စက်သုံးဆီဝယ်ရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ထုတ်မရောင်းပေးဘဲ လုပ်ငန်းရှင်များကို အိတ်စိုက် ဝယ်ယူခိုင်း နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းထံက သိရသည်။
စက်သုံးဆီ လက်ကားရောင်းချသူကုမ္ပဏီတခုမှ တာဝန်ရှိက “အခု စစ်ကောင်စီ ဗဟိုဘဏ်ကနေ စက်သုံးဆီကို ဒေါ်လာ ထုတ်မရောင်းပေးဘူး။ စက်သုံးဆီသမားတွေ ခဏစိုက်ဝယ်ထားပေါ့။ လုပ်ငန်းရှင်ကကျတော့ ဒေါ်လာစိုက်ဝယ်ရင်လည်း ပြန်မရမှာ ကြောက်တော့ စိုက်မဝယ်ရဲဘူး။ စိုက်ဝယ်လို့ ပြန်ပေးမယ်ဆိုရင်တော့ ဝယ်မှာပေါ့။ အခုကျ မသေချာတော့ ဘယ်သူမှ မဝယ်ရဲကြဘူး” ဟု ဧရာဝတီသို့ပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်မှ ဈေးကွက်အတွင်း ဒေါ်လာရောင်းချပေးနေသော်လည်း စက်သုံးဆီလုပ်ငန်းရှင်များအတွက်မူ လိုအပ်သည့် ငွေပမာဏအား ရောင်းချပေးခြင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ လုပ်ငန်းရှင်က “ဆီက မရှိတာတော့မဟုတ်ဘူး၊ ပင်လယ်ဝမှာ ရှိတယ်။ ဒေါ်လာ မချေနိုင်သေးတာပေါ့။ အဲဒီကျတော့ စက်သုံးဆီက ထပ်ပြတ်ဦးမယ့် သဘောရှိတာပေါ့။ ဒီနေ့တောင် ချပေးမလို ဘာလိုလိုတော့ ရှိတယ်။ ဒါပေမယ့် ဘယ်လို ပုံစံမျိုး လာမလဲတော့ မသိဘူး။ ဒါကြောင့် စက်သုံးဆီဈေးကတော့ အပြင်ဈေးနဲ့ ဝယ်ရရင် ဈေးတော့ ထပ်တက်မှာ။ သူတို့ (စကစ) သတ်မှတ်ဈေးလည်း တက်မှာ။ စက်သုံးဆီသမားတွေကို ရောင်းပေးမယ့် ဈေးကလည်း တက်မှာ၊ အခု ဒေါ်လာ ဈေးက နည်းနည်းငြိမ်နေလို့သာ ငြိမ်နေတာ”ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် ဒေါ်လာငွေကြေးကို လုပ်ငန်းရှင်များအား ရောင်းပေးနိုင်ခြင်း မရှိပါက ရေရှည်တွင် တရုတ်ဘက်မှ တဆင့် တင်သွင်းနေသည့် စက်သုံးဆီများ ရန်ကုန်၊ မန္တလေးတို့ဘက်သို့ ဝင်ရောက်လာနိုင်ပြီး ဈေးနှုန်းမှာလည်း နှစ်ဆခန့် မြင့်တက်လာမည့် အလားအလာများရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ (PPRD) နှင့် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့က ယာဉ်စာအုပ်နှင့် စမတ်ကတ်လုပ်၍ စက်သုံးဆီ ရောင်းချမည့်ကိစ္စကိုလည်း စီစဉ်နေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးပတ်မှစတင်ပြီး စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီဆိုင်တချို့ ပိတ်ခဲ့ရသလို၊ ရှည်လျားစွာ တန်းစီ နေသည့် ကားတန်းကြီးများ၊ စောင့်ဆိုင်းနေသော လူအုပ်ကြီးများကို ရန်ကုန်မြို့၊ မန္တလေး၊ တောင်ကြီး စသည်မြို့ကြီးများ အနှံ့ မြင်တွေ့နေခဲ့ရပြီး ကုန်စည်ဖြန့်ဖြူးရေးသာမက အသေးစား အလတ်စားကုန်ထုတ်လုပ်ငန်းများအပါအဝင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စာသင်ကျောင်းများပါ ယာယီပိတ်ရသည့်အထိ သက်ရောက်မှု ရှိခဲ့သည်။
ယင်းကဲ့သို့ စက်သုံးဆီ မကြာခဏပြတ်ခြင်းက စစ်ကောင်စီ၌ အမေရိကန်ဒေါ်လာမရှိ၍ ကုန်သည်များအား ဒေါ်လာ မရောင်းပေးနိုင်ခြင်းနှင့် ပြင်ပ၌ ဒေါ်လာကို လွတ်လပ်စွာ ဝယ်ယူပေးချေခွင့်မရှိခြင်းတို့ကြောင့် ဖြစ်သည်။
ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတဦးက “ဒီပိတ်ရက်မှာတော့ ဆီဆိုင်တိုင်းတော့ ၄ မျိုးစလုံး အစုံမရဘူး။ တချို့ ဆိုင်တွေဆို ၉၂ တမျိုးပဲရတယ်။ စီမံကိန်းက Max ဆီဆိုင်ဆိုရင် ဘာမှ မရလို့ ပိတ်ထားတာ တွေ့ခဲ့တယ်။ တနေ့ကတော့ ရတယ်။ ကျနော် ကျပ် ၈ သောင်းဖိုး ဖြည့်ခဲ့သေးတယ်။ ဒီနေ့တော့ ကျနော်တို့ ရပ်ကွက်ထဲက ဘေးတွဲသမားတွေတော့ ဓာတ်ဆီ မရဘူး ပြောနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဇူလိုင်နောက်ဆုံးပတ်ကစတင်ပြီး ပြတ်လပ်နေသည့် စက်သုံးဆီမှာ ဩဂုတ်လအတွင်း ပြန်ရသော်လည်း တချို့ဆိုင်များမှာ အကန့်အသတ်နှင့်သာ ရောင်းချပေးခြင်း၊ တချို့ ဆိုင်များမှာ ဓာတ်ဆီပြတ်ခြင်း၊ တချို့ဆိုင်မှာ ဒီဇယ်ပြတ်ခြင်း၊ အချိန်ပိုင်း ပြတ်ခြင်း၊ ဆိုင်ပိတ်ခြင်း အစရှိသည့်ပုံစံမျိုးစုံဖြင့် အခက်အခဲများ လက်ရှိအချိန်အထိ ရှိနေသေးကြောင်း သုံးစွဲသူများထံက သိရသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် စက်သုံးဆီခွဲတမ်းချပေးသည့်ပမာဏမှာ ယခင်သတ်မှတ်ထားသည့် ခွဲတမ်းထက် လျော့နည်း လာကြောင်း၊ ဥပမာအားဖြင့် စက်သုံးဆီကျန်ရှိသည့် ပမာဏအပေါ်သတ်မှတ်ပြီး စစ်ကောင်စီက ခွဲတမ်းချပေးခြင်းဖြစ်ကာ ဆီဆိုင်တဆိုင်လျှင် တလလျှင် ယခင်က ဓာတ်ဆီ ဂါလံ ၈၀၀ ပေးပါက ယခုအခါ ၄၀၀ ဂါလံသာ ပေးသည်အထိ တဝက် လျှော့ချလိုက်သည့်အခြေအနေဖြစ်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
စက်တင်ဘာ ၆ ရက်မှ ယနေ့အထိ ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးမှာ ၉၂ ဓာတ်ဆီ တလီတာ ၃၂၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီ တာ ၃၃၅၅ ကျပ်၊ ဒီဇယ် တလီတာ ၂၇၀၀ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ ၃၃၉၅ ကျပ် ရောင်းချရန် စစ်ကောင်စီ၏ လက်အောက်ခံ PPRD က ဈေးနှုန်း သတ်မှတ်ထားသည်။
စက်သုံးဆီ မကြာခဏ ပြတ်လပ်ခြင်းနှင့် ပတ်သက်၍ ပြည်တွင်းရှိ စီးပွားရေးပညာရှင်တဦးက စစ်ကောင်စီအနေဖြင့် နိုင်ငံခြားငွေရှားပါးလာခြင်းမှာ တိုင်းပြည်စီးပွားရေးအပေါ်တွင် စီမံခန့်ခွဲနိုင်မှု အားနည်းခြင်း၊ စီးပွားရေးကို ကျွမ်းကျင်သည့် ပညာရှင်၊ လုပ်ဆောင်နိုင်သူများမရှိ၍ဖြစ်ကြောင်း၊ အချုပ်အားဖြင့်ဆိုလျှင် တိုင်းပြည်တခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်မှု မရှိခြင်းက စစ်တပ် အာဏာသိမ်းလိုက်သည့် လုပ်ရပ်ကြောင့်သာဖြစ်ကြောင်း သုံးသပ်ပြောဆိုထားသည်။
You may also like these stories:
စစ်ကောင်စီ စက်သုံးဆီပြဿနာ ဖြေရှင်းနည်း ရေရှည်မှာ ပြေလည်ပါ့မလား
ပလက်ဝ၌ စားကုန်နှင့် စက်သုံးဆီပြတ် ဒေသခံတို့ အခက်ကြုံ
မီးမှန်အောင် မပေးနိုင်သော်လည်း မီတာခ နှစ်ဆ တိုးကောက်
မီးမှန်အောင် မပေးနိုင်သော်လည်း မီတာခ နှစ်ဆ တိုးကောက်