စစ်တပ်က ကော့ကရိတ်မြို့ အရှေ့ အာရှလမ်းမဘက်နှင့် မြို့တောင်ဘက်၊ မြောက်ဘက်ကို စစ်ကြောင်းထိုးနေစဉ် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တတန်ကူးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝင်တိုက်သဖြင့် ယနေ့ တိုက်ပွဲများ ပြင်းထန်နေသည်။
ကရင်စစ်ရေးသတင်းရင်းမြစ်တဦးက “အာရှလမ်းကို တိုက်ဖို့ စကစ ကလုပ်တာ သူတို့ရဲ့ နောက်တန်းခံစစ်စခန်း လုပ်ထား တဲ့ တတန်ကူး၊ ရွှေကြက်မင်းဘုန်းကြီးကျောင်းကို ဝိုင်းတိုက်တော့ စစ်ကြောင်းထွက်နေတဲ့ တပ်တွေက တတန်ကူးရွာဘက် ပြန်ဆုတ်ပြီးဖြစ်နေတော့ တိုက်ပွဲကြီးနေတာပေါ့” ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းတို့ အများအပြားသုံး နေသလို လေကြောင်းမှလည်း ပစ်ကူပေး ကြောင်း၊ ယခုတိုက်ပွဲဖြစ်သည့် တတန်ကူရွာသည် ကော့ကရိတ်မြို့အထွက် မြောက်ဘက်တွင်ရှိသော်လည်း စစ်ကောင်စီဘက်မှ အာရှလမ်းမ ကော့နွဲရွာ ဘက်ထိပါ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေကြောင်း ကော့ကရိတ်မြို့ခံတဦးကလည်း အတည်ပြုသည်။
၎င်းက “သူတို့က အာရှလမ်းမ ဘယ်ဘက်၊ ညာဘက် အဲဒီလိုဝိုင်းပတ်ပြီးတော့ အာရှလမ်းနားကို ကိုယ့်ဘက်က ကပ်လို့ မရအောင် လေယာဉ်နဲ့ပစ်တယ်၊ ဒရုန်းနဲ့ချတယ်၊ နောက် လက်နက်ကြီးကလည်း စကခ ၁၂ ကနေ အတွဲလိုက် ၅၀ တွဲကြီး တွေနဲ့ ပစ်လွှတ်တယ်” ဟု ဆိုသည်။
စစ်ရေးသတင်းရင်းမြစ်များ အဆိုအရ ကော့ကရိတ်မြို့အနီး တိုက်ပွဲများတွင် ဗိုလ်ကျော်သက် ဦးဆောင်သော ဗျူဟာ ၃၁၊ ဗိုလ်တာဘော ဦးဆောင်သော ဗျူဟာ ၃၂ တို့မှ KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းစစ်ကြောင်း ၁၀ ကြောင်းကျော်တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးကို ပြန်ထိန်းချုပ်ရန် ယမန်နှစ် ဧပြီလ ဒုတိယ အပတ်ကတည်းက နိုင်ငံတော်အဆင့် စစ်ဆင်ရေးဆိုကာ အောင်ဇေယျစစ်ကြောင်းဖြင့် အင်အားထောင်ချီ၍ စစ်ဆင်သော်လည်း ယခုတိုင် အာရှလမ်းပိုင်း တောနော်ရေတံခွန်တဝိုက်တွင်သာ ရှိနေသေးကြောင်း၊ ယခုနှစ်အစ အင်အားဖြည့်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒု တိုင်းမှူးကိုယ်တိုင် အနီးကပ်ကွပ်ကဲနေသော်လည်း တော်လှန်ရေးတပ်များက ကော့ကရိတ်မြို့အနီးရှိ ရွာများ ကို ထိန်းထားနိုင်ဆဲဖြစ်သလို အောင်ဇေယျစစ်ကြောင်းကို တားဆီးထားနိုင်ဆဲဖြစ်သည်။
ယခုအခါ စစ်ကောင်စီတပ်များသည် ကော့ကရိတ်မြို့ ဒေါနတောင် လမ်းဟောင်းရှိ ရန်ကုတ်ရွာ၊ တတန်ကူး၊ ဆင်ကုန်း၊ မိကသိမ်ကုန်း စသည့်နေရာများ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။
ကော့ကရိတ်မြို့တွင် အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာချုပ်ရှိပြီး ခြေလျင်၊ ခြေမြန်တပ်ရင်းများ ရှိရာ ကော့ကရိတ်၌ တပ်ရင်း ၅ရင်း၊ ကော့ကရိတ်အနီး ကျုံဒိုးမြို့တွင် တပ်ရင်း ၂ ရင်းနှင့် မြဝတီအနီး သင်္ကန်းညီနောင်၌ တပ်ရင်း ၃ ရင်းတို့ ရှိကြောင်း သင်္ကန်းညီနောင်ရှိ တပ်ရင်းများကိုမူ တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။
ကော့ကရိတ်ရှိ စစ်ကောင်စီတပ်များက မြို့အနီးကျေးရွာများဘက်သို့ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေသလို စစ်ကြောင်းထိုး လှုပ်ရှားမှုများကြောင့်လည်း ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်ဟု ကော့ကရိတ်မြို့ခံတဦးက ပြောသည်။
You may also like these stories:
စွယ်တော်ကုန်းသိမ်းပြီးတော့ ကရင်ပြည် ဘာထူးလဲ
စစ်ကောင်စီတပ်သားများ ကော့ကရိတ်ရှိ ဖူ့ချိမူစခန်းအား စွန့်ခွာထွက်ပြေး
အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်
အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်














