တရုတ် စမတ်ဖုန်း ကုမ္ပဏီ Xiaomi က ကမ္ဘာ့လျှပ်စစ်ကား (EV) ဈေးကွက်မှာ အီလွန်မတ်စ် ရဲ့ တက်စ်လာ (Tesla) နဲ့ BYD တို့ကို ယှဉ်ပြိုင်နိုင်ဖို့ SUV လျှပ်စစ် ကားသစ်ကို ထုတ်ပြလာပါတယ်။
အဲဒီ SUV ကားသစ် ကို ၂၀၂၅ နွေရာသီမှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Xiaomi တည်ထောင်သူ ဘီလီယံနာ Lei Jun ဟာ Tesla ရဲ့ Model Y နဲ့ ဆင်တူတဲ့ YU7 ကားကို တရုတ် လူမှုကွန်ရက် Weibo ပို့စ်တခုမှာ ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကားဟာ ၅ မီတာရှည်တဲ့ EV ကား ဖြစ်ပြီး Contemporary Amperex Technology Company Limited က ထုတ်လုပ်ပေးမယ့် နီကယ်-ကိုဘော့-မန်းဂနိစ် ဘက်ထရီကို အသုံးပြုထားတယ်လို့ သိရပါတယ်။
မော်တာက အမြင့်ဆုံးပါဝါ ၂၂၀ ကီလိုဝပ် (သို့မဟုတ်) ၂၈၈ ကီလိုဝပ် ထုတ်ပေးနိုင်မယ်လို့ တရုတ် နည်းပညာ သတင်း အချက်အလက်နဲ့ စက်မှု ဝန်ကြီးဌာနကလည်း သီးခြားဖော်ပြတယ်လို့ ဆိုပါတယ်။
အဆိုပါ SUV ဟာ Lei Jun ရဲ့ ဦးဆောင်မှုအောက်က Xiaomi ရဲ့ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အသုံး ပြုပြီး EV လောကကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာမှုကို မြင်သာစေတဲ့ အချက် တခုလည်း ဖြစ်ပါတယ်။
တကမာ္ဘလုံး အတိုင်းအတာ အနေနဲ့ စမတ်ဖုန်း လောကမှာ Apple က လွှမ်းမိုးထားတဲ့ မတည်ငြိမ်တဲ့ စမတ်ဖုန်း ဈေးကွက် အပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် EV ကားနယ်ပယ်မှာလည်း ယှဉ်ပြိုင်ဖက်တွေ များလာပြီး အရင်ရှိပြီးသား ပြိုင်ဖက်တွေ ဖြစ်တဲ့ BYD နဲ့ Tesla တို့နဲ့လည်း ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
တရုတ် နိုင်ငံတဝန်းမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ SUV လို ပိုကြီးတဲ့ ကားအမျိုးအစား အတွက် Xiaomi က သတ်မှတ်မယ့် ဈေးနှုန်း နဲ့ ပါဝင်မယ့် အရာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမယ့် ဒီအစီအစဉ်က ရုပ်လုံးပေါ်လာတာနဲ့အမျှ Xiaomi ရဲ့ စတော့ခ်ရှယ်ယာ တွေကို အားကောင်းစေ နိုင်တယ် လို့ ဆိုပါတယ်။
Kyna Wong အပါအဝင် Citigroup က သုံးသပ်သူတွေ ကလည်း Xiaomi ဟာ ကားမော်ဒယ် အသစ်ကြောင့် ၂၀၂၅ မှာ ခန့်မှန်းထားတဲ့ တင်ပို့မှုကို ကျော်လွန် သွားနိုင်တယ်လို့ ဆိုထားပါတယ်။
Ref : Bangkok Post