စက်သုံးဆီဆိုင်များမှ တရားမဝင်ဈေးကွက်သို့ ရောင်းချနေမှုကို ကြပ်မတ်ထိန်းသိမ်းရန်၊ နိုင်ငံခြားငွေ ဒေါ်လာရှားပါးလာ ခြင်းကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကို လိုအပ်သရွေ့သာ တွက်ချက်၍ တင်သွင်းနိုင်ရန် စက်သုံးဆီရောင်း ဝယ်ရာ တွင် စမတ်ကတ်စနစ်ကို လုပ်ဆောင်မည်ဟု သိရသည်။
နိုင်ငံခြားငွေအခက်အခဲကြောင့် ဖြန့်ဖြူးမှု ခက်ခဲချိန် ဆီအရောင်းဆိုင်များက မှောင်ခိုဈေးကွက်သို့ တဆင့်ရောင်းချနေမှု များအား ထိန်းသိမ်းရန်အပြင်စက်သုံးဆီကို ကားဖြင့်တန်းစီတိုး၍ ပြန်ရောင်းစား သောအုပ်စုတို့အား စိစစ်ရန်လည်း ဖြစ်သလို ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ သူများ အသင်း (MPTA) က ဆိုသည်။
MPTA အသင်းမှ တာဝန်ရှိသူတဦးက “အရင်တုန်းက ငွေနည်းနည်းပေါတော့ အကန့်အသတ်မရှိ သွင်းခိုင်းတာပေါ့။ အခု ထိန်းပြီးသွင်းရတယ်။ လိုသလောက်တော့ သွင်းခိုင်း၊ ရောင်းခိုင်းတယ်။ ဒါပေမယ့် ရောက်လာပြီး ဖြန့်ဖြူးတဲ့အပိုင်းမှာ တချို့စက်သုံးဆီဆိုင်တွေက သူတို့ရတဲ့ဆီကို ဆိုင်မှာ အကုန်မရောင်းဘဲနဲ့ မှောင်ခိုဈေးကွက်ကို ရောင်းတာမျိုးတွေ ရှိတယ်။ ပေးတဲ့ဆီက ပြည်သူလူထုဆီ တိုက်ရိုက်မရောက်ဘဲနဲ့ တရားမဝင်ဈေးကွက်ကနေ ရောက်တဲ့ကိစ္စမျိုး။ ဒါတွေကိုထိန်းဖို့ ရည်ရွယ်ချက်တခု ပါပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆီဆိုင်များအနေဖြင့် ယခင်က မည်သူကမည်မျှပမာဏ ရောင်းချသည်ကို အတိအကျ မသိရှိရသည့်အတွက် စစ်ဆေးရန် ခက်ခဲကြောင်း၊ ယခုလို စမတ်ကတ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ဆီဆိုင်များ မည်သူ့ကို မည်မျှရောင်းချလိုက်သည်ကို သိရှိပြီး ထိန်းသိမ်းနိုင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စမတ်ကတ်ဖြင့် စက်သုံးဆီဝယ်ယူရာ၌ ဝယ်မှုအကြိမ်အရေအတွက်၊ ပမာဏသတ်မှတ်ထားခြင်း မရှိသော်လည်း လိုအပ်ပါက စိစစ်မှုများရှိလာမည်ဖြစ်ကြောင်း MPTA အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “မသတ်မှတ်ပါဘူး ထုတ်ပါ။ ဒါပေမယ့် စမတ်ကတ်နဲ့ဆိုရင် ကားတစီးက တနေ့ကို ဆီဘယ်နှစ်ကြိမ်ထုတ်တယ်။ တလမှာ ဆီဘယ်လောက် ကုန်တယ်ဆိုတာ ပေါ်နေမှာပေါ့နော်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သုံးစွဲမှုပမာဏထက် မြင့်မား တဲ့သုံးစွဲမှု တွေ့နေရရင်တော့ အဲဒီကားပိုင်ရှင်ကို ဘာကြောင့်မို့ ဆီတွေပိုကုန်နေလဲဆိုတာမျိုး မေးမှာပေါ့။ စိစစ်ဖို့လိုအပ်ရင် လည်း စိစစ်မှာပေါ့” ဟု ပြောသည်။

ယင်းစနစ်စတင်မည့်အချိန်ကို အတိအကျ မပြောနိုင်သေးသော်လည်း မကြာခင် စတင်မည်ဖြစ်ကြောင်း၊ ကတ်ဖိုးအတွက် သတ်မှတ်ငွေကြေးပမာဏတခု ကောက်ခံရန် စီစဉ်ထားကြောင်း၊ ယင်းစနစ်အား ရန်ကုန်မြို့၌ ပထမဆုံးလုပ်ဆောင်မည် ဖြစ်ပြီး နေပြည်တော်၊ မန္တလေး အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်များ၌ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တွင် ယခုနှစ်အတွင်း ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
စက်သုံးဆီလုပ်ငန်းရှင်တဦးက “ပုံမှန်ဆိုရင် လိုင်စင်ရှိတာက ရန်ကုန်၊ မန္တလေးပဲ ကောင်းကောင်းရှိတာ။ နေပြည်တော် လည်း မရှိဘူး။ ကျန်တဲ့နေရာအများစုက ဝစ်သောက် (လိုင်စင်မဲ့) ကားတွေ စီးကြတာ။ နေပြည်တော်ဆိုလည်း ဌာနဆိုင်ရာ ရုံးကားတချို့တောင် ဝစ်သောက်တွေပဲ။ ကားယာဉ်မောင်းလိုင်စင်၊ အုံနာဘုတ်နဲ့ လုပ်ပြီးတော့မှ အကန့်အသတ်နဲ့ပေးမှာ။ ဆိုးကျိုးကတော့ ဈေးပိုတက်မယ်။ လိုင်စင်ရှိတဲ့သူတွေက ဆီတိုးပြန်ရောင်းစား၊ အပြင်မှာ ဈေးကြီးပေးဝယ်၊ ဒါပဲဖြစ်မှာ။ ဈေးပဲပြန်ဖောင်းပွလာမယ်။ မှောင်ခိုဈေးကွက်အသစ်တခု ဖြစ်လာမယ်။ အရင်က ဘယ်သူနေနေဝယ်လို့ရတယ်။ အခုကတော့ လိုင်စင်ရှိမှ ဆီတိုးပြီး ပြန်ရောင်းစားလို့ရမယ်” ဟု မှတ်ချက်ပြုသည်။
ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတဦးကမူ စက်သုံးဆီကို ကတ်စနစ်ဖြင့် ဝယ်ယူရမည်ဟု ပြောသံကြားသော်လည်း ဆီဆိုင်များက ဘာမှမပြောသေးဟု ဆိုသည်။
You may also like these stories:
စစ်ကောင်စီက လုပ်ငန်းရှင်များအား ဒေါ်လာချမပေးဘဲ ငွေစိုက်၍ စက်သုံးဆီ ဝယ်ခိုင်းနေ
စစ်ကောင်စီ စက်သုံးဆီပြဿနာ ဖြေရှင်းနည်း ရေရှည်မှာ ပြေလည်ပါ့မလား
စက်သုံးဆီပြတ်လပ်မှု လုပ်ငန်းရှင်များနှင့် စစ်ကောင်စီ ညှိနှိုင်း
ပြည်တွင်း၌ စက်သုံးဆီပြတ်နေ ပြန်













