၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) လက်မှ ဘူးသီးတောင်ကို ကာကွယ်ရန်အတွက် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) နှင့် ညီညွတ်ရေး တပ်ပေါင်းစုဖွဲ့ရန် ချဉ်းကပ်ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မှ ဇွန်လ ၂၄ ရက်နေ့က The Diplomat နှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး လှိုင်ဝင်းထွန်းက စစ်တပ်နှင့် ARSA ပူးပေါင်းရခြင်း အကြောင်းရင်းများကို ပြန်ပြောပြသည်။ ထိုသို့ ပူးပေါင်းလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ အပါအဝင် ထိုဒေသတွင်းမှ ရိုဟင်ဂျာလူငယ် ရာပေါင်းများစွာကို အတင်းအကျပ် စစ်သားစုဆောင်း လေ့ကျင့်ပေးမှု ဖြစ်စေသည်။
ထိုသို့ တွေ့ဆုံမေးမြန်းမှု အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
လှိုင်ဝင်းထွန်းနှင့် စစ်သားအချို့ကို မေလ ၁၇ ရက်နေ့က ဖမ်းမိချိန်တွင် သူသည် အမှတ် ၃၅၃ ခြေမြန်တပ်ရင်းမှ ဖြစ်သည်။ နောက်တနေ့တွင် ဘူးသီးတောင်ကို တော်လှန်ရေးအင်အားစုက နောက်ဆုံး သိမ်းပိုက်လိုက်သည်။ ဖမ်းမိသော စစ်သားများကို AA က ဘူးသီးတောင်မှ နေရာတနေရာတွင် ထိန်းသိမ်းထားသည်။
ချီတက်လာနေသော AA တပ်များလက်မှ ဘူးသီးတောင်ကို ကာကွယ်ရန် စစ်ကောင်စီတပ်နှင့် ARSA ပူးပေါင်းဆောင်ရွက်သည်ဆိုသည့် မီဒီယာများနှင့် လေ့လာသူအချို့၏ ခန့်မှန်းချက်သည် မှန်ကန်ကြောင်း ထိုဗိုလ်မှူး၏ ဝန်ခံချက်က ယုံကြည်စေသည်။
ARSA သည် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည်ဟု မြန်မာအစိုးရက ၂၀၁၇ ခုနှစ်တွင် ကြေညာထားသည်။ ထိုအဖွဲ့သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားတွင် ရခိုင်ပြည်နယ်မှ စစ်တပ်နှင့် ရဲများကို တိုက်ခိုက်မှု အများအပြား ပြုလုပ်ပြီးနောက် ရက်စက်ကြမ်းကြုတ်သော လက်စားချေမှု ဖြစ်စေသည်။
အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက စစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးသည် ရိုဟင်ဂျာ ၇ သိန်းကျော်ကို နိုင်ငံမှထွက်ပြေးစေပြီး ထိုစစ်ဆင်ရေးသည် ARSA ကို ရခိုင်မှ ရှင်းလင်းရန် ဖြစ်သည်ဟု ပြောသည်။ ထိုအုပ်စုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် စခန်းများနှင့် ကောက်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လှုပ်ရှားမှုများ ရှိသည်။
သူ၏ တပ်ရင်းသည် ARSA နှင့် မဟာမိတ်ဖွဲ့ခြင်းနှင့် ထိုမြို့နယ်မှ ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန် မရှိကြောင်း လွန်ခဲ့သော နှစ်နှစ်အတွင်း ဘူးသီးတောင်တွင် တာဝန်ကျသော ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောသည်။
စစ်ထောက်လှမ်းရေး တပ်ရင်းတခုမှ ဗိုလ်ကြီးတဦးနှင့် ဗိုလ်မှူးကြီးတဦးသည် ထိုကိစ္စအတွက် တာဝန်ရှိပြီး ARSA နှင့် ထိုအကြမ်းဖက်အဖွဲ့က အတင်းအကျပ် စစ်သားစုဆောင်းခံရသူများသည် ရခိုင် ဗုဒ္ဓဘာသာအများစု ပိုင်ဆိုင်သည့် အိမ်များကို လုယက်မီးရှို့ရာတွင် တာဝန်ရှိကြောင်း ၎င်းကပြောသည်။
ARSA နှင့် အတင်းအကျပ် စစ်သားစုဆောင်း ခံရသူများသည် ထိုမြို့အနီးရှိ စစ်တပ်စခန်းများတွင် နေရာယူထားပြီး ထိုနေရာများမှ စစ်ဆင်ရေးများ ပြုလုပ်ကြသည်။
အနီးရှိ ရသေ့တောင်မြို့နယ် AA လက်သို့ ကျရောက်ပြီးနောက် ARSA နှင့် ပူးပေါင်းဆောင်ရွက်မည့် စစ်တပ်၏ အစီအစဉ်ကို စတင်ကြောင်း ဗိုလ်မှူး လှိုင်ဝင်းထွန်းက ရှင်းပြသည်။ ရိုဟင်ဂျာလူငယ် ၇၅၀ ခန့်အထိကို ရွေးချယ်ပြီး ထိုမြို့နယ်အနီး စစ်တပ်စခန်းများတွင် လေ့ကျင့်ပေးသည်။
မီးရှို့မှုများ စတင်သောအခါ ARSA နှင့် လေ့ကျင့်ပေးထားသည့် ရိုဟင်ဂျာလူငယ်များကို အနီးရှိ ကျေးရွာများမှ ၎င်းတို့ ဆွေမျိုးများကို ခေါ်ယူစေကာ မြို့မှ အိမ်များကို လုယက်စေကြောင်း ၎င်းကပြောသည်။ ထိုအိမ်များကို ဖောက်ထွင်းပြီးနောက် မီးရှို့ကြသည်။
AA က စစ်ကောင်စီတပ်ကို ဆက်တိုက် အောင်ပွဲခံစေသည့် အကြောင်းရင်းများကိုလည်း ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောသည်။ AA သည် ရခိုင်ပြည်နယ်ကို စစ်တပ်လက်အောက်မှ လွတ်မြောက်စေရန် နက်ရှိုင်းသော စိတ်ပိုင်းဖြတ်မှုရှိကြောင်း ထောက်ပြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်၏အင်အား လျော့နည်းလာသည်။ ထို့ပြင် စစ်တပ်သည် အောက်ခြေပိုင်းတွင် ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ထိုအောက်ခြေပိုင်းကို ထိပ်တန်းအရာရှိများက လျစ်လျူရှုထားသည်။ ထို့ကြောင့် စစ်တပ်သည် စိတ်ဓာတ်ကျဆင်းမှုသာမက ပြည်သူလူထု ထောက်ခံမှုလည်း မရကြောင်း ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ် တခုလုံးကို စစ်တပ်အောက်မှ လွတ်မြောက်စေရန် AA က မကြာမီ အောင်မြင်တော့မည် ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစု အားလုံး ညီညွတ်ပါက စစ်ကောင်စီသည် မြန်မာမှ အခြားဒေသများတွင်လည်း ချေမှုန်းခံရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အသစ်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့သည် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲတွင် ညီညွတ်ရေး တပ်ပေါင်းစု ဖွဲ့ရမည်ဖြစ်ကြောင်း ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောသည်။
ဖမ်းဆီးခံမှုမှ လွတ်မြောက်စေရန် မျှော်လင့်ကြောင်း၊ ရခိုင်ပြည်နယ်တွင် စစ်ပွဲပြီးဆုံးရန် နီးကပ်လာပြီးနောက် AA နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မှလာသည့် ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောသည်။
ကိုးကား ။ ။ The Diplomat သတင်း Captured Myanmar Soldier: Army Joined Hands With ARSA Against Arakan Army Advance
You may also like these stories:
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ