တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်းရှိ ဒေသအချို့ကို စက်သုံးဆီ တရားမဝင် သိုလှောင်ဖြန့်ဖြူးရောင်းချနေသည်ဆိုကာ ရောင်းဝယ်သူ ၁၇ ဦးကို စစ်ကောင်စီက ဖမ်းလိုက်ကြောင်း ဇန်နဝါရီ ၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ ပြည်တွင်း စက်သုံးဆီဖူလုံရေး စစ်ကောင်စီက ကြိုးပမ်းနေချိန် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာဒေသများနှင့် PDF တပ်ဖွဲ့ဝင်များ အခြေပြုနေထိုင်သော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ စက်သုံးဆီများ သယ်ဆောင်ရောင်းချနိုင်မှု မပြုနိုင်စေရေး ပိတ်ဆို့ထားသည်ဟု ဖော်ပြထားသည်။
သို့သော် အချို့ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များက စစ်ကိုင်း၊ မန္တလေးတိုင်းရှိ ဒေသအချို့၌ လုံခြုံရေး ကန့် သတ်ချက်အပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများအသုံးပြုကာ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်း၊ ကချင်နှင့် ရှမ်း (မြောက်) ဒေသများသို့ ပို့ဆောင်၍ ဈေးနှုန်းအဆမတန်ဖြင့် ရောင်းချနေကြောင်း လည်း စစ်ကောင်စီက ဆိုထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်တွင် စစ်ကိုင်းမြို့ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ရေးဂိတ်အနီး ဆီသိုလှောင်ခြံ ပြုလုပ်၍ ရောင်းဝယ်နေမှုများအား ဝင်ရောက်ဖမ်းဆီးခဲ့ရာ မန္တလေးမြို့နေ ဦးသိန်းသန်းဝင်း (တိမ်းရှောင်) ပိုင် သိန်းသန်း စက်သုံးဆီခြံ၊ ဆားတောင်မြို့နေ ဒေါ်ထက်ထက်မျိုးဆွေ ဦးစီးလုပ်ကိုင်သော စက်သုံးဆီခြံ၊ မြင်းမူမြို့နေ ဒေါ်ဇင်မာမြင့် ဦးစီးလုပ် ကိုင်သည့် စက်သုံးဆီခြံ၊ မြစ်ငယ်မြို့နေ နေမျိုးမင်း (တိမ်းရှောင်) ပိုင် စက်သုံးဆီခြံနှင့် Golden Star စားသောက်ဆိုင်အနီး ရပ်တန့်ထားသော စက်သုံးဆီရောင်းဝယ်သည့်ယာဉ်များ စသည့် ၅ နေရာမှ ၁၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆိုထားသည်။
အဆိုပါ ဖမ်းဆီးမှုတွင် ၂၂ ဘီး ဆီသယ်ယာဉ် ၄ စီး၊ ဆီနောက်တွဲယာဉ် ၁ စီး၊ ၂၀ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၁၂ ဘီး ဆီသယ် ယာဉ် ၁ စီး၊ ၁၀ ဘီး ဆီသယ်ယာဉ် ၃ စီး၊ ၈ ဘီးဆီသယ်ယာဉ် ၁ စီး၊ ၆ ဘီး ဆီသယ်ယာဉ် ၃ စီး၊ Light Truck ယာဉ် ၅ စီး၊ Toyota Van ၁ စီး၊ စုစုပေါင်းယာဉ် ၂၂ စီး၊ ပရီမီယမ်ဒီဇယ် ၃၀,၀၈၃ ဂါလန်၊ အောက်တိန်း 92 ဓာတ်ဆီ ၃၀,၄၆၂ ဂါလန်၊ စုစုပေါင်း စက်သုံးဆီမျိုးစုံ ၆၀,၅၄၅ ဂါလန်နှင့် တရားမဝင်စက်သုံးဆီများ အရောင်းအဝယ် ပြုလုပ်ရာ၌ အသုံးပြုသည့် ငွေများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ဆိုသည်။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများသို့ စက်သုံးဆီ ဖြန့်ဖြူးခြင်းကို ၂၀၂၄ အောက်တိုဘာလမှ စတင်ကန့်သတ်ထားပြီး မလိုက်နာပါက ဆိုင်အကြီးဆိုလျှင် သုံးလပိတ်ခြင်း၊ တင်သွင်းမှု ကန့်သတ်ခြင်း တို့ကို လတိုင်းပြုလုပ်လေ့ရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။
စက်သုံးဆီခွဲတမ်း (Purchase Order-PO) လုံးဝမပေးသည့်မြို့များမှာ ရခိုင်နှင့် ချင်းပြည်နယ်တခုလုံး၊ ရှမ်းမြောက်ဒေသ တခုလုံး၊ ကချင်ပြည်နယ်၌ မြစ်ကြီးနားမှလွဲ၍ ကျန်မြို့အားလုံး တင်သွင်းခွင့်ပိတ်ထားပြီး စစ်ကိုင်းတိုင်း ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်းတို့အပြင် မကွေးတိုင်း ပေါက်၊ မန္တလေးတိုင်း မိုးကုတ်၊ မြင်းခြံတို့ ပါဝင်ကြောင်း သိရသည်။
ယခု စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် စက်သုံးဆီ ရောင်းဝယ်သူ ၁၇ ဦးကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့သည် KIA ထိန်းချုပ်ရာ ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းရှိ ရွှေနှင့် ပယင်းမှော်လုပ်ငန်းများ၊ PDF များ ထိန်းချုပ်ရာ ကောလင်းရှိ ရွှေလုပ်ကွက်များနှင့် ချင်းတွင်းမြစ်ကြောင်း တလျှောက် ရွှေလုပ်ကွက်များ၊ TNLA ထိန်းချုပ်ရာ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းရှိ ရွှေလုပ်ငန်းများ၊ မိုးကုတ်ရှိ ကျောက်မျက် တူးဖော်ရေးလုပ်ကွက်များသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း စွပ်စွဲထားသည်။
ဒေါ်လာရှားပါးနေသည့် စစ်ကောင်စီသည် ယခင် တရုတ်နယ်စပ် ကန်ပိုက်တီနှင့် မူဆယ်ဘက်တို့မှ စက်သုံးဆီ တင်သွင်း သော်လည်း ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးကို KIA က ထိန်းချုပ်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ဖိအားပေးသည့်အနေဖြင့် ပိတ်ဆို့မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ထိုသို့ ဈေးကွက်ပိတ်ထားသောကြောင့် တနယ်နှင့်တနယ် ဖြန့်ဖြူးရောင်းချရာတွင် ကန့်သတ်ချက်များရှိလာပြီး မှောင်ခိုဈေး ကွက်ကြီး ဖြစ်လာကြောင်း၊ ယင်းသို့ဖြစ်ရန် စစ်ကောင်စီက လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နာမည်ကြီးဆီဆိုင်တခု၏ တာဝန်ရှိသူတဦးက ဧရာဝတီသို့ သုံးသပ်ပြောဆိုထားသည်။
You may also like these stories:
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်
စက်သုံးဆီ မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် ကတ်စနစ်ဖြင့် ရောင်းမည်
စစ်ကောင်စီက လုပ်ငန်းရှင်များအား ဒေါ်လာချမပေးဘဲ ငွေစိုက်၍ စက်သုံးဆီ ဝယ်ခိုင်းနေ