတယ်၊ ပြီးတော့ ဘန်ဘွေးကနေ လက်နက်ကြီး ပစ်ကူတွေ ပေးတယ်” ဟု ပြောသည်။
လတ်တလောဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများမှာ စစ်တပ်အနေဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် အနေအထားမဟုတ်ဘဲ နောင်ချိုကို သိမ်းပိုက်ပြီးသည့် TNLA ပူးပေါင်းတပ်များ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်နှင့် အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်းခမ်းတို့ထဲ ထိုးစစ်မရောက်လာရေး ခုခံကာကွယ်နေသည့် အခြေအနေ ဖြစ်ကြောင်းလည်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
You may also like these stories:
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ