ရှမ်း- ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက ဧပြီလ နောက်ဆုံး ပတ်အတွင်း ဝေဟင်၊ မြေပြင်တို့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရှေ့ကာကင်းစခန်းတချို့ ဆုတ်ခွာပေးလိုက်ရသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ မိုးဗြဲမြို့ကို လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်း သိရသည်။
မိုးဗြဲမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ ခမရ ၄၂၂ တပ်ရင်းဌာနချုပ်၌ အင်အားများဖြည့်တင်း၍ မြို့အား ပြန်လည် ထိန်း ချုပ်နိုင်ရန် အကြိမ်ကြိမ် ထိုးစစ်ဆင်နေသော စစ်ကောင်စီသည် ဧပြီ ၂၇ ရက်တွင် မြေပြင်အင်အား ၁၀၀ ခန့်ဖြင့် တကြိမ်၊ ဧပြီ ၂၈ ရက်တွင် မြေပြင်အင်အား ၃၀၀ ဝန်းကျင်တို့ဖြင့် ၂ ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ရှမ်း တောင် စစ်ဒေသခွဲ PDF ဗျူဟာအမှတ် ၁ က သတင်း ထုတ်ပြန်သည်။
ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ကိုလင်းလင်းအောင်က “ရှေ့ကာကင်း နှစ်ခုတော့ ပေးလိုက်ရပေမယ့် မိုးဗြဲကို လက်ရှိ ကျနော်တို့ကာကွယ်ရေးတပ်ပဲ ထိန်းချုပ်တုန်းပါ” ဟု ပြောသည်။
မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူ၊ မြေပြင်အင်အားအများပြားအပြင် ဖယ်ခုံ၊ လွိုင်ကော်၊ လွိုင် လင်လေး စသည့် အမြောက်တပ်များမှ ၁၂၀၊ ၁၂၂ လက်နက်ကြီးများဖြင့် အလုံးရေရာချီပစ်ကူပေးနေသလို ဒရုန်းများ ဖြင့် တောက်လျောက် ပစ်ကူတိုက်ခိုက်နေသောကြောင့် ခမရ ၄၂၂ အနီးရှိ ရှေ့ကာကင်းစခန်းများကို ပူးပေါင်းတပ်များက လက်လွှတ်ခဲ့ရသည်။
မိုးဗြဲတိုက်ပွဲတွင် ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် ကယန်းအမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူ ကိုဆောင်ဒူက “အလုံးအရင်းနဲ့ ထိုးနေတာတော့ ကြာနေပြီ။ ဒါပေမယ့် ဒီရက်ပိုင်း ပိုပြီးတော့ဆိုးလာတယ်။ သူတို့ဘက်က အင်အား အလုံးအရင်းအပြင် လေယာဥ်ရော၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေနဲ့ ကြီးကြီးမားမား သုံးတယ်။ ဒါပေမယ့် အင်အား စုတွေ အသီးသီးအနေနဲ့ကတော့ တောင့်ခံနေဆဲပဲ။ ဒါပေမယ့် ကင်းပေါက်နေရာ နှစ်ခုလောက်တော့ ကျနော်တို့ ပြန်ပေး လိုက်ရတယ်” ဟု ပြောသည်။
ကရင်နီပြည်နယ်အတွင်းကို ရှမ်းပြည်နယ် တောင်ပိုင်းမှ အဓိက ဝင်ပေါက်ဖြစ်သည့် ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော် ပြည် ထောင်စုလမ်းမကြီးကို စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ထိုလမ်းမကြီးပေါ် ရှိ အဓိကကျသော မိုးဗြဲ မြို့ကို ပြန်လည်စိုးမိုးနိုင်ရန် ပြီးခဲ့သော ဒီဇင်ဘာလကတည်းက အင်အားဖြည့်တင်း၍ အကြိမ်ကြိမ် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သော ၁၁၁၁ လေးလုံး စစ်ဆင်ရေး ၂ လအတွင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များ မိုးဗြဲမြို့နေရာအများပြားအား သိမ်းပိုက်ထိန်းချုပ်နိုင်သလို နောက်ဆုံးကျန်ရှိသည့် ခမရ ၄၂၂ တပ်ရင်း ဌာနချုပ်မှ ပင်မစခန်းနေရာတခုကို ဆက်လက်ထိုးစစ်ဆင်ရာ ခဲယမ်းအခက်အခက်များကြောင့် အပြီးသတ်သိမ်းပိုက် လိုက်နိုင်ခြင်း မရှိပေ။
ထိုနောက် စစ်ကောင်စီသည် ဆုံးရှုံးမြို့များနှင့် စခန်းများအား ၂၀၂၄ ဇွန်လမှစ၍ အင်အားအလုံးအရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ ကရင်နီပြည်နယ်ထဲသို့ အဓိက ဝင်ပေါက် ၂ ခုအနက် ဆီဆိုင်- လွိုင်ကော်လမ်းကြောင်းနှင့် လွိုင်ကော် မြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို ကျန်အဓိက ဝင်ပေါက်တခုဖြစ်သည့် ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော်လမ်းကြောင်းကို ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်ခဲ့ကာ ပြီးခဲ့သော နိုဝင်ဘာလ၌ ဖယ်ခုံမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်း ဌာနချုပ်သို့ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်မှုထမ်းတပ်သားသစ်များ ဖြင့် အင်အားထောင်ချီဖြည့်၍ လက်ရှိအချိန်ထိ အကြိမ်ကြိမ်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ကိုလင်းလင်းအောင်က “မိုးဗြဲကို သူတို့ဘာကြောင့် အဲဒီလောက် အသည်းအသန်လိုချင်နေလဲဆိုတာ မိုးဗြဲကိုပြန်ထိန်း ချုပ်နိုင်မယ်ဆိုရင် လွိုင်ကော်ကို အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် သွားလို့ရသွားမယ်။ နောက်ပြီး စစ်ကောင်စီ က သူတို့ ပြုလုပ်ချင်တဲ့ရွေးကောက်ပွဲကို လုပ်လို့ရသွားမယ်။ အဲဒါကြောင့် သူတို့က မြေပြင်အင်အားတွေရော လက် နက်ကြီးတွေရာ၊ လေယာဥ်တွေရာ တောက်လျောက်သုံးပြီး တိုက်ခိုက်နေတာ” ဟု ပြောသည်။
ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော် လမ်းကြောင်းသည် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများ၊ စစ်ရှောင်များအား ရိက္ခာထောက်ပံ့ရေး၊ နယ်မြေလုံခြုံရေးတို့အတွက်လည်း အရေးပါသော လမ်းကြောင်းတခုဖြစ်သည်ဟု ဒေသခံများ၊ စစ်ရှောင်ကူညီနေသူများနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပြောဆိုသည်။
You may also like these stories:
ဗန်းမော်စစ်မျက်နှာ၌ တိုက်ပွဲများပြန် ပြင်းထန်လာ
စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်
ကော့ကရိတ်ကို စစ်ကောင်စီ ဗုံးကြဲပြန်