ကုလသမဂ္ဂ ရဲ့ ကမ္ဘာတဝန်းလုံးရှိ ခရီးသွား လုပ်ငန်းများ ရာသီဥတု ဆိုင်ရာ ရေရှည် အထောက်အကူ ဖြစ်ရေး ကြေညာချက်ကို နိုင်ငံပေါင်း ၅၀ ကျော် အစိုးရတွေက သဘောတူ လက်မှတ် ရေးထိုးလိုက်ကြပါတယ်။
အဇာဘိုင်ဂျန် နိုင်ငံ ဘာကူမြို့မှာ ကျင်းပတဲ့ ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ ၂၉ ကြိမ်မြောက် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ (Conference of the Parties – COP29) ရဲ့ အဓိက အောင်မြင်မှုတခု ဖြစ်တယ် လို့လည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂ က ပြောကြားခဲ့ပါတယ်။
COP29 ညီလာခံကို နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
“ဒီအစီအစဉ်ဟာ ပထမဆုံး အကြိမ် ပါဝင်မှုဖြစ်ပြီး ဒီနေ့မှာတော့ COP29 ညီလာခံရဲ့ သမိုင်းမှတ်တိုင် တခုအနေနဲ့ ကျမတို့ စိုက်ထူနိုင်ခဲ့ပါပြီ” လို့ ကုလသမဂ္ဂ ရဲ့ ခရီးသွားလုပ်ငန်း ဆိုင်ရာ အမှုဆောင် ဒါရိုက်တာ Ms. Zorista Urosevic က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဟာ ကမ္ဘာ့အသားတင် ထုတ်လုပ်မှု တန်ဖိုး (GDP) ရဲ့ ၃ ရာခိုင်နှုန်းခန့် ရှိပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ် လို့လည်း Ms. Urosevic က ထပ်လောင်း ပြောကြား သွားပါတယ်။
ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ရာသီဥတု ကောင်းမွန်မှုမြှင့်တင်ရေး ကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့တဲ့ နိုင်ငံတွေ ဟာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကွန်ဗန်းရှင်း (NDCs) ကို နိုင်ငံအလိုက် မူဝါဒတွေ ရေးဆွဲတဲ့အခါမှာ ခရီးသွား လုပ်ငန်း ကိုလည်း ထည့်သွင်း စဉ်းစားကြဖို့ ကတိပြုခဲ့ကြကြောင်းလည်း သိရပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေတဲ့ ထုတ်လွှတ်မှုတွေ လျှော့ချဖို့ နိုင်ငံတွေရဲ့ အစိုးရပေါ်လစီ ဖြစ်တဲ့ NDCs အသစ်ကို လာမယ့် ဖေဖော်ဝါရီလမှာ ကျင့်သုံးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခရီးသွား လုပ်ငန်းဟာ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ အစိုးရ ဝင်ငွေကို အမြောက်အမြား ရရှိနေစေတာ ဖြစ်ပြီး ဟာရီကိန်း မုန်တိုင်းတွေ၊ အပူလှိုင်း နဲ့ မိုးခေါင်ခြင်း တို့လို ရာသီဥတု အခြေအနေတွေ အပေါ်မှာလည်း များစွာ မူတည် နေတာ ဖြစ်ကြောင်း သိရပါတယ်။
“ကျနော်တို့ လုပ်ငန်းရဲ့ အနာဂတ်ဟာ ဒီနေ့ ကျနော်တို့ လုပ်ဆောင်ချက်တွေရဲ့ ရေရှည် တည်တံ့နိုင်မှု အပေါ်မှာ မှီတည် နေတယ် ဆိုတာ နားလည်ခဲ့ရပါတယ်” လို့ အဇာဘိုင်ဂျန် ခရီးသွား အေဂျင်စီရဲ့ အကြီးအကဲ Kanan Gasimov က ပြောကြားပါတယ်။
ဒီညီလာခံ ကြေညာချက်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု၊ ရေသုံးစွဲမှု၊ စွန့်ပစ်ပစ္စည်းနဲ့ စွမ်းအင် အသုံးပြုမှု စတဲ့ အချက် အလက် တွေကို တိုင်းတာခြင်း နဲ့ အစီရင်ခံဖို့ ရည်ရွယ်ပြီး ဟိုတယ်လုပ်ငန်း အဖွဲ့ World Sustainable Hospitality Alliance က တင်ပြတဲ့ မူဘောင်လို အခြားသော အရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
စုဆောင်းရရှိတဲ့ အချက်အလက်တွေဟာ ခရီးသွားလုပ်ငန်း နယ်ပယ်နဲ့ ခရီးသွားတွေကို သူတို့ရဲ့ သက်ရောက်မှုတွေ အကြောင်း နားလည်စေဖို့ ကူညီလိမ့်မယ်လို့ အထက်ပါ အဖွဲ့ရဲ့ CEO ဖြစ်သူ Glenn Mandziuk က ပြောဆိုထားပါတယ်။
“ကျနော်တို့ လုပ်ငန်းနယ်ပယ်ဟာ အကျိုးအမြတ် ရရှိဖို့အတွက် နေရာတခုချင်းစီကို အကာအကွယ် ပေးထားဖို့ လိုပြီး ကျနော်တို့ အနေနဲ့ ပိုကြီးမားတဲ့ နေရာကနေ ပါဝင်နိုင်မလား ဆိုတာ ဆွေးနွေး စကားပြောသွားရပါမယ်”လို့ ဘာကူ ညီလာခံရဲ့ အလွတ်သဘော တွေ့ဆုံပွဲ အပြီးမှာ Mandziuk က ပြောကြားပါတယ်။
World Sustainable Hospitality Alliance ဟာ Accor, Hilton, Marriott တို့လို နာမည်ကြီး ဟိုတယ် လုပ်ငန်းတွေ အပါအဝင် အခန်းပေါင်း ၇ သန်းကျော် ပါဝင်တဲ့ ဟိုတယ်ပေါင်း ၅၅၀၀၀ ကို ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း လည်း သိရပါတယ်။
Ref : Reuters